Healthy Life Ad
Health Tips

ဆယ်ကျော်သက်တို့ သိလိုသည့် ကျန်းမာရေးအမေးအဖြေများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပုံမမှန် ရာသီလာခြင်းက ဘာကြောင့်ဖြစ်ရတာပါလဲ။

ပထမဆုံး ရာသီစလာတဲ့အချိန်မှာ ပုံမမှန်ဖြစ်တတ်တာ သဘာဝပါပဲ။ ရာသီပုံမှန်အတိုင်းလာဖို့ အများအားဖြင့် နှစ်နှစ်လောက် အချိန်ယူရတတ်ပြီး တချို ့မိန်းကလေးတွေမှာတော့ ဒီထက်ပိုပြီး အချိန်ယူရတတ်ပါတယ်။ ဒါဟာ သားဥကြွေတဲ့ အစပိုင်းအချိန်က ပြောင်းလဲနေတာကြောင့် ဖြစ်တတ်သလို တစ်ခါတစ်ရံမှာ သားဥကောင်းကောင်းမကြွေသေးတာကြောင့်လည်း ဖြစ်တတ်ပါတယ်

ပုံမှန်ရာသီလာတဲ့ ဖြစ်စဉ်ရပ်သွားရင် ဘာလုပ်သင့်ပါသလဲ။

သင့်အနေနဲ့ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်ထားရင် ရာသီမလာတာက ကိုယ်ဝန်ရှိနေလို့လားဆိုတာကို သိနိုင်အောင် ဆရာဝန်နဲ့စစ်ဆေးဖို့ အနီးဆုံး ဆေးရုံ၊ ဆေးခန်းကို သွားပါ။ အဲဒီလိုမဟုတ်ရင်တော့ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်တာ၊ စိတ်ဖိစီးမှုများလွန်းတာနဲ့ ကိုယ်အလေးချိန်များလွန်းတာ စတဲ့ အကြောင်းရင်းတွေကြောင့်လည်း ရာသီလာတဲ့ဖြစ်စဉ်က ရပ်တန့်သွားတတ်ပါတယ်။

ရာသီလာနေစဉ်အတောအတွင်းမှာ ရေကူးခြင်း ဒါမှမဟုတ် Sex ကိစ္စတို့ကို ပြုလုပ်နိုင်ပါသလား။

ရပါတယ်။ ရာသီလာစဉ်အတောအတွင်းမှာ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း နေထိုင်ပြုမူနိုင်ပါတယ်။ ရာ သီလာစဉ်အတွင်းမှာ အကာအကွယ်မဲ့ Sex ကိစ္စပြုလုပ်ရင်တော့ ကိုယ်ဝန်မရအောင် ရာနှုန်းပြည့် ကာကွယ်တာတော့ မဟုတ်ပါဘူး။

ရာသီသွေးတွေက ညစ်ပတ်နေပါသလား။

မညစ်ပတ်ပါဘူး။ ဒါဟာ သားအိမ်နံရံတွေနဲ့ ရောနှောနေတဲ့ ပုံမှန်သွေးတွေပါပဲ။ ညစ်ပတ်တယ်ဆိုရင် ကလေးတစ်ယောက်ကို သားအိမ်ထဲထားနိုင်ဖို့ ဘယ်သင့်တော်ပါ့မလဲ။ ရာသီလာနေစဉ်မှာ လစဉ်သုံးဂွမ်းထုပ်နဲ့ ရာသီသွေးထိန်းတောင့်တွေကို မှန်မှန်လဲပေးပါ။ ပြီးရင် ညစ်ပတ်နေတဲ့ လစဉ်သုံးပစ္စည်းနဲ့ ရာသီသွေးထိန်းတောင့်တွေကို အမှိုက်ပုံးထဲမှာ သေချာထုပ်ပိုးပြီး လွှင့်ပစ်ပါ။

ရာသီလာစဉ်အတောအတွင်းမှာ မအီမသာဝေဒနာတွေ ခံစားနေရရင် သက်သာအောင် ဘာလုပ်သင့်ပါသလဲ။

ရာသီမလာခင်မှာ စိတ်တိုတာ၊ မျက်ရည်ကျတာ၊ ပင်ပန်းတာနဲ့ လေပွတာ စတဲ့ လက္ခဏာတွေကို ခံစားရတတ်တာကြောင့် ဒီဝေဒနာတွေကို ရာသီအကြိုဝေဒနာလို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါတယ်။ ဒီဝေဒနာတွေမဖြစ်ပေါ်အောင် ကူညီနိုင်တဲ့ နည်းလမ်းတွေကတော့-

• လေ့ကျင့်ခန်းလုပ်ခြင်း၊

• လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်တွေကို စားခြင်း၊

• တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ခြင်း၊

• ဆားအများကြီးပါတဲ့ အစာတွေရှောင်ခြင်း၊

• EPO(Evening primose oil) နဲ့ ဗီတာမင် ဘီစစ်ပါတဲ့ ဖြည့်စွက်ဆေးတွေကို စားခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

ရာသီအကြိုဝေဒနာကို အလွန်ပြင်းပြင်းထန် ထန်ခံစားနေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရာသီလာတိုင်း အလွန်ကိုက်ခဲနာကျင်ရပါတယ်။ ဘာလုပ်သင့်ပါသလဲ။

ကိုက်ခဲနာကျင်မှု သက်သာတဲ့အထိ လေ့ကျင့်ခန်းကို ညင်ညင်သာသာ လုပ်ဆောင်ပေးပါ။

ကြွက်သားနာကျင်ကိုက်ခဲမှု သက်သာအောင် ရေပူစိမ်ကာ ချိုးပေးပါ။

ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အကိုက်အခဲပျောက်ဆေးသောက်ရင် ကိုက်ခဲနာကျင်မှု သက်သာစေပါတယ်။ တချို့အမျိုးသမီးတွေဟာ ရာသီလာစဉ် အလွန်အမင်းနာကျင်ကိုက်ခဲမှု သက်သာအောင် ပဋိသန္ဓေတားဆေးတစ်ချို့ကို မှီဝဲကြသလို Mefenamic acid လို အကိုက်အခဲပျောက်ဆေးတွေကိုလည်း မှီဝဲကြလေ့ရှိပါတယ်။ အဲဒီလို မှီဝဲနိုင်ဖို့ ဆရာဝန်နဲ့ အရင်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top