Healthy Life Ad
Life Style

ဖေးမခြင်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက သင်တန်းတစ်ခုမှာ အမြဲခပ်ကုပ်ကုပ်နေတတ်တဲ့ ကျောင်းသားလေးတစ်ယောက်က ရေအိုးစင်ဆီကို ရေသောက်ဖို့သွားခဲ့ပါတယ်။ သူ့ကိုဘယ်သူမှ အရေးတယူမရှိလှတာမို့ သူရေအိုးစင်ဆီသွားတာကို ဘယ်သူမှလည်း သတိမထားမိလိုက်ပါဘူး။

ဖြစ်ချင်တော့ ရေအိုးတင်ထားတဲ့ ရေအိုးစင်ခြေထောက်တစ်ချောင်းက အံဝင်ခွင်ကျမရှိဘဲ လှုပ်နေပါတယ်။ အဲဒီအချိန်မှာ သူကရေသောက်ဖို့ အဖုံးဖွင့်ပြီး ရေခပ်လိုက်တဲ့အခါမှာ နဂိုကနဲ့နေတဲ့ ရေအိုးစင်က “ဝုန်း” ဆို လဲကျသွားပါလေရော . .

“ဂလုန်း . . ဂွမ်း . . ခွမ်း . .”

မြေရေအိုးလေး ကျကွဲသွားပြီး ရေတွေဖွာစင်ကျသွားချိန်မှာ တစ်တန်းလုံးက အတန်းဖော်တွေက အဲဒီရေအိုးဆီ ပြေးသွားခဲ့ကြတာပေါ့ . .

“ဟယ် . .”

“ဟင် . .”

“ဟာ . .”

အာမေဋိတ်သံတွေ မျိုးစုံကြား၊ တစ်ယောက်တစ်ပေါက် ပြောဆိုသံတွေကြား၊ အကြည့်တွေကြားမှာ ကျောင်းသားလေးခမျာ မျက်နှာက ဇီးရွက်လောက်ပဲ ရှိတော့တယ်။ သူလည်း ဘာမှမလုပ်နိုင်၊ တခြားသူတွေကလည်း သူ့ကိုရော ရေအိုးကိုပါ အကြည့်မပျက် . . ခဏတာတိတ်ဆိတ်သွားတယ် . .

အဲဒီတိတ်ဆိတ်မှုကို အသံတစ်သံက ဖြိုခွဲလိုက်ပါတယ်။

“ဒါက ဘယ်သူမဆိုဖြစ်မှာပဲ . . နင်မို့လိုလူကို မထိတာ ကံကောင်း၊ ငါသာဆို ရေအိုးပိပြီး ခြေထောက်ကျိုးလောက်ပြီ . . အစကတည်းက ရေအိုးစင်ခြေထောက်က ခိုင်မှမခိုင်တာဟ . . ဖြစ်မှာပဲ. . ကံကောင်းလို့”

အဲဒီအသံကြားတော့စောစောက မျက်နှာငယ်ပြီး အပြစ်ရှိသလို နွမ်းလျနေရှာတဲ့ ကျောင်းသားလေးရဲ့ မျက်နှာက အနည်းငယ်ပြောင်းလဲသွားတယ်။ ပြီးတော့ တခြားသူတွေရဲ့ အကြည့်တွေကလည်း “အင်း . . ဟုတ်တယ်၊ ဖြစ်မှာပဲ”ဆိုပြီး . . အဲဒီလို သံယောင်လိုက်တဲ့အထဲမှာ ကျွန်မအသံလည်းပါဝင်သွားခဲ့တယ်။ ဒါနဲ့ အားလုံးတက်ညီလက်ညီ ကြမ်းပြင်ကရေတွေကို သုတ်တဲ့သူသုတ်၊ ရေအိုးအကွဲအရှတွေကို ရှင်းသူကရှင်း၊ ရေအိုးစင်ခြေထောက် ခိုင်အောင်ပြင်တဲ့သူကပြင်၊ ရေအိုးအသစ် ပြေးဝယ်တဲ့သူကဝယ်နဲ့ ခဏတာအတွင်းမှာ အားလုံးဟာ ပုံမှန်ထက်ပိုပြီး အဆင်ပြေသွားတော့တယ်။

အရင်နဲ့မတူတော့ဘဲ အတန်းသားအချင်းချင်း ရိုင်းပင်းမှုပါရှိသွားတော့တယ်။ အစက အပြစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ အထင်သေးခြင်း စတာတွေ ဝန်းရံပြီး တိတ်ဆိတ်နေတဲ့ အခြေအနေကို ဒီလိုပြောင်းလဲသွားစေတဲ့ အသံပိုင်ရှင်ကို ကျွန်မလေးစားစွာလှမ်းကြည့်လိုက်တော့ သူ့မျက်နှာက အရင်နေ့တွေကထက် အများကြီးပိုပြီး ချစ်စရာကောင်းတာကို တွေ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top