Healthy Life Ad
Health Tips

အကျိုးပြုဘတ်တီးရီးယားက ကိုယ်တွင်းအင်္ဂါများကိုသာမက စိတ်ခံစားချက်ကိုပါ ကောင်းမွန်စေနိုင်

———၊ ကိုထက် ၊———

အကျိုးပြုဘတ်တီးရီးယားတွေနဲ့ ဒိန်ချဉ်က အစာအိမ်နဲ့အူလမ်းကြောင်းကို များစွာကောင်းမွန်တဲ့ အထောက်အကူပြုစေရုံသာမက လေ့လာမှုအသစ်တွေအရ စိတ်ခံစားချက်ကိုပါ အကျိုးသက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။

ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်တွေအရ အစာအိမ်၊ အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ဟာ သီးသန့်ဆက်စပ်နေတဲ့ လမ်းကြောင်းရှိတယ်လို့ ဆိုပါတယ်။ ထိုဦးနှောက်နဲ့ အူတွေရဲ့ သီးသန့်ဝင်ရိုးပေါ်မှ အာရုံကြောစနစ်နဲ့ အစာခြေစနစ်တို့ဟာ ဇီဝအချက်ပြစနစ်တစ်မျိုးနဲ့ ဆက်သွယ်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဦးနှောက်က စိတ်ဖိစီးမှု အလွန်များတဲ့အခါ၊ အလွန်အမင်းကြောက်လန့်တဲ့ အခါတွေမှာ ဗိုက်အောင့်တာ၊ ဗိုက်နာတာ စတဲ့ အူလမ်းကြောင်းဝေဒနာတွေ ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။ ဦးနှောက်နဲ့ အူလမ်းကြောင်းတို့ အဓိကဆက်သွယ်နေတဲ့ အာရုံကြောဟာ ခန္ဓာကိုယ်အတွင်းမှာ အရှည်ဆုံးအာရုံကြောလည်း ဖြစ်တယ်လို့ သိရပါတယ်။

အူလမ်းကြောင်းဟာ အာရုံခံခြင်းဆိုင်ရာ အချက်အလက်တွေကို ဦးနှောက်လောက်နီးပါး ထုတ်လွှတ်နိုင်တာကြောင့် ခန္ဓာကိုယ်ရဲ ့ ဒုတိယဦးနှောက်အဖြစ် သတ်မှတ်လို့ရတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် နေ့စဉ်လှုပ်ရှားသွားလာဖို့ ပုံမှန်စိတ်ခွန်အားတွေ ဖြစ်နေစေမယ့် ဆီရိုတိုနင်ဓာတ်၊ ဒိုပါမင်ဓာတ်တွေ ထွက်ပေါ်လာစေဖို့ အူလမ်းကြောင်းက လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆီရိုတိုနင်ဓာတ်ရဲ ့ ၉၀ ရာခိုင်နှုန်းဟာ အစာခြေစနစ်မှ ရရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဟာ ဦးနှောက်ကို ပြန်လည်အကျိုးသက်ရောက်စေပြီး စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်တွေကို လျော့ကျစေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အယ်လ်ဇိုင်းမားသတိမေ့ဝေဒနာ ခံစားနေရတဲ့ လူနာတချို့ကို အကျိုးပြုဘက်တီးရီးယားလေးမျိုး ရောစပ်ထားတဲ့ နွားနို့ကိုနေ့စဉ်တိုက်ပြီး တချို့ကို သာမန်နွားနို့သာ တိုက်ခဲ့ပါတယ်။ ၃ လကြာပြီးနောက် စစ်ဆေးချက်တွေအရ အကျိုးပြုဘတ်တီးရီးယားပါတဲ့ နွားနို့သောက်သုံးတဲ့ အယ်လ်ဇိုင်းမားဝေဒနာရှင်တွေက များစွာပိုမိုကောင်းမွန်လာတာကို တွေ့ရတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရလည်း စိတ်ခံစားချက် ပြင်းထန်ပြီး ဒေါသထွက်လွယ်တဲ့ အမျိုးသမီးတစ်ဦးကို အကျိုးပြုဘတ်တီးရီးယား ရောစပ်ထားတဲ့ ဒိန်ချဉ်ကို တစ်နေ့နှစ်ကြိမ် သောက်သုံးစေခဲ့ပြီးနောက် ၁ လခန့်အကြာမှာ ဒေါသထိန်းချုပ်နိုင်စွမ်း သိသိသာသာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။

ဦးနှောက်နဲ့ အူလမ်းကြောင်း သီးသန့်ဆက်သွယ်နေတဲ့ ဝင်ရိုးအကြောင်းကို ဆက်လက်လေ့လာသွားမှာဖြစ်ပြီး ပိုမိုတိကျတဲ့ ရလဒ်တွေရရှိလာပါက ခန္ဓာကိုယ်ကျန်းမာရေးကိုသာမက စိတ်ခံစားချက်တွေကိုပါ ကောင်းမွန်လာစေဖို့ များစွာအထောက်အကူ ဖြစ်လာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(Ref;harvard)

Most Popular

Healthy Life Ad
To Top