Healthy Life Ad
Life Style

စောစောပြ၊ စောစောတွေ့၊ စောစောကု

ပါမောက္ခဒေါ်ခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး)

ကျွန်မတို့လူသားတွေဟာ အသက်ရှည်၊ ကျန်းမာချင်ကြတဲ့သူတွေချည်းပါပဲ။ ဒီလိုသာဖြစ်ချင်တာ၊ ကျန်းမာရေး ဂရုစိုက်ရမှာကိုတော့ မေ့နေတတ်ကြတယ်။ ရောဂါဆိုတာကလည်း နုတုံးကုကောင်းတယ်လေ။ စောစောကုရင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို နောက်ကျမှရောက်ရင် အပ်နဲ့ထွင်းလို့မရတော့ဘဲ ပုဆိန်နဲ့ပေါက်ရတဲ့အဖြစ် ဖြစ်သွားနိုင်တယ်။ အထူးသဖြင့် ကင်ဆာလိုရောဂါမျိုးဆိုရင် စောစောစီးစီးတွေ့ပြီး ကုသရရင် အလားအလာကောင်းတယ်။ နောက်ကျမှတွေ့ရရင်တော့ အလားအလာနည်းသွားတာပေါ့။

ရောဂါဝေဒနာဆိုတာမဖြစ်ရင် အကောင်းဆုံးပါပဲ။ ကင်ဆာဆိုရင် ပိုပြီးကြောက်စရာပေါ့။ ကင်ဆာဖြစ်မှာ ကြောက်တယ်ဆိုရင် ကင်ဆာဖြစ်စေနိုင်တဲ့ အပြုအမူတွေရှောင်ရပါမယ်။ ဆေးလိပ်၊ အရက်နဲ့ကွမ်းတို့ကို ရှောင်နိုင်ရင်တောင် ကင်ဆာတော်တော် များများဖြစ်နိုင်ခြေနည်းသွားတာ။ ဒါပေမဲ့ သူများတွေကို ပညာပေးနေတဲ့ဆရာဝန်တချို့တောင် အဲဒါတွေမရှောင်နိုင်လို့ ကင်ဆာတွေဖြစ်၊ အသက်ဆုံးရှုံးရတာတွေ တွေ့ရပါတယ်။ အသိဆရာဝန်တစ်ယောက်ဆိုရင် ကွမ်းစားတယ်။ လူနာကြည့်ရင်း ကွမ်းကိုပါးစောင်မှာငုံထားပြီး အလုပ်လုပ်တာ။ ဒီတော့ကွမ်းက ပါးစပ်ထဲမှာအကြာကြီးရှိနေတော့တာလေ။

ကင်ဆာဖြစ်စေတဲ့ပစ္စည်းတွေနဲ့ အကြာကြီးတွေ့ရတဲ့အခါ နောက်ဆုံးခံတွင်းကင်ဆာဖြစ်ရောပေါ့။ အခုတော့ အဲဒီဆရာဝန်မရှိတော့ပါဘူး။ နှမြောစရာကောင်းပါတယ်။ လူတွေရဲ့အသက်တွေကို ကယ်တင်နိုင်တဲ့ ပညာတတ်ကျွမ်းထားတဲ့ ဆရာဝန်ကိုယ်တိုင်လည်း ကင်ဆာဖြစ်စေနိုင်တာတွေကိုမရှောင်နိုင်ရင် ကင်ဆာဖြစ်ပြီး အသက်တိုနိုင်ပါတယ်။ အသက်ဉာဏ်စောင့်ဆိုတာ မှန်လိုက်တာ။

ဆေးလိပ်သောက်တဲ့သူတွေတွေ့ရင် သူတို့ကိုယ်တိုင်သာမက ဘေးပတ်ဝန်းကျင်ကသူတွေကိုပါ ဒုက္ခရောက်စေတာပါလားလို့ တွေးမိတယ်။ ဘေးပတ်ဝန်းကျင်ဆိုရာမှာလည်း သူ့မိသားစုကအဆိုးဆုံးပေါ့။ သူတို့ကဆေးလိပ်သောက်တဲ့သူနဲ့ အချိန်အကြာကြီးအတူတူနေပြီး သူ့ဆီက ဆေးလိပ်ငွေ့တွေရှူရတာ။ Passive smoking ပေါ့။

လူနာတစ်ယောက်က နှာခေါင်းရောဂါနဲ့လာပြတာ။ ဓာတ်မတည့်နှာခေါင်းရောင်တဲ့ရောဂါပါ။ ရောဂါရာဇဝင်ကို သေသေချာချာမေးတော့မှ သူတို့အိမ်မှာ အဘိုးတစ်ယောက်ရှိတယ်။ ဆေးလိပ်တအားသောက်တယ်။ အဲဒီအဘိုး သူတို့အိမ်ရောက်လာကတည်းက မြေးမလေးလည်း နှာခေါင်းရောဂါဖြစ်ရောတဲ့။ တကယ်တော့ ဒါကတော်သေးတယ်။ ကင်ဆာတောင် ဖြစ်နိုင်သေးတာလေ . . .

တစ်နေ့က ပြင်ပလူနာဌာနမှာ လူနာတွေကြည့်နေတာ၊ လူနာတစ်ယောက်က နှာခေါင်းရောဂါနဲ့လာပြတာ။ ဓာတ်မတည့်နှာခေါင်းရောင်တဲ့ရောဂါပါ။ ရောဂါရာဇဝင်ကို သေသေချာချာမေးတော့မှ သူတို့အိမ်မှာ အဖိုးတစ်ယောက်ရှိတယ်။ ဆေးလိပ်တအားသောက်တယ်။ အဲဒီအဘိုး သူတို့အိမ်ရောက်လာကတည်းက မြေးမလေးလည်း နှာခေါင်းရောဂါဖြစ်ရောတဲ့။ တကယ်တော့ ဒါကတော်သေးတယ်။ ကင်ဆာတောင် ဖြစ်နိုင်သေးတာလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်မိသားစုကိုရောချစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါတော့။ ကွမ်းတို့၊ အရက်တို့လည်း အမြန်ဖြတ်ကြပါ။ ဒါတွေကိုရှောင်လိုက်ရင် ရောဂါမဖြစ်အောင် ကာကွယ်ရုံသာမက အပိုကုန်ရမယ့်ငွေတွေကိုလည်း မိသားစုသုံးစွဲဖို့ ထွက်လာနိုင်ပါသေးတယ်။

ကာကွယ်တဲ့အဆင့် မအောင်မြင်လို့ ရောဂါဖြစ်လာပြီဆိုရင်လည်း စောစောပြ၊ စောစောတွေ့၊ စောစောကုသမှု ခံယူနိုင်ဖို့အရေးကြီးပါတယ်။ တချို့ စောစောပြ၊ စောစောတွေ့၊ စောစောကုသနိုင်တဲ့အတွက် အကြာကြီးနေရပြီး သေဆုံးတော့တောင် ဒီရောဂါနဲ့မသေဆုံးဘဲ တခြားရောဂါနဲ့ သေဆုံးတာမျိုးရှိပါတယ်။ ဒါကြောင့်လည်း ကင်ဆာဖြစ်တာကို စောစောတွေ့အောင်ရှာနိုင်ဖို့အရေးကြီးပါတယ်။ စောစောတွေ့နိုင်ဖို့ကလည်း လူနာတွေရော၊ လူနာရှင်တွေကပါ ဒီရောဂါများဖြစ်လေမလားဆိုပြီး လာပြမှတွေ့မှာ။ ဒါကြောင့်လည်း ဘယ်လိုခံစားရရင်လာပြကြပါဆိုပြီး အသိပေးထားရပါမယ်။

ကျွန်မတို့လူနာတွေဟာ သနားစရာလည်းကောင်းပါတယ်။ အဖုအကျိတ်လေးများထွက်လာရင် ပျောက်နိုးနိုးနဲ့ ဆေးတွေအုံလေ့ရှိပါတယ်။ အဲဒီလိုလုပ်လိုက်တော့ အဖုအကျိတ်က သေးမသွားဘဲ ကံဆိုးစွာနဲ့ အရေပြားကိုစားပြီး အထဲကအဖုက အပြင်ကိုထွက်လာပါတယ်။ တော်တော်ဆိုးရွားတဲ့ဖြစ်ရပ်ပါ။ အရေပြားအဖုံးအအုပ်မဲ့သွားတဲ့ အဖုအကျိတ်ဟာ အခုတော့ ပြင်ပလောကနဲ့ တွေ့ထိပြီးပိုးဝင်တတ်ပါတယ်။ ပိုးဝင်ပြီး အနာကအရည်တစိုစိုဖြစ်လာတယ်။ အနံ့ကလည်းနံတယ်။ အစပိုင်းမှာအိမ်ကလူတွေပြုစုပေမယ့် နောက်ပိုင်းကျတော့ ဘယ်သူမှ သိပ်မကပ်ချင်တော့ပါဘူး။

ဒါတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ တွေ့ရလေ့ရှိတဲ့ဖြစ်ရပ်တွေပါ။ ဒီလိုမျိုးဖြစ်ရပ်တွေ နောက်ထပ်မတွေ့ချင်တော့ပါဘူး။ ဒါကြောင့်လည်း ဒီစာလေး ဖတ်မိတဲ့သူတွေကတစ်ဆင့် အနီးအနားမှာ အလားတူလူနာမျိုးတွေ ဒီလိုမဖြစ်ရအောင်ဝိုင်းပြီး ပညာပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဆောင်းပါးအစမှာ ရေးထားသလို စောစောပြ၊ စောစောတွေ့၊ စောစောကုနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top