Healthy Life Ad
Child

သင့်ကလေးကို ပြောပြသင့်သော စကား ၁၀ ခွန်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့ တစ်နေ့ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ပြောပြရတဲ့စကားတွေ အများကြီးရှိမှာပါ။ အဲဒီအထဲက ကလေးကို ပိုမိုလိမ္မာရေးခြားရှိပြီး ပိုမိုထက်မြက်ဉာဏ်ကောင်းကာ ယုံကြည်မှုရှိစေမယ့် စကား ၁၀ ခွန်းကို မဖြစ်မနေ ထည့်သွင်းပြောသင့်ပါတယ်။

(၁) သား/သမီး လုပ်နိုင်ပြီ

ကလေးတွေက ဘယ်လိုအခြေအနေမျိုးဆိုရင် သူ့အမေ သဘောကျမလဲဆိုတာ စမ်းသပ်တတ်ပါတယ်။ သူ့အပြုအမူက မကောင်းရင် ဒီလိုအခြေအနေမှာ မေမေ ငါ့ကိုချစ်သလားဆိုတာ စမ်းတတ်တာကြောင့် အဲဒီလိုအချိန်မျိုးမှာ “တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေထဲကနေ သား/သမီးလေးကို မေမေ့ရင်သွေးအဖြစ် ရွေးချယ်ထားတာ”ဆိုတဲ့ စကားမျိုးပြောပါ။ ကလေးရဲ့အပြုအမူကို မကောင်းမှန်းသိအောင်ပြောပြပြီး ဆင်ခြင်တဲ့အခါ သတိတရနဲ့ သား/သမီး လုပ်နိုင်ပြီဆိုကာ အားပေးပါ။

(၂) သား/သမီးကို မေမေ ချစ်တယ်

“ချစ်တယ်”ဆိုတဲ့ စကားလေးနှစ်ခွန်းဟာ ကလေးရဲ့ကျန်းမာတဲ့ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ကလေးနဲ့အတူ အချိန်ကုန်ဆုံးတာ၊ အတူကစားတာ၊ အတူရယ်မောတာတို့လုပ်ပြီး ကလေးကိုပွေ့ဖက်တာ၊ သူ့ပြဿနာတွေကို အဖြေရှာပေးတာ၊ သူလိုအပ်ရင် အားပေးတာတို့ လုပ်ဆောင်ပါ။ ချစ်တယ်ဆိုတဲ့စကားကို မကြာမကြာပြောပေးပါ။

(၃) မေမေနဲ့အတူ လုပ်ကြစို့

“သား/သမီး တစ်ခန်းလုံး ရစရာမရှိအောင် ဖွထားတာပဲ . . ပြန်ရှင်းစမ်း”လို့ ပြောမယ့်အစား “မေမေနဲ့အတူ အခန်းရှင်းရအောင် သား/သမီးရေ”လို့ အပြုသဘောဆောင်တဲ့ စကားပြောကာ ပျော်ပျော်ပါးပါးရှင်းလင်းပါ။ ကလေးရဲ့ အလုပ်လုပ်ချင်စိတ်ကို အားပေးရာရောက်ပါတယ်။

(၄) လူတိုင်း မှားတတ်တယ်

လောကကြီးမှာ သင်ယူလေ့လာနေတဲ့ ကလေးတွေဟာ တစ်ခုခုလုပ်ရင်း မှားသွားရင် ခွင့်လွှတ်ပါ့မလားဆိုတဲ့ အားငယ်ဝမ်းနည်းမှုမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ စက်ဘီးစီးသင်တဲ့အခါမှာ လဲသွားလို့ပဲဖြစ်ဖြစ်၊ အပြေးပြိုင်ရင်း ချော်လဲလို့ပဲဖြစ်ဖြစ် . .ဘယ်လိုအခြေအနေမှာမဆို လူတိုင်း မှားနိုင်ကြောင်းနဲ့ နောက်တစ်ခါမမှားအောင် သင်ခန်းစာယူဖို့အကြောင်းတွေကိုသာ ကလေးကိုသင်ပေးပါ။

(၅) ကြောက်အောင် မခြောက်ပါနဲ့

ကလေးကို ဆုံးမတဲ့နေရာမှာ ကလေးမသိတဲ့ အရာတွေနဲ့ ကြောက်အောင်မခြောက်လှန့်ပါနဲ့။ အကြောက်တရားဟာ လောကမှာ ကြောက်စရာအကောင်းဆုံးအရာဖြစ်လို့ ကြောက်စိတ်ကို ရဲရဲရင်ဆိုင် ကျော်လွှားနိုင်အောင် သင်ပေးပါ။

(၆) ကလေးစိတ်ဆိုးချိန်မှာ မလှောင်ပြောင်ပါနဲ့

ကလေးလေးတွေ စိတ်ဆိုးတဲ့အခါ ချစ်ဖို့ကောင်းလို့ ရယ်မိတတ်ပေမယ့် မလှောင်ပြောင်ပါနဲ့။ ကလေးကို ဝမ်းနည်းစိတ်ဖြစ်စေနိုင်ပါတယ်။ ကလေးတစ်ယောက်မှာလည်း စိတ်ဆိုးပိုင်ခွင့်ရှိပါတယ်။ စိတ်ဆိုးပြီး တခြားသူတွေကို ရိုက်နှက်တာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာကို မလုပ်ပါစေနဲ့။ ဘယ်သူ့ကိုမှ မထိခိုက်တဲ့နည်းနဲ့ စိတ်ခံစားမှုကို ဖော်ထုတ်ပြဖို့ သင်ပေးပါ။

(၇) သား/သမီးကို ယုံတယ်

ကလေးတစ်ယောက်ပြိုင်ပွဲမှာ ရှုံးနိမ့်လာတဲ့အခါ နောက်တစ်ကြိမ် ထပ်ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပေးပါ။ ကလေးလုပ်နိုင်တဲ့အခါ သား/သမီး လုပ်နိုင်ပြီလို့ အားပေးစကားပြောပါ။

(၈) သား/သမီး ဘာတမ်းကစားချင်လဲ

“သား/သမီး ဒီနေ့ ဘယ်လိုကစားရမယ်” ဆိုတဲ့ စကားမျိုးထက် “သား/သမီး ဒီနေ့ ဘာတမ်း ကစားချင်လဲ” ဆိုတာမျိုး မေးပါ။ ကလေးရဲ့ ရွေးချယ်မှုက အန္တရာယ်မကင်းမှသာ ပြုပြင်ထိန်းကျောင်းပေးပါ။

(၉) မေမေတို့ လုပ်ကြစို့

ကလေးကို ခိုင်းစေတာထက် မေမေနဲ့အတူ အမှိုက်ကောက်ရအောင်၊ မေမေတို့ ကျောင်းသွားကြစို့၊ မေမေတို့ အိပ်ကြစို့ စသဖြင့် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို အားပေးတဲ့စကား ပြောဆိုပါ။

(၁၀) သား/သမီး စွမ်းဆောင်နိုင်ခဲ့တာပဲ

ကလေးက တစ်ခုခုလုပ်ဖို့၊ ရှေ့ဆက်ဖို့ တွန့် ဆုတ်နေတဲ့အခါ အရင်က သူစွမ်းဆောင်နိုင်ခဲ့တဲ့ အရာတစ်ခုကို ပြန်ပြောပြီး အားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top