Healthy Life Ad
Life Style

နှလုံးရောဂါရှိသူ သွားခွဲစိတ်ပြုပြင်ခြင်း

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ နှလုံးရောဂါရှိသူက သွားခွဲစိတ်ပြုပြင်မယ်ဆိုရင် ဘယ်လို အချက်တွေကိုလိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ။ ။ နှလုံးရောဂါဆိုတာ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆို့ရှင် မကောင်းလို့ဖြစ်တဲ့ ရောဂါ၊ နှလုံးသွေး ကြောပိတ်တာ/ဆို့တာ၊ နှလုံးကြီးတာ၊ နှလုံးကြွက်သား မကောင်းတာစသဖြင့် ရောဂါမျိုးစုံ ရှိပါတယ်။

နှလုံးအဆို့ရှင်မကောင်းဘူးဆိုရင် သွားမကောင်းလို့ သွားကိုနုတ်မယ်၊ ကျောက်ခြစ်မယ်စသဖြင့် လုပ်လိုက်တဲ့အခါ သွေးလည်ပတ်တဲ့အထဲမှာ ရောဂါပိုးတွေအများကြီး ဝင်သွားပြီး နှလုံးကို ရောက် သွားတတ်တယ်၊ အဲဒီအခါ အဆို့ရှင်ပါ ပျက်တတ်တယ်။ ဒါကြောင့် နှလုံးအဆို့ရှင် မကောင်းဘူးဆိုရင် သွားဆရာဝန်ကို ကြိုတင်ပြောရပါတယ်။ အဲဒီအခါ သွားကုသမှုမလုပ်ခင် ကြိုတင်ကာကွယ်မှုတွေလုပ်ရပါမယ်၊ ဆေးတွေသောက်ရပါမယ်။

နှလုံးအဆို့ရှင်မကောင်းဘူးဆိုရင် သွားမကောင်းလို့ သွားကို နုတ်မယ်၊ ကျောက်ခြစ်မယ်စသဖြင့် လုပ်လိုက်တဲ့အခါ သွေးလည်ပတ်တဲ့အထဲမှာ ရောဂါပိုးတွေ အများကြီးဝင်သွားပြီး နှလုံးကို ရောက်သွားတတ်တယ်၊ အဲဒီအခါ အဆို့ရှင်ပါ ပျက်တတ်တယ်။ ဒါကြောင့် နှလုံးအဆို့ရှင် မကောင်းဘူးဆိုရင် သွားဆရာဝန်ကို ကြိုတင် ပြောရပါတယ် . . .

မေး။ ။ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါရှိသူတွေ သွား ခွဲစိတ်ကုသမှု ခံယူမယ်ဆိုရင် ဘယ်လိုအချက်တွေကို သတိပြုသင့်ပါသလဲ ဆရာ။
ဖြေ။ ။ နှလုံးသွေးကြောကျဉ်းတဲ့ သူတွေကို သွေးသွား သွေးလာကောင်းအောင် သွေးတွေ ပျစ်မနေအောင် သွေးကျဲဆေးတွေ ပေးထားတာ ရှိတတ်ပါတယ်။ အဲဒီလို သွေးကျဲဆေးတွေ ပေးထားရတဲ့ အကြောင်းရင်း ပေါ်မူတည်ပြီး သွေးကျဲဆေးကိုဖြတ်လို့ရတယ်၊ ဖြတ်လို့ မရဘူးဆိုတာ သူပြနေကျ နှလုံးရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် သမားတော်က ဆုံးဖြတ်ပါလိမ့်မယ်။ သူက ဖြတ်လို့ မဖြစ်ဘူးဆိုရင် သွားဆရာဝန်ကို ပြောပြရပါမယ်။ ဖြတ်လို့ရတယ်ဆိုရင် ဖြတ်ပေးပါလိမ့်မယ်။ အဲဒီလို ဖြတ်ပြီးတဲ့အခါ သွားဘက်ဆိုင်ရာ ခွဲစိတ်မှုတွေ လုပ်ဖို့ ပိုပြီး စိတ်ချရလိမ့်မယ်။ မဟုတ်ရင် သွေးထွက်လွန်တတ်ပါတယ်။

မေး။ ။ သွေးမခဲတဲ့ ဆေးတွေ သောက်နေရတယ်ဆိုရင်ကော သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုပြုလုပ်တဲ့အခါ ဘယ်လို သတိထားသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ခြေထောက်သွေးကြောတွေ ထုံးနေတယ်ဆိုရင် သွေးကြောတွေက သွေးခဲတွေဟာ ဦးနှောက်တို့၊ အ ဆုတ်တို့၊ နှလုံးတို့မှာသွားပြီး ဆို့တတ်တယ်။ အဲဒါကို Deep Vein Thrombosis လို့ ခေါ်ပါတယ်။ အဲဒီလို ရောဂါတွေရှိရင် သွေးမခဲတဲ့ ဆေးတွေပါ ပေးထားတတ်တယ်။ အဲဒီလိုဆေးတွေပေးထားရင် သွားနုတ်တဲ့အခါ မသိဘဲနဲ့ နုတ်မိရင် သွေးမတိတ်တော့ဘူး။ အဲဒါကြောင့် သွားဆရာဝန်ကို ဒီဆေးတွေ သောက် နေပါတယ်ဆိုတာကြိုပြောရပါမယ်။ ကုသတဲ့ ဆရာဝန်အချင်းချင်း တိုင်ပင်ပြီး သွားခွဲစိတ်ကုသရပါမယ်။ အရေးမကြီးဘူး ထင်လို့ပဲ ဖြစ်ဖြစ်၊ သွားမနုတ်ပေးမှာစိုးလို့ပဲဖြစ်ဖြစ် သွားဆရာဝန်ကို မပြောဘဲနေလိုက်ရင် ကိုယ်ပဲအန္တရာယ်များတတ်ပါတယ်။

မေး။ ။ နှလုံးကြီးတယ်၊ နှလုံးအမောဖောက်တယ်ဆိုတဲ့သူတွေ သွားခွဲစိတ်ပြုပြင်မယ်ဆိုရင် ဘယ်လို အချက် တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ။ ။ နှလုံးက ကြီးနေတယ်၊ နှလုံး အမောဖောက်နေတယ်ဆိုရင် သွားနုတ်တဲ့အခါ ထုံဆေးထိုးရင်နှလုံးက မလိုက်နိုင်တော့ နှလုံးက ပိုအလုပ်လုပ်ရတတ်တယ်။ အဲဒါကြောင့် နှလုံးရောဂါရှိတယ်လို့မပြောဘဲနဲ့ ဘယ်လို နှလုံးရောဂါအမျိုးအစား ဖြစ်နေတာလဲဆိုတာကို သွားဆရာဝန်ကို ပြောပြသင့်ပါတယ်။

နှလုံးရောဂါ ဝေဒနာရှိရင် သွားဆရာဝန်တစ်ဦးတည်းက ကုသလို့ မရဘူး၊ သွားဆရာဝန်က နှလုံး ရောဂါအထူးကု ဆရာဝန်နဲ့ တိုင်ပင်ပြီး အတူတူ ညှိနှိုင်းပြီး ကုသမှု ပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top