Healthy Life Ad
Life Style

ရင်သားကင်ဆာကုသအောင်မြင်ပြီး ပရဟိတအလုပ်တွေကို တတ်အားသရွေ့ လုပ်ဆောင်နေတဲ့ ဒေါ်နီနီလွင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၂ အစပိုင်း အသက် ၄၄ နှစ်အရွယ်၌ ဒေါ်နီနီလွင်၏ညာဘက်ရင်သားတွင် အကျိတ်တစ်ခု စတင် စမ်းမိခဲ့သည်။
“စစချင်း ကျွန်မ ညာဘက်ရင်သားမှာ အကျိတ်ရှိတာကို သိခဲ့တယ်။ အကျိတ်က ကြီးကြီးလာတော့ သူငယ်ချင်းတစ်ယောက်ကို ပြောပြတယ်။ သူက ‘နင်ဝလို့ နေမှာပါ၊ အဆီကျိတ်ပဲ ဖြစ်မှာပါ’ ဆိုတော့ ကျွန်မ ခပ်ပေါ့ပေါ့ပဲ နေလိုက်တယ်။ အကျိတ်က သိသိသာသာ လောက်စာလုံးလောက် ကြီးလာတဲ့အခါကျတော့ နောက်သူငယ်ချင်းတစ်ယောက်ကို ပြောပြတယ်။ သူက နာလားမေးတော့ ‘မနာဘူး၊ အကျိတ်က မာတောင့်နေတာပဲ’လို့ ဖြေတော့ သူက ‘ဒါဆို စိုးရိမ်ရတယ်။ ရင်သားကင်ဆာ ဖြစ်နေဦးမယ်’လို့ သတိပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ ဂျာနယ် တစ်ခုထဲက ဒေါက်တာစိုးလွင်ရဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရင်သားကင်ဆာ လက္ခဏာတွေဆိုပြီး ရင်သားပုံပေါ်မှာ အကျိတ်ဖြစ်တတ်တဲ့ နေရာလေးတွေ ပြထားတယ်။ ဖြစ်ချင်တော့ ကျွန်မရဲ့ အကျိတ်က သူပြထားတဲ့ ပုံထဲမှာ ပါနေတယ်”ဟု ဒေါ်နီနီလွင်က သူ၏ ရင်သားကင်ဆာခရီးလမ်းအစကို ပြန်ပြောင်း ပြောပြခဲ့သည်။

ရင်သားအကျိတ်က ကင်ဆာဖြစ်လေမလားဆိုသော စိုးရိမ်စိတ်ဖြင့် နေထိုင်သည့် ကျောက်မဲမြို့မှ မန္တလေးသို့ ချက်ချင်းသွားပြီး ငြိမ်းအထူးကုဆေးခန်းတွင် ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးနှင့် ပြသခဲ့ရာ ရင် သားအကျိတ်အသားစယူစစ်ဆေးခဲ့ပြီးနောက် “ကင်ဆာ”ဟူသော အဖြေထွက်လာခဲ့သည်။
“အဖြေသိသိချင်း နည်းနည်းတော့ လန့်သွားပါတယ်။ စိတ်ဓာတ်လည်း ကျသွားပါတယ်။ မျက်ရည်လည်း တောက်လျှောက် ပိုးပိုးပေါက်ပေါက်ကျမိတယ်”ဟု ဒေါ်နီနီလွင်က ဆိုသည်။
မောင်နှမခုနစ်ယောက်ရှိပြီး အပျိုကြီးဖြစ်သူ ဒေါ်နီနီလွင်သည် စင်ကာပူတွင် နေထိုင်သည့် အစ်ကိုဖြစ်သူနှင့် တိုင်ပင်ခဲ့ရာ စင်ကာပူသို့ လာရောက်ကုသရန် အစ်ကိုက အကြံပြုခဲ့သည်။ ထိုအချိန်တွင် ဒေါ်နီနီလွင် စိတ်ဓာတ်ကျနေသော်လည်း စိတ်ခွန်အား ပြန်လည်တည်ဆောက်ပြီး စင်ကာပူတွင် ဆေးကုသမှုခံယူရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်မတို့က မချမ်းသာဘူး၊ လက်လုပ်လက်စားပဲ။ ဒါပေမဲ့ ဆေးဖိုးအတွက် အခက်အခဲတော့ မရှိပါဘူး။ ဒီတော့ ဆရာဝန်ညွှန်တဲ့အတိုင်း ဆေးကုလိုက်တာ အကောင်းဆုံးပဲလို့ တွေးမိတယ်။ ရင်သား ဖြတ်ရမယ်ဆိုတော့လည်း စိတ်မညစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရင်သားတစ်ဖက်ကို နှမျောနေရင် အသက်ထိခိုက်မှာပေါ့ဆိုပြီး တွေးလိုက်တယ်။ ပြီးတော့ လှူချင်၊ တန်းချင်၊ ပရဟိတလုပ်ချင်စိတ်လည်း ရှိတယ်။ အဲဒီအတွက် ဆေးကုပြီးရင် အလုပ်တွေ ဆက်လုပ်မယ်၊ တတ်နိုင်သမျှလှူမယ်လို့ တွေးလိုက်တယ်။ နောက်ဆံတင်းစရာလည်း မရှိတော့ ကိုယ့်ကျန်းမာရေးအတွက်ပဲ ဂရုစိုက်မယ်ဆိုပြီး စိတ်တင်းနိုင်သွားတယ်”ဟု ဒေါ်နီနီလွင်က ဆိုသည်။

စင်ကာပူနိုင်ငံရှိ စင်ကာပူအထွေထွေဆေးရုံကြီးတွင် သွားရောက်ကုသခဲ့ရာ အသားစယူခြင်းကို နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ကင်ဆာအဆင့် (၂)ဟု သိခဲ့ရသည်။
“ဆေးရုံက ကင်ဆာသေချာပြီဆိုမှ ခွဲစိတ်ဖို့ကို ဆုံးဖြတ်ပါတယ်။ ရင်သားကို ဖြတ်ပစ်မယ်၊ သူပြောတဲ့ ဆေးကို သောက်မယ်၊ သူပြောတဲ့ ဆေးအတိုင်းသွင်းမယ်ဆိုရင် ဒီရောဂါကြောင့် မသေစေရဘူးလို့ သူတို့က လုံးဝ အာမခံတယ်။ အဲဒါနဲ့ ဖြစ်တဲ့ ညာဘက်ရင်သားကို ခွဲစိတ်ဖယ်ထုတ်လိုက်တယ်။ ထုတ်ပြီး တစ်လပြည့်တဲ့နေ့မှာ ကင်ဆာဆေးစသွင်းတယ်။
ရင်သားဖြတ်ထုတ်တဲ့အချိန်မှာ စိတ်ကို ပိုင်းဖြတ်ထားပြီးသား။ ဒါပေမဲ့ ဆေးသွင်းတဲ့အချိန်မှာတော့ နည်းနည်း ဒုက္ခရောက်ပါတယ်။ ဆေးအရှိန်က ပြင်းတော့ တော်တော်ပင်ပန်းတယ်။ ဒါပေမဲ့ ဆေးတစ်လုံးပြီး တစ်လုံးနည်းနည်းစီ သည်းခံရင်း၊ သည်းခံရင်းနဲ့ နောက်ဆုံးပြီးသွားတာပါပဲ” ဟု ဒေါ်နီနီလွင် က ကင်ဆာကုသမှုခရီးစဉ် အခက်အခဲများကို ပြောပြခဲ့သည်။
ကင်ဆာဆေးသွင်းချိန်တွင် ဆံပင်ကျွတ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ပါးစပ်အပူလောင်ခြင်း၊ မစားချင်မသောက်ချင် ဖြစ်ခြင်းတို့ ခံစားရကြောင်း ဆိုသည်။

မစားချင် မသောက်ချင် ဖြစ်ပေမယ့် မစားလို့ မရဘူးဆိုပြီး ကိုယ့်စိတ်ကိုအားတင်းပြီး အစာကို ဝင်အောင် စားရတယ်။ စားတယ်၊ အန်တယ်၊ စားတယ်၊ အန်တယ် . . အဲဒီလို ကျော်ဖြတ်ခဲ့ရတယ်။ ရေတစ်ခွက်ချပြီး ဆန်ပြုတ်တစ်ဇွန်းသောက်၊ ရေနဲ့ မျှောချ . . အဲဒီလို ဖြတ်သန်းခဲ့တယ်။ ဆရာဝန်က အသီးကို များများ စားခိုင်းတယ်၊။ ရေကို တစ်ရက် အနည်းဆုံး ရှစ်ခွက်သောက်ခိုင်းတယ်။ အဲဒီအတိုင်း စားသောက်တယ်။

ဆရာဝန်ပြောတဲ့အတိုင်း မနက်တိုင်း လမ်းလျှောက်တယ်။ နေပူထဲမသွားဘူး”ဟု သူကဆိုသည်။
ကင်ဆာမျိုးရိုးမရှိဘဲ သူ့ကျမှ ရင်သားကင်ဆာ ဖြစ်လာရခြင်းမှာ ဆီကြော်စာကို အစားများခြင်းကြောင့်ဟု ဒေါ်နီနီလွင် ထင်မြင်ထားသည်။
“ကျွန်မတို့ငယ်ငယ်တုန်းက ကျောက်မဲ မနက်ဈေးမှာ ရှမ်းခေါက်ဆွဲရောင်းတယ်။ ကျွန်မတို့ဆိုင်ဘေးမှာ လက်ဖက်ရည်ဆိုင်ရှိတယ်။ အီကြာကွေးကလည်း အရမ်းကောင်းတာပဲ။ ကျွန်မ နေ့တိုင်းစားတယ်။ ငါးတန်းလောက်ကစပြီးစားတာ ကင်ဆာ ဖြစ်တဲ့အထိပဲ။ အီကြာကွေးကြော်တဲ့ ဆီတွေက မည်းတူးနေတဲ့ ထပ်ပြန်ကြော်ဆီတွေ၊ ဒါတွေကို နေ့တိုင်းမစားသင့်ဘူးဆိုတာ မသိခဲ့ဘူးလေ”ဟု ဒေါ်နီနီလွင်က ဆိုသည်။

ကင်ဆာကုသအောင်မြင်ပြီးသူတို့ အကြောက်ဆုံးအရာက နောက်တစ်ကြိမ် ကင်ဆာ ပြန်ဖြစ်မှာကိုပင်။ ထိုအထဲတွင် ဒေါ်နီနီလွင်လည်း တစ်ဦးအပါအဝင်ဖြစ်ရာ ကင်ဆာပြန်ဖြစ်မှာ စိုးသည့်အတွက် ဆီကြော်စာကို တတ်နိုင်သမျှ ရှောင်ခြင်း၊ အသီးအနှံများများစားခြင်း၊ ရေများများသောက်ခြင်း၊ ကြက်သားနှင့် ငါးများများစားပြီး လက်လုပ်ချဉ်ရှောင်ခြင်း နှင့် လမ်းလျှောက်ခြင်းတို့ကို ပုံမှန်လိုက်နာကြောင်း သူကဆိုသည်။

“အစားအသောက်အနေနဲ့ ဆရာဝန်က နီသော အသားကို ရှောင်လို့ ပြောတယ်။ ကျွန်မက ဝက်သား ကြိုက်တယ်။ ဒါပေမဲ့ အရင်တုန်းကလို အများကြီးမစားဘူး၊ စားချင်ရင် တစ်တုံးလောက်တော့ စားတယ်၊ နေ့တိုင်းမစားဘူး။ အဲလို ဆင်ခြင်ပါတယ်။ ငါးကို များများစားတယ်။ ငါးစားရင် ကင်ဆာဆဲလ်တွေကို အကျိတ်မဖြစ်စေဘူးလို့ ဆရာဝန်က ပြောတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို သောက်ခိုင်းတယ်။ ဒါက မဝစေဘူး၊ ကင်ဆာသမားတွေအတွက် အထူးသင့်တော်တယ်ဆိုတော့ ကျွန်မ ပုံမှန်သောက်ပါတယ်။ မုန်လာဥနီဖျော်ရည်ကိုလည်း သောက်ဖြစ်ပါတယ်။
အခုအချိန်မှာ ပင်ကိုအတိုင်း ပြန်ဝတယ်၊ အသားအရေလည်း ပြန်ကောင်းတယ်၊ ဆံပင်တွေ လည်းပြန်ထွက်လာတယ်။ အခု ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို လုပ်နိုင်တယ်။ အခုလည်း ဖူးခက်ကို သွားလည်ပြီး ဒီနေ့မနက်မှ မြန်မာပြည်ပြန်ရောက်တာ။ အဲဒီလို ပုံမှန်လူတွေလိုပဲ အကုန်လုပ်နိုင်တယ်။ တစ်ခုပဲ ညာဘက်ရင်သားကို ခွဲစိတ်ထားတဲ့ ဒဏ်ရာရှိတဲ့အတွက် ဆရာဝန်က ၁၀ ကီလိုထက်ပိုလေးတဲ့ အလေးအပင်ကို မမခိုင်းဘူး။ အဲဒါလေးပဲ သတိထားပါတယ်။

အခုနောက်ပိုင်း ခြောက်လတစ်ကြိမ်ကို စင်ကာပူဆေးရုံသွားပြပါတယ်။ တစ်နှစ်တစ်ခါ ကျန်း မာရေးစစ်ဆေးမှုလုပ်ဖြစ်ပါတယ်”
ယခုအခါ အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် ဒေါ်နီနီလွင်က DKSH စားသောက်ကုန်လုပ်ငန်း ကျောက်မဲကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရင်း မိခင်ကိုပါပြုစုစောင့်ရှောက်နေသူ၊ ဘဝတူ ကင် ဆာရောဂါရှင်များကို အားပေးကူညီထောက်ပံ့ရင်း ပရဟိတလုပ်ငန်းများကို တတ်အားသရွေ့ လုပ် ဆောင်နေသူ ဖြစ်သည်။
“ကျောက်မဲမြို့က သားဥအိမ်ကင်ဆာဖြစ်နေတဲ့ ရှစ်တန်းကလေးအကြောင်းကြားတော့ ကျွန်မ သူ့အိမ်ကို သွားရှာတယ်။ ကလေးအခြေအနေက ဆင်းရဲနွမ်းပါးပြီး မှိုင်နေတော့ ကိုယ်ဆေးကုစဉ်က စားပြီး အာဟာရဖြစ်ခဲ့တဲ့ အစားအသောက်တွေ သူ့အတွက်ဝယ်သွားပေးတယ်။ ဆေးတစ်ကြိမ် သွင်းခဲ့တဲ့ ကုန်ကျငွေကို ကျွန်မ ပေးခဲ့တဲ့အပြင် နောက်အကြိမ်တွေအတွက်လည်း ကုန်ကျငွေကို ထောက်ပံ့ခဲ့တယ်။ အားပေးစကားပြောခဲ့တယ်။ ရေများများသောက်ဖို့၊ စိတ်ဓာတ်မကျဖို့ပြောပြီး ကျောင်းပြီးတဲ့အထိ တက်နိုင်ရမယ်လို့ အားပေးခဲ့တယ်။ ကျောက်မဲဆေးရုံက လူနာတွေကို အခါအားလျှော်စွာ အာဟာရဒါနလုပ်တယ်၊ အလှူအတန်းကို တတ်နိုင်သမျှ ပုံမှန်လုပ်ပါတယ်”ဟု ဒေါ်နီနီလွင်က ကင်ဆာကုသပြီးနောက်ပိုင်း ဘဝတန်ဖိုးပိုရှိလာပုံကို ပြောပြခဲ့သည်။

ထို့ပြင် အခြား ကင်ဆာဝေဒနာရှင်များနှင့် ကင်ဆာကုသမှု ခံယူနေသူတို့အား-
“အဓိကတော့ စိတ်ဓာတ်မကျဖို့ အားပေးချင်ပါတယ်။ ငွေမသေ လူမရှားဆိုသလို ကိုယ့်ကျန်းမာရေးက အရေးကြီးဆုံးပဲ။ လူက အစားထိုးလို့မရဘူး၊ ငွေက အစားထိုးလို့ ရပါတယ် . .
စင်ကာပူမှာ လေးလဆေးကုပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ကျွန်မပြန်လာတော့ ပိန်ပြီး ဆံပင်ကျွတ်လာတယ်၊ လူကလည်း အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မက အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်သပ်သပ်ရပ်ရပ်နေတယ်။ နေကောင်းလာတာနဲ့ ဖက်ရှင်ကျကျ ဝတ်တယ်။ လမ်းလျှောက်တယ် . . ဒီလိုနည်းနဲ့ ကင်ဆာဖြစ်လည်း မသေဘူးဆိုတာ တခြားသူတွေကို ပြပါတယ်၊ ခွန်အားမျှပါတယ်။ ကင်ဆာဖြစ်ပြီးပေမယ့် ကုသမှုကို စိတ်ဓာတ်ကြံ့ခိုင်စွာ ဖြတ်သန်းလိုက်ရင် လူကောင်းလိုပဲ နေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာကုသမှုကို စိတ်ဓာတ်ခိုင်မာစွာထားပြီး ကျော်လွှားဖို့ အကြံပြုချင်ပါတယ်”ဟု ဒေါ်နီနီလွင်က အားပေးစကား ပြောကြားလိုက်ပါသည်။

အခြားကင်ဆာဝေဒနာရှင်များသို့ ရင်သားကင်ဆာကုသ အောင်မြင်ထားသူ ဒေါ်နီနီလွင်၏ အကြံပြုချက် ၁၀

(၁) ရေများများသောက်ပါ။

(၂) စိတ်ဓာတ်မကျပါနဲ့။

(၃) အစိမ်းရင့်ရောင်အသီးအရွက်များများစားပါ။

(၄) ဖြူသောအသား၊ ကြက်သားနဲ့ ငါးကို ပိုပြီး များများစားပါ။ ငါးကြီးဆီ Omega (3)ကို နေ့စဉ် သောက်ပေးပါ။ လေ့ကျင့်ခန်းအနည်းငယ်လုပ်ပေးပါ။

(၅) ဆီကြော်အစားအစာတွေ လျှော့စားပါ။

(၆) မိမိခွဲစိတ်ထားတဲ့ ရင်သားဘက်ရှိ လက်ကို လေးပင်တဲ့အရာတွေ မသယ်မပါနဲ့။ ဆေးထိုးတာ၊ သွေးပေါင်ချိန်တာတွေ မလုပ်ပါနဲ့။ ရောင်ရမ်းတတ်ပါတယ်၊ ခွဲစိတ်ထားတဲ့ လက်မောင်းတစ်လျှောက်ကို နေ့စဉ် Body Lotion လိမ်းပေးပါ။

(၇) ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။ ပြင်ပဓာတ်စာဆေးတွေကိုလုံးဝမသောက်ပါနဲ့။ ၅ နှစ်ပြည့်တဲ့အထိ ကုသမှု ခံယူပါ။

(၈) ကင်ဆာလူနာတွေ နေရောင်ခြည်ပူပြင်းတဲ့ အချိန်မှာ နေပူထဲသွားခြင်းကို ရှောင်ပါ။ ဆေးကုသမှုခံယူစဉ် ကိုယ်ခံအားအလွန်နည်းတာကြောင့် ကူးစက်ရောဂါအမြန်ကူးတတ်ပါတယ်။ ကင်ဆာဆေးသွင်းကာလသက်တမ်းမပြီးမချင်း လူအုပ်ကြားထဲ မသွားပါနဲ့။

(၉) ကုသမှုပြီးရင် နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်းများများ မိမိတတ်သလို လုပ်ပေးပါ။ ကုသမှုပြီးရင်လည်း စိတ်ချမ်းသာသလို အဖွဲ့အစည်းတွေနဲ့ ဆက်ဆံနေထိုင်ပါ။

(၁၀) အထူးသဖြင့် ကင်ဆာလူနာရှင်တွေ တစ်ယောက်တည်း သီးခြားမနေပါစေနဲ့။ ကင်ဆာလူနာရှင်တွေက အများအားဖြင့် အားငယ်တတ်လို့ပါ။ ကင်ဆာသမားတိုင်း မသေပါ။ စိတ်ရှည်စွာ ကုသဖို့အရေးကြီးပါတယ်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်နီနီလွင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top