Healthy Life Ad
Life Style

ချစ်ခြင်းကို ဖြန့်ဝေလိုက်တဲ့အခါ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ ကိုလူအေးဟာ လမ်းတစ်ဖက်မှာ အားကိုးရာမဲ့ဖြစ်နေတဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တယ်။ သူမကကားရှေ့ကနေ လမ်းဝှေ့ယမ်းပြီး ဖြတ်သွားတဲ့ကားတွေကို အကူအညီတောင်းပေမယ့် ဘယ်ကားမှ ရပ်မပေးကြဘူး။

ကိုလူအေးက သူ့ဆီလျှောက်သွားပြီး ပြုံးပြပေမယ့် အမျိုးသမီးပုံစံက “သူ့ကို အန္တရာယ်ပြုတော့မှာလား” ဆိုတဲ့စိတ်နဲ့ စိုးရိမ်နေပုံရတယ်။ ကိုလူအေးပုံစံက ဆင်းရဲပြီး ဆာလောင်နေတဲ့ပုံမျိုးကိုး။

ကိုလူအေးက “အစ်မ ကားထဲသွားနေပါ။ အပြင်မှာအေးတယ်။ ကားဘီးပေါက်တာမဟုတ်လား၊ ကျွန်တော်ပြင်လိုက်မယ်”ဆိုပြီး ကြောက်နေတဲ့အမျိုးသမီးကို ကားထဲနေခိုင်းလိုက်တယ်။

မကြာခင် ကားဘီးလဲပြီးသွားတယ်။ ကိုလူအေးလက်တွေကညစ်ပတ်သွားတယ်။ ကားပြတင်းပေါက်ဖွင့်ပြီး ကျေးဇူးတင်စကားပြောဖို့ ကြံရွယ်ပေမယ့် ကိုလူအေးက သူလာတဲ့လမ်းအတိုင်း ထွက်ခွာသွားခဲ့တယ်။ ကျေးဇူးအကြွေးတင်သွားပြီဆိုပြီး အားတုံ့အားနာစိတ်နဲ့အတူ ဒေါ်နှင်းဟာ ကားကိုမောင်းထွက်လာခဲ့တယ်။

ဒေါ်နှင်းဟာကားမောင်းလာရင်း ဗိုက်ဆာတာနဲ့ လမ်းကဆိုင်မှာရပ်လိုက်တယ်။ စားသောက်ဖွယ်ရာတွေမှာပြီးစားတော့ စားပွဲထိုးအမျိုးသမီးလေးမှာ ကိုယ်ဝန်အရင့်အမာရှိနေမှန်း တွေ့လိုက်ရတယ်။ သူ့ခမျာ မွေးခါနီးဖွားခါနီးအထိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရရှာတာပါလားဆိုတဲ့ စာနာစိတ်ဝင်သွားခဲ့တယ်။ ဘာတုံ့ပြန်မှုမှမလိုချင်ဘဲ သူ့ကိုစေတနာသက်သက်နဲ့ ကူညီခဲ့တဲ့လမ်းပေါ်က လူကိုလည်းသတိရသွားပြီး ဒီအမျိုးသမီးအတွက် တစ်ခုခုကူညီချင်စိတ်ပေါ်လာတယ်။

ပိုက်ဆံပေးတော့ စားပွဲထိုးက ပြန်အမ်းဖို့ပြန်ထွက်လာတဲ့အခါ အမျိုးသမီးက မရှိတော့ဘူး။ စားပွဲထိုးမှာ အံ့အားသင့်ရင်း စောစောက တစ်သျှူးစပေါ်မှာ စာရေးနေတာတွေ့တယ်ဆိုပြီး ကြည့်လိုက်တော့ ရေးထားတာက “ကျေးဇူးတင်စရာ မလိုပါဘူးညီမရေ . . ။ သိပ်မကြာခင်က လူတစ်ယောက်အစ်မကို ကူညီခဲ့တယ်။ အစ်မလည်း ပြန်ကူညီချင်စိတ်ပေါ်လို့ ညီမကိုကူညီခဲ့တာပါ။ အစ်မရဲ့စေတနာကို အသိအမှတ်ပြုရင် နောင်မှာတစ်ယောက်ယောက်ကို ပြန်ကူညီလိုက်ပါ”

တစ်သျှူးရဲ့အောက်မှာ ပိုက်ဆံတွေအများအပြား။

စားပွဲထိုးအမျိုးသမီးဟာ အလုပ်ကနေ အိမ်ပြန်ရောက်တော့ အိပ်နေတဲ့ သူ့ခင်ပွန်းကိုပြုံးကြည့်လိုက်တယ်။

ကလေးက နောက်လမွေးတော့မှာမို့ သူတို့နှစ်ယောက်စလုံး ငွေရေးကြေးရေးအတွက် အကြီးအကျယ်ပူပင်နေခဲ့ရတာလေ။ သူ့ခင်ပွန်းရဲ့ စိတ်ပူပင်မှုလျော့သွားအောင် အိပ်နေတဲ့သူ့နားကပ်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ ပြောလိုက်တယ်။

“အကုန်အဆင်ပြေသွားပြီ . . သိရဲ့လား ကိုလူအေး”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top