Healthy Life Ad
Life Style

ပီတိအဟုန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မနက်စောစော ကိုထွန်းရုံးသွားဖို့ ပြင်ဆင်နေတုန်း သူ့ဇနီးက အဝတ်အစားတွေလျှော်တဲ့အခါ ကူဖို့ သူ့ကို ပြောလာတယ်။

“ဘာဖြစ်လို့လဲ”

“ဘာလို့လဲဆိုတော့ မမြက ဒီနေ့သူ့မြေးမလေးဆီသွားလည်မလို့၊ ကားမှီအောင် သူစောစောထွက်မယ်တဲ့၊ နှစ်ရက်လောက်နေမှ ပြန်လာမှာ”လို့ ဇနီးသည်ကပြောတယ်။

“နှစ်ရက်တောင် သွားမှာလား”

“မနက်ဖြန် သူ့မြေးမလေးမွေးနေ့လေ၊ အဲဒါကြောင့် သူ့မြေးနဲ့ မွေးနေ့ပွဲဆင်နွှဲမှာတဲ့”

“အေးလေ၊ ကိစ္စမရှိပါဘူ”

ကိုထွန်းက အဲလိုပြောလိုက်တော့ ဇနီးကထပ်ပြောလာတယ်။

“အော် . . တစ်ခုပြောစရာရှိသေးတယ်။ ကျွန်မသူ့ကို မုန့်ဖိုးနှစ်သောင်းလောက်ပေးသင့်လား”

“ပြီးခဲ့တဲ့ သင်္ကြန်တုန်းက သူ့ကိုပေးထားသေးတယ်လေ . .”လို့ ကိုထွန်းကပြောတော့ သူ့ဇနီးက ပြန်ဖြေတယ်။

“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မမြခမျာ သူ့ကုန်ကျစရိတ်ကိုတောင် အနိုင်နိုင်စီမံခန့်ခွဲနေရတယ်။ သူ့မြေးဆီသွားလည်မှာဆိုတော့ ဘာလေးညာလေး ဝယ်ချင်မှာပေါ့ . . ဒီအတောအတွင်း ကုန်ဈေးနှုန်းကလည်း ကြီးတယ်လေ၊ ကျွန်မတို့အပေါ်လည်းတာဝန်ကျေတော့ နည်းနည်းပေးရင် ကောင်းမလားလို့”

“ငါ့မိန်းမကလည်းကွာ . .သူများအတွက် စိတ်ပူပေးတတ်ရန်ကော”

“ငွေနှစ်သောင်းအတွက်မပူပါနဲ့ ယောကျာ်းရယ်၊ ကျွန်မတို့အပြင်ထွက်ပြီး ပီဇာသွားစားမယ့် အစီအစဉ်ဖျက်လိုက်မယ်လေ . . ။ ပီဇာစားမယ့်ငွေကို ပေးလိုက်မယ်”

“မင်းက ငါစားမယ့်ပီဇာကို ပုတ်ချလိုက်တာပဲကွာ . . အင်းလေ . . အဲလိုပဲလုပ်ရမှာပေါ့”

ကိုထွန်း စိတ်မပါလက်မပါ သဘောတူလိုက်တယ်။

နှစ်ရက်ကြာတဲ့အခါ ကိုထွန်းတို့အိမ်ကို မမြပြန်လာပြီး အိမ်သန့်ရှင်းရေးလုပ်ရင်း ကြမ်းတိုက်နေပါတယ်။

ကိုထွန်းက ကုလားထိုင်ပေါ်ထိုင်ပြီး စာဖတ်ရင်း “ဘယ်လိုလဲဟေ့ . .မြေးမလေးနဲ့ တော်တော်ပျော်ခဲ့ရဲ့လား”လို့ မေးလိုက်တော့-

“ဟုတ်ကဲ့ ဆရာ၊ ကျွန်မတအားပျော်တာပဲ၊ ဆရာနဲ့ ဆရာကတော်ပေးလိုက်တဲ့ ငွေနှစ်သောင်းအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ဖြေရှာတယ်။

“ငွေနှစ်သောင်း ကုန်သွားပြီလား၊ ဘယ်လိုသုံးလိုက်လဲ”လို့ ကိုထွန်းကမေးတော့ မမြက ပြုံးပြီးပြန်ဖြေတယ်။

“ငွေငါးထောင်ကို မြေးမလေးအတွက် ဂါဝန်လှလှလေးတစ်ထည်ဝယ်သွားတယ်။ ငွေနှစ်ထောင်ကို သူ့မွေးနေ့အတွက် ကိတ်မုန့်ဝယ်သွားတယ်။ ကားခကတော့ အသွားအပြန်သုံးထာင်ပေးရတယ် ဆရာ၊ သမက်အတွက် ဘောင်းဘီခါးပတ်က ငါးထောင်၊ ကျန်တဲ့ငါးထောင်ကို မြေးမလေးကျောင်းတက်ရင် လိုမယ့်စာရေးကိရိယာလေးတွေဝယ်ဖို့ ပေးခဲ့တယ်ဆရာ”

ကိုထွန်းအံ့သြသွားတယ်။ သူကတော့ ပီဇာမစားရလို့ စိတ်ထဲမသက်မသာဖြစ်ခဲ့တာ။ သူစားမယ့်ပီဇာဖိုးက သူ့အိမ်အကူရဲ့ အသုံးစရိတ်နဲ့ယှဉ်လိုက်တော့ သူတို့တစ်မိသားစုလုံးကို ပျော်ရွှင်စေတာပါလား။ သူ့ခမျာဒီငွေနှစ်သောင်းနဲ့ မြေးမလေးမွေးနေ့ကို ပျော်ပျော်ကြီးဆင်နွှဲနိုင်ခဲ့တာပဲ. . ။ ဒီအတွေးဟာ ပီဇာမစားရပေမယ့် ခံစားလိုက်ရတဲ့ပီတိကြောင့် ကိုထွန်းပြုံးနေမိပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top