Healthy Life Ad
Life Style

သင့်ကို ကျန်းမာနုပျိုလှပစေမည့် ဗီတာမင်အီး ပါဝင်မှုများသော အစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဗီတာမင်အီးက အသားအရေလှပပြီး နုပျိုကြည့်ကောင်းစေပါတယ်။ ဆီပျော်ဗီတာမင်တစ်မျိုး ဖြစ်တဲ့အတွက် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကျစေကာ နှလုံးရောဂါအန္တရာယ်လျော့ကျစေပါတယ်။ ဒါ့အပြင် မက်ကူလာယိုယွင်းပျက်စီးမှုနဲ့ ကင်ဆာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးက ဆဲလ်တွေပေါ်မှာ ဖရီးရယ်ဒီကယ်ရဲ့ သက်ရောက်မှု ကို လျော့ကျစေပါတယ်။

(၁) နေကြာစေ့
ကျန်းမာရေးနဲ့ အညီညွတ်ဆုံး သရေစာထဲမှာ နေကြာစေ့လည်း ပါဝင်ပါတယ်။ တစ်နေ့မှာ နေကြာစေ့ ခွက်ရဲ့လေးပုံတစ်ပုံ စားပေးရင် လိုအပ်တဲ့ ဗီတာမင်အီးပမာဏကို ၈၂ ရာခိုင်နှုန်းလောက် ရရှိစေပါတယ်။ နေကြာစေ့မှာ ကြေးနီ၊ မဂ္ဂနိစ်၊ ဆီလီနီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်B1 ၊ B3 နဲ့ B6 တို့ပါဝင်နေပါတယ်။

(၂) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်တစ်ခွက်စားတာကြောင့် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အီး ၂၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်ကေ ပါဝင်မှုများတဲ့အတွက် သွေးခဲစေပြီး အရိုးတွေကို ကျန်းမာစေပါတယ်။ ဟင်းနုနယ်ရွက်မှာ မဂ္ဂနိစ်၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကြေးနီနဲ့ ဗီတာမင်အေတို့ ပါဝင်တာကြောင့် မျက်စိကျန်းမာစေပါတယ်။

(၃) ထောပတ်သီး
ထောပတ်သီးတစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အီး ၂၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ကြေးနီ၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ ဗီတာမင်B6 ၊ ဗီတာမင်စီ၊ ဗီတာမင်ကေတို့လည်း ပါဝင်မှုများပါတယ်။

(၄) ကညွတ်
ကညွတ်တစ်ခွက်စားပေးရင် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အီး ၁၈ ရာခိုင်နှုန်း ရရှိစေပါတယ်။ ဒါ့အပြင် ဗီတာမင်ကေ၊ ဖောလိတ်၊ ကြေးနီ၊ ဆီလီနီယမ်၊ မဂ္ဂနိစ်နဲ့ ဖော့စ်ဖရပ်စ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အသားအရေ ကျန်းမာစေပြီး ကိုယ်ခံအားစနစ် အားကောင်းစေတဲ့ ဗီတာမင်စီလည်း ပါဝင်နေပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းတစ်ခွက်စားတာကြောင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အီး ၁၅ ရာခိုင်နှုန်းခန့်ရရှိစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်း အဆိပ်အတောက် ပြေစေပါတယ်။

(၆) ငရုတ်သီး
ငရုတ်သီးပါတဲ့ ဟင်းလျာတွေကို စားတာကြောင့် ဗီတာမင်အီးရရှိစေပါတယ်။ ငရုတ်သီးဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပြီး ကိုယ်ခံအားစနစ် မြင့်တက်စေကာ နာကျင်မှုနဲ့ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။

(၇) ငရုတ်ပွသီး
ငရုတ်ပွသီးတစ်ခွက်စာမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အီး ၁၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ငရုတ်ပွသီးမှာ အစွမ်းထက်အင်တီအောက်ဆီးဒင့် ဗီတာမင်စီပါဝင်တာကြောင့် အသားအရေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top