Healthy Life Ad
Health Tips

အူအတက်ရောင်တာ မခွဲဘဲရသလား (Appendicitis treatment with Antibiotics)

——-၊ ဒေါက်တာတင့်ဆွေ ၊——-

သမီးက (—)မြို့မှာ နေပါတယ်။ အသက်က (၂၅) နှစ်၊ အိမ်ထောင်မရှိပါ။ ဒီရက်ပိုင်း ဗိုက်အောင့်ပါတယ်။ ၄ ရက်လောက်တော့ ရှိပါပြီ။ ပထမစအောင့်တဲ့ရက်က ရင်ညွန့်က အောင့်တာပါ။ နီးစပ်ရာဆရာဝန်နဲ့ ပြကြည့်ပါတယ်။ လေထိုးလို့အောင့်တာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သန်ထိုးလို့အောင့်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး လေဆေး Karamil S နဲ့ တခြားဆေးတိုက်ပါတယ်။ ညအိပ်ခါနီးရင် စားဖို့ပြောတာကတော့ သန်ချဆေးပါ။ အဲဒီဆေးသောက်ပြီး နောက်ရက်မှာ ဗိုက်အောင့်တာက နည်းနည်းသက်သာပါတယ်။ နောက်နေ့ကျတော့ ပြန်အောင့်ပါတယ်။ ဆေးခန်းပြန်သွားတော့ သမီးရဲ့ဗိုက်ကိုနှိပ်ပြီး စမ်းသပ်ပါတယ်။ ဗိုက်ညာဘက်အခြမ်းကို ဖိနှိပ်လိုက်ရင် ဝမ်းဗိုက်ရဲ့အလယ်က ထိုးပြီးအောင့်ပါတယ်။ ညာဘက်အခြမ်းကလည်း အောင့်ပါတယ်။ အဆိုးဆုံးကတော့ အလယ်ကအောင့်ပါတယ်။ အဲဒါနဲ့ ဆရာဝန်က အူအတက်ရောင်တဲ့ ပုံစံဖြစ်တယ်လို့ပြောပါတယ်။ နောက်ထပ် ခွဲစိတ်ဆရာဝန်နဲ့ ပြောင်းပြီးပြဖို့ ပြောပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ ပြကြည့်တော့ Ultrasound ရိုက်လိုက်ပါတယ်။ အူအတက်ရောင်ပါတယ်တဲ့။ အခြေအနေဆိုးတဲ့အဆင့်တော့ မဟုတ်ဘူးလို့ပြောတယ်။ အူအတက်က ဖြတ်ထုတ်လိုက်တာ ပိုကောင်းပါတယ်ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေလည်း ရှိနေလို့ ဆရာ့ကိုအကူအညီတောင်းရတာပါ။

အူအတက်ရောင်တယ်ဆိုတာ အဆင့်အမျိုးမျိုးရှိတယ်။

ပဌမတမျိုး Acute Appendicitis
ရုတ်တရက်ရောင်ခြင်း

ချက်ချင်းဗိုက်နာမယ်၊ နာတာကလည်း မခံမရပ်နိုင်အောင်နာမယ်၊ နာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ညာဘက်ထောင့်နေရာမှာ တိတိကျကျနာမယ်။ လမ်းလျှောက်ရင် ခါးမတ်ပြီးမလျှောက်နိုင်ဘူး။

ဆရာဝန်က (၁) အူအတက်ရှိတဲ့ သတ်သတ်မှတ်မှတ်နေရာကိုဖိရင် လူနာမှာပိုနာလာတယ်။ (၂) အူအတက်ရှိရာ နာတဲ့နေရာအောက်တည့်တည့်ကို ဖိထားရင်း ဆတ်ကနဲ ဖိထားတဲ့လက်ကို လွှတ်လိုက်တဲ့အခါ တချက်ထပ်နာလိမ့်မယ်။ (၃) ဗိုက်အောက်ပိုင်း ဘယ်ဘက် (ပြောင်းပြန်နေရာ)ကိုဖိပြီး ညာဘက်ဆီ တွန်းကြည့်ရင် အူအတက်ရှိတဲ့နေရာမှာ နာလာမယ်။

အဖျားနည်းနည်းကနေ များများအထိတက်နေမယ်။ တချို့အန်မယ်။

အထဲမှာ အူအတက်က ရောင်နေလိမ့်မယ်။ ရောင်တယ်ဆိုတာဖောင်းနေမယ်၊ နီနေမယ်။ မန်းရည်လေးတွေ ထွက်လာနေမယ်။

ဒီအဆင့်တွေ့ရင် ချက်ချင်း နေ့နေ့ညည ခွဲစိတ်ကုသရမယ်။

“သုတေသနကို ချုပ်ကြည့်ရင် အနည်းငယ်နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ခွဲစိတ်ဖို့ မလုပ်ချင်သူ၊ အခွဲမခံနိုင်သူ၊ ခွဲမပေးနိုင်တဲ့နေရာဆိုရင် ပိုးသေဆေးပေးတာဟာ ကျေနပ်စရာနည်းဖြစ်တယ်။”

ဒုတိယတမျိုး Appendiceal abscess
အူအတက် ပြည်တည်ခြင်း

မခွဲဘဲနေရင် ပိုဆိုးလာနိုင်တယ်။

အူအတက်က ရောင်ရာကနေ ပြည်တည်လာမယ်။

အူအတက် ဗိုက်ထဲမှာ ပေါက်ထွက်လို့ အရေးပေါ်ခွဲစိတ်ကုသရမယ်။

တတိယတမျိုး Chronic Appendicitis or Appedicular lump
ရက်ရှည် ဒါမှမဟုတ် အစိုင်အခဲဖြစ်ခြင်း

တကယ်လို့ ပြည်မတည်ဘဲ၊ ဆေးတွေဘာတွေသောက်လို့၊ ပိုးကလည်း အပြင်းစားမဟုတ်လို့၊ လူနာကလဲ ကိုယ်ခံကျန်းမာရေးကောင်းလို့ဆိုရင် သက်သာလာမယ်။ ဒါပေမဲ့ စိတ်မချရသေးဘူး။

ဆရာဝန်ကနေ စောစာကအတိုင်း စမ်းသပ်ရင် သိပ်ကြီးမနာဘူး။ ဒါပေမဲ့ အူအတက်ရှိရာမှာ အစိုင်အခဲလိုစမ်းတွေ့မယ်။ သူ့ကိုဖိကြည့်ရင်တော့ နာပေမယ့် သိပ်အနာကြီးမဟုတ်ဘူး။ အဖျားလည်းကျနေနိုင်တယ်။

ဒီအဆင့်တွေ့ရင် မခွဲသေးဘဲ ဆေးပေးမယ်။ ၃ လလောက်နေရင် အေးအေးဆေးဆေး ခွဲစိတ်ထုတ်ပြစ်ရမယ်။

နောက်ပြီးနေရာကတော့ အူအတက်ဖြစ်ပေမယ့် တခြားအင်္ဂါတွေမှာ ရောဂါရတာလည်းဖြစ်တယ်။ ဥပမာ အမျိုးသမီးဆိုရင် သားအိမ်ညာဘက်ပြွန်ရောင်တာ၊ သံကောင်၊ အူမကြီးရောင်တာ၊ အူထဲကို အူတိုးဝင်တာ၊ တခြားရှာပါးတာတွေ ဖြစ်နိုင်တယ်။

အူအတက်ရောင်တာ ဘာဆက်ဖြစ်နိုင်သလဲ
(Complications of appendicitis)

အများဆုံးဖြစ်နိုင်တာက Perforation ပေါက်ထွက်တာပါ။ အူအတက်ရောင်လို့ စပြီးနာတဲ့နောက် ၃၆ နာရီအကြာမှာ လူနာ ၁၅% က ပေါက်ထွက်နိုင်တယ်။

Peri-appendiceal abscess ပြည်တည်နာ ဖြစ်နိုင်တယ်။

Diffuse peritonitis ဗိုက်အတွင်းဖုံးအလွှာ ရောင်နိုင်တယ်။

အဖြစ်နည်းတဲ့ နောက်ဆက်တွဲရောဂါကတော့ Obstruction of the intestine အူပိတ်ဆို့တာ ဖြစ်တယ်။

ကြောက်စရာကောင်းတာက Sepsis ရောဂါပိုးတွေ သွေးထဲရောက်တာဖြစ်တယ်။

ဆွီဒင် သုတေသနတခုအရ –

အသက် ၁၅-၅၀ နှစ်အရွယ် ယောကျာ်း ၂၅၂ ယောက်ကို လေ့လာထားတယ်။ ရောင်တယ်၊ နာတယ်ဆိုသူတွေကိုသာ လေ့လာတာဖြစ်တယ်။ ပေါက်ထွက်သူမပါဘူး။ ပိုးသေဆေးကို အကြောထဲ ၂ ရက်သွင်းပေးပြီး ပါးစပ်ကနေ ၁၀ ရက်ဆက်သောက်စေတယ်။ ၂၄ နာရီအတွင်း ဆေးကနေမနိုင်ရင် ခွဲစိတ်ရတယ်။

အနည်းငယ်နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ပဋိဇီဝဆေးပေးရင် ပေါက်ထွက်သွားတာနည်းတယ်။ ဘယ် % က မခွဲဘဲနေလို့ရသလဲပြောဖို့ခက်တယ်။ ပြန်ဖြစ်-မဖြစ်လဲ ပြောမရဘူး။
၁၅ ယောက် (၁၂%) ဟာ ဆေးပေးနည်းတခုထဲနဲ့မရဘူး။ ခွဲစိတ်ပေးလိုက်ရတယ်။

ခွဲတော့ ၅% က ပေါက်ထွက်တဲ့အဆင့်ရှိနေတာ တွေ့ရတယ်။ ဒါ့ကြောင့် ၂၄ နာရီစောင့်တာ ပိုမဆိုးဘူး။

၈၈% က မခွဲရဘဲသက်သာကြတယ်။ ဒါကြောင့် အနည်းငယ်နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ဆေးပေးကုသတာ ထိရောက်မှုကောင်းတယ်။ နောက် ၅ နှစ်ကြာတော့ ၂၄% ဟာ ပြန်ဖြစ်တယ်။ တနှစ်အတွင်းဖြစ်ကြသူက ပိုများတယ်။ ပြန်ဖြစ်သူတွေကို ခွဲစိတ်ကုသရမယ်။

သုတေသနကို ချုပ်ကြည့်ရင် အနည်းငယ်နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ခွဲစိတ်ဖို့မလုပ်ချင်သူ၊ အခွဲမခံနိုင်သူ၊ ခွဲမပေးနိုင်တဲ့နေရာဆိုရင် ပိုးသေဆေးပေးတာဟာ ကျေနပ်စရာနည်းဖြစ်တယ်။

World Journal Surgery မှာ ၂၇-၉-၂၀ဝ၆ နေ့က ထုတ်ပြန်ရေးသားချက်ဖြစ်ပါတယ်။ (ယောကျာ်း-မိန်းမ ဒီရောဂါမှာ ကွာစရာမရှိပါ။)

ပြင်သစ်သုတေသနတခုအရ –

ပဋိဇီဝဆေး ၂မျိုးတွဲ (Amoxicillin + Clavulanic acid) ပေးတာဟာ Uncomplicated acute appendicitis ပြဿနာမကြီးတဲ့ အူအတက်ရောင်ရောဂါအတွက် ကောင်းတယ်။

ပြင်သစ်ဆေးတက္ကသိုလ်-ဆေးရုံ ၆ ခုက အသက် ၁၈ နှစ်အထက် လူနာ ၂၄၃ ယောက်ကို စမ်းသပ်တာဖြစ်တယ်။

လူနာတဝက်ကို Amoxicillin + Clavulanic acid (3 g/day) ၈ ရက်ပေးတယ်။ ကျန်တဲ့တဝက်ကို Emergency appendicectomy အရေးပေါ်ခွဲစိတ်မှုလုပ်ပေးတယ်။ ဆေးကုနည်းတွေလုပ်ပြီးနောက် ရက် ၃၀ အကြာမှာ Peritonitis ဗိုက်အတွင်းလွှာရောင်သလား၊ မရောင်ဘူးလား၊ ဆန်းစစ်တယ်။

ဆေးချည်းပေးထားသူထဲက ၈% မှာ ဗိုက်အတွင်းလွှာရောင်ပြီး ခွဲစိတ်ပေးသူထဲက ၂% မှာ ဗိုက်အတွင်းလွှာရောင်တယ်။

ခွဲစိတ်ပေးသူတွေထဲက ၁၈% မှာ စောစာက CT-scan assessment လုပ်ထားပေမဲ့ မထင်မှတ်ဘဲ ရှုပ်ထွေးတဲ့ အူအတက်ရောင်တာနဲ့ ဗိုက်အတွင်းလွှာရောင်တာပါ တွေ့ရတယ်။

ဆေးချည်းပေးထားသူတွေထဲက ၁၂% ကို ခွဲစိတ်ပေးလိုက်ရတယ်။

မခွဲရသေးသူထဲက ၂၆% မှာ တလနဲ့တနှစ်အတွင်း ပြန်ဖြစ်ကြတယ်။

သုတေသနကို ချုပ်ကြည့်ရင် Acute uncomplicated appendicitis ချက်ချင်းဖြစ်၊ ပြဿနာလည်းမပါ၊ အူအတက်ရောင်တာအတွက် Emergency appendicectomy အရေးပေါ်ခွဲစိတ်ကုသခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

၅-၅-၂၀၁၁ Lancet မှာ ထုတ်ပြန်ရေးသားချက် ဖြစ်ပါတယ်။

မေးတဲ့သူဟာ ဆရာရေးပြတဲ့အထဲက ဘာနဲ့အနီးစပ်ဆုံးလဲ။ (အာလ်ထွာဆောင်း) ရိုက်ထားပြီးမို့ အူအတက်တစ်ခုထဲကိုသာ အာရုံစိုက်တော့မယ်။ ဒါပေမဲ့ ဘယ်အဆင့်လဲ။ အဖျားနဲ့အနာကိုကြည့်ရင် မှန်းလို့ရတယ်။ ၄ ရက်အထိနေနိုင်ရင် အူအတက်ပေါက်ထွက်တာ ပြည်တည်နေတာ မဟုတ်နိုင်တော့ဘူး။ ဆရာတော့ လူနာကို မစမ်းရပေမဲ့ ဒုတိယအမျိုးနဲ့ တတိယအမျိုးကို သံသယရှိတယ်။

အကြံပေးရရင် ပဋိဇီဝဆေးထိုးရမယ်။ သောက်ရင်လည်းရတယ်။ အစားအသောက် လုံးဝဆင်ခြင်ပါ။ အမာမစားရ။ ထမင်း-ခေါက်ဆွဲ မစားရ။ ရေ-အရည်ကိုသာသောက်ပြီး D/ W + D/S (ဒရစ်) သွင်းရမယ်။ တနေ့ ၃-၄ လုံးသွင်းရမယ်။ ဆေးမဟုတ်ပါ။ ပါးစပ်ကမစားရလို့ အားနည်းတာ ကာမိဖို့သာဖြစ်တယ်။ သက်သာလာမှ ဆန်ပြုတ် စတာမျိုးသောက်ရမယ်။

ဝမ်းနုတ်ဆေးမသောက်ရ။ မသက်သာရင် ခွဲသာခွဲပါ။

Most Popular

Healthy Life Ad
To Top