Healthy Life Ad
Child

ပြန်တောင်းပန်ရမယ် . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မနေ့က မြို့ထဲရောက်တော့ Junction City လေးပတ်ရင်း သူခိုးကြီးဈေးလို့ နာမည်ကြီးတဲ့ ရွှေ ဘုံသာလမ်းဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ဆိုင်တွေကလည်း ပလက်ဖောင်းကို ကျော်လွန်ပြီး ကားလမ်းအထိရောက်နေ . . ဈေးဝယ်တွေကလည်း ဘာကားလာလာ ရှောင်သွားလိမ့်မယ်ဆိုတဲ့အထာနဲ့ ဆိုင်ဘေးတွေမှာ ပစ္စည်းတွေရှာဖွေ . . ကြက်ပျံမကျစည်ကားလို့ . .
ကျွန်မတို့ အဲဒီလမ်းအတိုင်း လျှောက်လာတော့ မိသားစုတစ်စုမှာ ဖခင်က ကလေးသေးသေးလေးချီလို့ မိခင်က အသက် ၄-၅နှစ် အရွယ် သမီးလေးကိုလက်ဆွဲပြီး ရှေ့က လျှောက်နေတာကို သတိပြုမိသွားပါတယ်။ တကယ်သတိထားမိစေတာက အဲဒီအထဲက ၄-၅ နှစ်အရွယ် ကျောပိုးအိတ်လေးနဲ့သမီးလေးကြောင့်ပါ။ သူက မအေလက်ကို ဆွဲထားရင်းနဲ့ ဘေးဆိုင်တန်းက သစ်သီးလေးတွေကို ဆွဲဖြုတ်စားနေတာပါလား။

စပျစ်သီးတစ်လုံးမှီရင် တစ်လုံးဆွဲဖြုတ်စားလိုက်၊ နှစ်လုံးမှီရင် နှစ်လုံးဆွဲဖြုတ်စားလိုက်နဲ့ . . (တစ်လုံးစ၊ နှစ်လုံးစ ဆွဲယူတာဆိုတော့ ဆိုင်ရှင်တွေက သတိမထားမိပါဘူး)
ကျွန်မ သတိထားမိပြီး မကြာခင်မှာပဲ ကလေးကို လက်ဆွဲလျှောက်နေတဲ့ အမေကလည်းသူ့သမီးပါးစပ်ထဲ ဘာတွေထည့်နေပါလိမ့်ဆိုတဲ့ ဟန်နဲ့ ကြည့်မိရင်း တွေ့သွားပါတော့တယ်။
သမီးကို ဆူလိုက်တာဆိုတာ . . “နင် ဘာလို့ အဲဒီလိုလုပ်တာလဲ၊ စားချင်ရင် ပြောပါတော့လား” ဆူရုံတင်မကဘဲ ရှေ့ရောက်နေတဲ့ ခင်ပွန်းကိုပါ ဖွင့်ပြောလိုက်ပါတယ်။
_ _ _

ဒါမျိုးဆိုရင် တချို့မိဘတွေက ကလေးပဲလေလို့ ပြီးစလွယ်သဘောထားတတ်ကြတယ်။ တချို့ကျတော့လည်း နောင်မလုပ်ရဘူးဆိုပြီး ကလေးကိုရိုက်ချင်ရိုက်မယ် . . ဒီမိဘတွေကတော့-
ခင်ပွန်းက ဖျတ်ခနဲလှည့်ပြီး တော်တော် စိတ်ဆိုးသွားတဲ့ ပုံနဲ့ “လာ . . ပြန်တောင်းပန်ရမယ်”ဆိုပြီး သူ့သမီးအသီးလေးတွေ ဆွဲဖြုတ်ခဲ့တဲ့ ဆိုင်ဘက်ဆီဆွဲခေါ်သွားပါတယ်။
ကလေးတစ်ယောက်ရဲ့ အကျင့်ဆိုးလေးတစ်ခုကို အမှုမဲ့အမှတ်မဲ့မထားဘဲ “ကိုယ်အမှား လုပ်မိရင်ပြန်တောင်းပန်ရမယ်”ဆိုပြီး ဖြေရှင်းခိုင်းတဲ့ ကိုယ်ကျင့်တရား ပြုပြင်ထိန်းသိမ်းပေးပုံကတော့ လေးစားစရာပဲလေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top