Healthy Life Ad
Life Style

ပြင်သစ်အမျိုးသမီးတွေ ဘယ်အရွယ်မဆို တင့်တယ်နေရတဲ့အကြောင်းရင်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပြင်သစ်အမျိုးသမီးတွေက ဘယ်အရွယ်ရောက်ရောက် လှပတဲ့ခန္ဓာကိုယ်နဲ့ လန်းဆန်းပျိုမြစ်တဲ့အသား အရေကြောင့် နာမည်ကြီးပါတယ်။


– အရသာခံရုံသာ အရက်သောက်ခြင်း
လူအများစုက လူမှုရေးအရ လူမှုရေးအရ ဆိုပြီး အရက်သောက်ရင်း တဖြည်းဖြည်းနဲ့ အရက်စွဲလာ ပါတော့တယ်။ အရက်ကို အလွန်အမင်းသောက်တာကြောင့် နှလုံးကို ထိခိုက်စေပြီး အသားအရေနဲ့ ဆံ ပင်ခြောက်သွေ့ကာ ဘဝသက်တမ်းတိုတောင်းစေပါတယ်။
ပြင်သစ်လူမျိုးတွေကတော့ အရက်ကို အရသာခံရုံလောက်ပဲ သောက်ပါတယ်။ လှပတဲ့ ဖန်ခွက်တစ်ခုထဲ ဝိုင်ထည့်ပြီး တစ်ငုံ-နှစ်ငုံလောက် ငုံတာမျိုး၊ ပါးစပ်ထဲ ကြာကြာထားပြီး အရသာခံတာမျိုး လုပ်ရင်း ညနေခင်းမှာ အပန်းဖြေကြပါတယ်။


– ဈေးကြီးသော နေကာမျက်မှန်တပ်ဆင်ခြင်း
နေရောင်ခြည်ကနေ သင့်မျက်လုံးတွေကို မကာကွယ်နိုင်ဘူးဆိုရင် အတွင်းတိမ်ရောဂါနဲ့ မက်ကူ လာယိုယွင်းပျက်စီးမှုတွေလို မျက်စိရောဂါဝေဒနာတွေကို ဖြစ်နှုန်းတိုးစေပါတယ်။ နေကာမျက်မှန် တပ်ပါ။ ပြင်သစ်အမျိုးသမီးတွေက နေကာမျက်မှန်ကို မျက်ခုံးအထိဖုံးအုပ်နိုင်တဲ့ အမျိုးအစား တပ်ဆင်လေ့ ရှိကြပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာ ကွယ်နိုင်တဲ့နေကာမျက်မှန်ကို ရွေးတပ်ကြပါတယ်။

– ကြက်သွန်ဖြူ စားခြင်း
ပြင်သစ်အမျိုးသမီးတွေက ကြက်သွန်ဖြူအစား များကြပါတယ်။ ကြက်သွန်ဖြူစားတာကြောင့် အင် တီအောက်ဆီးဒင့်များများ ရရှိပြီး အိုမင်းမှုတိုးစေတဲ့ ဖရီးရယ်ဒီကယ်ဒဏ်မကျရောက်အောင် ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ နှလုံးသွေးကြောရောဂါ တို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြက်သွန် ဖြူက ရင်သားနဲ့ ဆီးကျိတ်ကင်ဆာ အန္တရာယ်ကို လျော့ကျစေပါတယ်။

– ရေခဲသေတ္တာကို မကြာခဏ သန့်ရှင်းရေး လုပ်ခြင်း
အသက်ကြီးလာလေလေ၊ ကိုယ်ခံအားစနစ်က အားနည်းလာလေလေပါပဲ။ ကိုယ်ခံအားစနစ် အားနည်းတဲ့အခါ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေရဲ့ အန္တရာယ်မှ ကာကွယ်နိုင်ဖို့ ခက်ခဲလာပါတယ်။ ရေခဲသေတ္တာဆိုတာ ပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့ နေရာ ဖြစ်တဲ့အတွက် မကြာခဏ သန့်ရှင်းရေးလုပ်ပါ။ ပြင်သစ်အမျိုးသမီးတွေက ရေခဲသေတ္တာကို တစ်လ နှစ်ကြိမ် အနည်းဆုံး ဆေးကြောပါတယ်။ ဓာတုပစ္စည်း ကြေးချွတ်ရည်တွေ မသုံးဘဲ ရှလကာရည်ဆွတ်ထားတဲ့ ရေမြှုပ်နဲ့ သန့်စင်လေ့ရှိပါတယ်။


– အသားအရေကို စနစ်တကျ ထိန်းသိမ်းခြင်း
ပြင်သစ်လှပျိုဖြူတိုင်းက မျက်နှာနဲ့ လည်ပင်းအသားအရေကို သာမက ပခုံးနဲ့ ရင်ဘတ်နေရာက အသားအရေတွေကိုလည်း မေ့လျော့မထားပါဘူး။ အဲဒီ အသားအရေတွေကိုနေ့တိုင်း ထိန်းသိမ်းပါတယ်။

အစိုဓာတ် ထိန်းခြင်း – မျက်နှာတင်မက လည်ပင်း၊ လည်ကုပ်၊ ရင်ဘတ်နေရာတွေကို အစိုဓာတ် ထိန်းခရင်မ် လိမ်းတဲ့အခါ စက်ဝိုင်းပုံစံ ပွတ်သပ်လိမ်း လေ့ရှိပါတယ်။ တစ်နေ့ ငါးမိနစ်လောက် လိမ်းပြီးရင် အရေပြားတွန့်တာ မဖြစ်တော့ဘဲ သဘာဝ ကော်လာဂျင်ထွက်အောင် လှုံ့ဆော်ပေးပါတယ်။

ကြေးချွတ်ခြင်း-အသားအရေကို နူးညံ့တဲ့ ကြေးချွတ်ပစ္စည်းသုံးပြီး ထိန်းသိမ်းပါတယ်။

ကာကွယ်ခြင်း – နေကာခရင်မ်ကို စနစ်တကျ လိမ်းလေ့ရှိပါတယ်။
အဝတ်အစားကို ရေမွှေးဆွတ်ပါတယ်။ အသားအရေကို ရေမွှေးဆွတ်ရင် အသားအရေခြောက်သွေ့ပြီး နွမ်းနယ်မှာ စိုးလို့ပါ။

– အေးအေးလူလူ စားသုံးခြင်း
ပြင်သစ်အမျိုးသမီးတွေက အစာစားတဲ့အခါ ထမင်းစားပွဲမှာ အေးအေးလူလူနဲ့ ဖြည်းဖြည်းချင်းစား လေ့ရှိပါတယ်။ တီဗီရှေ့မှာ အစာမစားပါဘူး။ အစာအိမ်က ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီ အရောက်ပြောဖို့ မိနစ် ၂၀ အချိန်ယူရပါတယ်။ တီဗီရှေ့စားရင် မြန်မြန်စားဖြစ်တဲ့အတွက် အစာကို လိုသလောက်နဲ့ ရပ်နိုင်မှာ မဟုတ်ပါဘူး။


– လေ့ကျင့်ခန်းလုပ်ခြင်း
ပြင်သစ်အမျိုးသမီးတွေက အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ဖို့ ရေထဲမှာ လေ့ကျင့်ခန်းလုပ် ဆောင်ပါတယ်။ ရေထဲမှာ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်တာနဲ့ ရေကူးတာတွေက အကောင်းဆုံး လေ့ ကျင့်ခန်းတွေပါ။ ရေအောက်မှာ နှလုံးခုန်နှုန်း နှေးတဲ့ အတွက် ကောင်းကောင်း လေ့ကျင့်နိုင်သလို အဆစ် တွေကို ထိခိုက်မှု နည်းစေပါတယ်။ ရေက တစ်ကိုယ် လုံးကို နှိပ်နယ်ပေးသလို လန်းဆန်းစေပါတယ်။

– အသင့်တော်ဆုံး ခေါင်းအုံးကို ရှာဖွေခြင်း
ကျန်းမာဖို့အတွက် ကြွက်သားနဲ့ အရွတ်တွေက လုံလောက်တဲ့ အနားယူမှုရှိရပါမယ်။ လည်ပင်း တောင့်တင်းနာကျင်မှု ခံစားနေရရင် အမျိုးအစားကောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပါတယ်။ ပက် လက်လှန်အိပ်စက်ရတာကို သဘောကျရင်မာတဲ့ ခေါင်းအုံးကို ရွေးချယ်ပါ။ မှောက်အိပ်တတ်ရင် ပါးလျပြီး ဆွဲဆန့်နိုင်အားရှိတဲ့ ခေါင်းအုံးကို ရွေးချယ်ပါ။

– သက်သောင့်သက်သာ တွေးတတ်ခြင်း
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့အခါနဲ့ ပူပင်သောက များနေတဲ့အခါ ဘယ်သူမှ စင်းလုံးချော မဖြစ်ဘူးဆိုတာကို သတိရလိုက်ပါ။ ဘယ်သူမှ အပြစ်ကင်းစင်တဲ့ သူမရှိတာကို သိလိုက်တာနဲ့ ကိုယ့် ကိုယ်ကိုယ် လက်ခံပြီး ပြင်သင့်တာကို ပြင်ဖြစ်သွားမှာပါ။ စင်းလုံးချောဖြစ်အောင် ကြိုးပမ်းနေရတာက ပင်ပန်းလွန်းပါတယ်။ ပြင်သစ်အမျိုးသမီးတွေက ဘယ်လိုအခြေအနေမှာမဆို သက်သောင့်သက်သာ တွေးတောတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top