Healthy Life Ad
Q & A

ပဋိဇီဝပိုးသတ်ဆေးမှီဝဲတာများရင် သွေးကင်ဆာ ဖြစ်တတ်သလား . . .

မေး ။ ကျွန်တော်က အသက်ကြီးသူ တစ်ဦး ဖြစ်ပြီး Antibiotics ဆေးကို ဒုတိယအကြိမ် မှီဝဲနေရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Antibiotics ဆေး မှီဝဲတာ များသွားရင် သွေးအားနည်းပြီး လူနုံးတတ်တယ်ဆိုတာ မှန်ပါသလား။ အဲဒီလို ဖြစ်ခဲ့ရင် ရှေ့ဆက်ပြီး ဘာဖြစ်နိုင်ပါသလဲ၊ သွေးကင်ဆာအဖြစ် ပြောင်းလဲဖြစ်တတ် ပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ပဋိဇီဝပိုးသတ်ဆေးက အမျိုးမျိုးရှိပါတယ်။ မေးခွန်းမှာ ဘယ်အမျိုးအစားကို သောက်နေတယ်ဆိုတာ မဖော်ပြထားသလို ဘယ်လောက်ကြာကြာ သောက်နေသလဲဆိုတာလည်း မပါဘူး။ နောက်တစ်ခုက ဆရာဝန် ညွှန်ကြားချက်နဲ့အညီ သောက်နေတာလား၊ မိမိသဘောနဲ့ မိမိ သောက်နေတာလား ဆိုတာလည်း မဖော်ပြ ထားပါဘူး။ ဒီမေးခွန်းအတိုင်း ဖြေမယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေဆိုတာ ဆရာဝန်ရဲ့ ညွှန်ကြားချက် အတိုင်းပဲ သောက်သင့်ပါတယ်။ မကြာခဏ သောက်ရတဲ့ သူတွေရှိပါတယ်။ ဥပမာ နာတာရှည်အဆုတ်ပွတဲ့ လူနာတွေမှာ အဆုတ်ပိုးဝင်ရင် မကြာခဏ သောက်ရတတ်ပါတယ်။ ဒါတောင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အညီပဲ သောက်ရတာ ဖြစ်ပါတယ်။ ဒီလို သောက်သုံးရင် သွေးကင်ဆာ မဖြစ်နိုင်ပါဘူး။

တချို့ပိုးသတ်ဆေး(ဥပမာ-Chloramphenicol ) တွေကို ဓာတ်မတည့်တဲ့သူတွေမှာ ရိုးတွင်းခြင်ဆီကိုထိခိုက်ပြီး သွေးနီဥအားနည်းတာမျိုး ဖြစ်တတ်ပါတယ်။ သွေးကင်ဆာ ဖြစ်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top