Healthy Life Ad
Child

မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်ကြီးထွားဖွံ့ဖြိုးဖို့ရာ အဓိကလိုအပ်သည့် အာဟာရဓာတ်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ကလေးဘဝကနေ လူပျိုဖော်၊ အပျိုဖော် စဝင်ချိန်မှာ အာဟာရဖြစ်စေတဲ့ အစားအစာအုပ်စုတွေကိုစားပေးပြီး အာဟာရချို့တဲ့မှုမဖြစ်အောင်ကာကွယ်ဖို့ အထူးအရေးကြီးလှပါတယ်။

(၁) ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)

ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ ထမင်း၊ ပြောင်းဖူး၊ ခေါက်ဆွဲစတာတွေက အာဟာရဖြစ်စေပါတယ်။

(၂) ပရိုတင်း (အသားဓာတ်)

အသားဓာတ်က ခန္ဓာကိုယ်ကို ကြီးထွားစေပါတယ်။ အင်အားဓာတ်ကိုလည်းဖြစ်စေပါတယ်။ အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး၊ ဥအမျိုးမျိုးတွေ ဖြစ်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်နဲ့ တိုဟူးတွေမှာလည်း ပရိုတင်းဓာတ်ပါဝင်ပါတယ်။

(၃) အဆီဓာတ်

အဆီဓာတ်ကလည်း ကောင်းတဲ့အဆီကိုရွေးချယ်ပြီး စားသင့်ပါတယ်။ ကောင်းတဲ့အဆီတွေက ဦးနှောက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို အားပေးပါတယ်။ ဥပမာအားဖြင့် သံလွင်ဆီ၊ ပဲဆီ၊ နှမ်းဆီစတာတွေဖြစ်ပါတယ်။

(၄) ဗီတာမင်နှင့် သတ္တုဓာတ်

သစ်သီးဝလံတွေမှာ ဗီတာမင်၊ သတ္တုဓာတ်တွေအပြင် အမျှင်ဓာတ်နဲ့ ဖိုင်တိုနျူးထရီးရန့်တွေပါဝင်လို့ ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးမှာလည်း ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဖိုင်တိုနျူးထရီးရန့်တွေပါဝင်မှု ရှိပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေစားပေးရင် ကယ်လ်ဆီယမ်ဓာတ်ပါဝင်တာကြောင့် အရိုးအဆစ်တွေကို သန်စွမ်းကျန်းမာစေပါတယ်။ ဒီအစားအသောက်တွေက ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေအတွက် အထူးအာဟာရဖြစ်စေပါတယ်။

ဒါပေမဲ့ ကြီးထွားဖွံ့ဖြိုးနေတဲ့ မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်တွေဟာ အာဟာရကို ပြည့်ပြည့်ဝ၀မစားတဲ့အတွက် သံဓာတ်နဲ့ အိုင်အိုဒင်းဓာတ်နဲ့ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေချို့တဲ့မှု များတတ်ပါတယ်။

– သံဓာတ်

သံဓာတ်ချို့တဲ့ရင် ဉာဏ်ကောင်းတာက လျော့နည်းသွားတတ်ပါတယ်။

– အိုင်အိုဒင်းဓာတ်

အိုင်အိုဒင်းဓာတ်ချို့တဲ့ရင်လည်း ဉာဏ်ကောင်းတာလျော့ကျစေပါတယ်။

– ကယ်လ်ဆီယမ်

ကယ်လ်ဆီယမ်ဓာတ်ရရှိဖို့ နို့သောက်ရမယ်။ နို့သောက်ရင် အရပ်ရှည်ပြီး ဉာဏ်ကောင်းပါတယ်။ ဆယ်ကျော်သက်အရွယ်မတိုင်ခင် နို့သောက်တာကို ရပ်ပစ်လိုက်တာများတယ်။ တကယ်တော့ တစ်ရက်ကို နို့နှစ်ခွက်-မနက်တစ်ခွက်၊ ညတစ်ခွက်သောက်ပေးသင့်ပါတယ်။

– ကိုလင်းဓာတ်

ဉာဏ်ကောင်းစေတဲ့ ကိုလင်းဓာတ်ရရှိအောင် ကြက်ဥစားပေးရပါမယ်။

– ပရိုတင်းဓာတ်

ဆယ်ကျော်သက်အရွယ်မှာ ထမင်းကိုများများစားတာထက် အသားကိုပိုပြီးစားစေချင်ပါတယ်။ အသားများများစားမှ ကြီးထွားနေချိန်လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုရရှိမှာ ဖြစ်ပါတယ်။ အသားကို တစ်ခါကျွေးရင်လေးတုံး၊ နေ့လယ်စာလေးတုံးနဲ့ ညစာလေးတုံးကျွေးရပါမယ်။

– ဗီတာမင်နှင့် သတ္တုဓာတ်များ

ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ တချို့ကလေးတွေက အသီးအရွက်ကိုမစားကြတာရှိပါတယ်။ ဒါကမဖြစ်သင့်ပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့အတွက် အသီးအရွက်ကို နေ့လယ်သုံးဇွန်း၊ ညသုံးဇွန်း-အနည်းဆုံး တစ်နေ့ခြောက်ဇွန်းကျွေးသင့်ပါတယ်။ အသီးအနှံကိုတော့ ဘယ်အသီးပဲဖြစ်ဖြစ် အနည်းဆုံး နေ့လယ်တစ်လုံး၊ ညတစ်လုံးစားပေးရပါမယ်။ ဒီလိုစားပေးရင် ဒီအရွယ်ကစပြီး ကျန်းမာရေးကောင်းမွန်နေပါလိမ့်မယ်။

အထူးမှတ်သားရန်

ဆယ်ကျော်သက်အရွယ်တွေမှာ လေ့ကျင့်ခန်းကို အထူးလုပ်စေချင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ လေ့ကျင့်ခန်းကို ပုံမှန်စနစ်တကျလုပ်ဆောင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံအတိုင်း အလွယ်တကူ ရရှိစေမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top