Healthy Life Ad
Health Tips

သင်အနားယူရန် လိုအပ်နေပြီဖြစ်သည့် ခန္ဓာကိုယ်အချက်ပေးသံများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နိစ္စဓူဝ အလုပ်လုပ်နေရတဲ့သူတွေမှာ အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုခံစားရတတ်ပါတယ်။ အဲဒီလိုဖိစီးမှုဖြစ်နေကြောင်း သင့်ခန္ဓာကိုယ်ကအချက်ပြတဲ့အခါ အနားယူလိုက်ပါ။ အနားမယူဘဲ အလုပ်ကို ဆက်တိုက်လုပ်နေရင် အလုပ်မတွင်သလို စိတ်ရောကိုယ်ပါ ပိုပြီးနွမ်းနယ်ပင်ပန်းစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်က အနားယူဖို့ပြသနေတဲ့ အချက်ပေးသံတွေကို သတိပြုကြည့်ရအောင်။

(၁) ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တာလို မသက်မသာဝေဒနာခံစားရရင် အနားယူဖို့လိုအပ်ပါတယ်။ အလုပ်ဒဏ်ပိလွန်းတဲ့အခါ ဦးခေါင်းတင်မက လည်ပင်းနဲ့မျက်လုံးတွေပါ ကိုက်ခဲနာကျင်တတ်ပါတယ်။ ပြင်းထန်လွန်းတဲ့ စိတ်ဖိစီးမှုခံစားရရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။

(၂) အစာမကြေသည့် ပြဿနာများ

ဦးနှောက်ထဲမှာအလုပ်တွေနဲ့ ဖိစီးနေတဲ့အခါ အစာခြေလမ်းကြောင်းစနစ်ကလည်း ဒဏ်ဖြစ်တတ်ပါတယ်။ အဖြစ်များတာက ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် တစ်လှည့်စီဖြစ်တတ်တဲ့ အူရောင်ရမ်းတဲ့ ရောဂါစုပါပဲ။

(၃) မကြာခဏ အအေးမိခြင်း

စိတ်ဖိစီးမှုများတဲ့အခါ နှလုံးခုန်နှုန်းမြန်ပြီး သွေးလှည့်ပတ်မှုတိုးစေပါတယ်။ ဒီနည်းက သွေးတိုးစေပြီး ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာဖြစ်ကာ အအေးမိဝေဒနာ ဖြစ်တတ်ပါတယ်။

(၄) အကြောင်းမရှိဘဲ ကိုယ်အလေးချိန်မြင့်တက်ခြင်း

စိတ်ဖိစီးမှုများလွန်းရင် ကိုယ်အလေးချိန်မြင့်တက်စေနိုင်ပါတယ်။ ကော်တီစောဟော်မုန်း မြင့်တက်တဲ့အတွက် အစာကိုပိုစားဖြစ်ပြီး ကိုယ်အလေးချိန်တက်ရတာပါ။

(၅) ဗိုက်နာခြင်း

စိတ်ဖိစီးမှုများတဲ့အခါ ပျို့ချင်အန်ချင်သလိုလို ဖြစ်တတ်တဲ့အပြင် ဗိုက်အောင့်ဗိုက်နာတတ်ပါတယ်။ ဒီလက္ခဏာတွေကလည်း အနားမယူဘဲ အလုပ်ဆက်တိုက်လုပ်ရင် ပြတတ်ပါတယ်။

(၆) နုံးချည့်ညောင်းညာခြင်း

အလုပ်ကြောင့် စိတ်နဲ့ခန္ဓာဖိစီးနေချိန်မှာ အိပ်ပြီးနိုးလာရင် နုံးချည့်ညောင်းညာနေတတ်ပါတယ်။ တစ်နေ့လုံးနုံးချည့်ညောင်းညာနေတယ်ဆိုရင် အလုပ်ပိနေတဲ့လက္ခဏာပါပဲ။

(၇) ရင်ဘတ်အောင့်ခြင်း

စိတ်ဖိစီးမှုများတာကြောင့် ရင်ဘတ်အောင့်တာနဲ့ ရင်ဘတ်နာတာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် အရင်ဆုံးအနားယူလိုက်ပါ။ မသက်သာရင်နှလုံး ကျန်းမာရေးပြဿနာ ဖြစ်နေသလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၈) ချစ်စိတ်လျော့နည်းခြင်း

ဦးနှောက်က လိင်စိတ်ဖြစ်စေတဲ့ဓာတ်တွေကို အလုံအလောက်မထုတ်တော့တာကြောင့် ချစ်စိတ်လျော့ကျသွားပါတော့တယ်။ ကောင်းကောင်းအနားယူပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top