Healthy Life Ad
Life Style

အအေးမိခြင်းနှင့် ကျန်းမာရေး (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အအေးဓာတ်လွန်ကဲရင် ကိုယ်ခံအား (immune system) အားနည်းသွားတတ်သလား

မောင်မြအောင်မနေ့က ထီးမပါဘဲ မိုးမိသွားလို့ ဒီနေ့နှာစေးချောင်းဆိုးဖြစ်နေလို့လာပြပါတယ်။ မိုးမိတာက တုတ်ကွေးဖြစ်စေတတ်သလားလို့ သူက သိချင်ဇောနဲ့မေးလာပါတယ်။

ရာသီဥတုအေးရင် အအေးမိတယ်။ Cold weather ကြောင့် Common Cold ဖြစ်တယ်ဆိုတာ တချို့က ရှေးအယူအဆ၊ အစွဲအလမ်းပဲလို့ ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအေးတာနဲ့ ပိုးကြောင့်ဖြစ်တဲ့တုပ်ကွေးနဲ့ ဆက်စပ်မရလို့ပဲဖြစ်ပါတယ်။ မကြာသေးခင်က အမေရိကန်ရှိရေးလ်တက္ကသိုလ်မှာ တိရစ္ဆာန်တွေကို စမ်းသပ်တွေ့ရှိချက်တစ်ခုကတော့ အေးလွန်းရင် နှာခေါင်းဝနားက ရောဂါပိုးမဝင်အောင်တားဆီးတဲ့ ခုခံအားတွေ (Local Immune Response) အားပျော့သွားစေတယ်ဆိုတဲ့ တွေ့ရှိချက်ပဲဖြစ်ပါတယ်။ နောက်တွေ့ရှိချက်တစ်ခုကတော့ Rhino Virus အအေးမိတဲ့ ဗိုင်းရပ်စ်တွေဟာ ပိုအေးတဲ့ပတ်ဝန်းကျင်မှာ ပိုပြီးအပွားမြန်တာတွေ့ရပါတယ်။ ဒီအချက်နှစ်ခုကြောင့် အေးတဲ့ရာသီမှာ အအေးမိတတ်တယ်ဆိုတာဖြစ်နိုင်ကြောင်း သိပ္ပံနည်းနဲ့ဖြေရှင်းထားတာဖြစ်ပါတယ်။ ပိုပြီးခိုင်မာတဲ့ စမ်းသတ်ချက်ရှိဖို့လိုပါသေးတယ်။

အေးရင် infection ပိုးဝင်လွယ်တယ်ဆိုတဲ့ တွေ့ရှိချက်ဟာ တကယ်တော့ အမြဲမမှန်ပြန်ပါဘူး။ နည်းနည်းချမ်းအေးစေတဲ့ လှုံ့ဆော်မှု ဥပမာ- ရေအေးမှာ စိမ်ပေးတာ၊ ရေအေးချိုးတာဟာ တစ်ကိုယ်လုံးရဲ့ခုခံအား (Systemic Immune Response)ကို နှိုးဆော်ပေးတယ်ဆိုတဲ့ တွေ့ရှိချက်လည်း ရှိပြန်ပါတယ်။

ရေချိုးခြင်းနှင့် နာတာရှည်ရောဂါ

ဒေါ်ရင်နုက လူကြီးရောဂါ၊ သူငယ်ပြန်ပြီး မှတ်ဉာဏ်ချို့ယွင်းနေကာ အစာပိုက်နဲ့အစာကျွေးရတယ်။ ဆီးပိုးဝင်ရင် တစ်ခါတစ်ခါ ဖျားတတ်ပါတယ်။ ဆေးရုံမှာ ၆ လကြာပေမယ့် ရေတစ်ခါမှမချိုးပါဘူး။ ရေပတ်ပဲသုတ်တာတွေ့ရပါတယ်။ ရေမချိုးတာတစ်နှစ်ရှိပါပြီ။ သူတစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ ဆေးရုံတက်တဲ့လူနာ၊ အိမ်မှာအိပ်ရာထဲလဲနေတဲ့ လူနာအများစုတွေလည်း ဒီလိုပဲ ရေမချိုးဘဲ ရေပတ်သုတ်နေကြတာဖြစ်ပါတယ်။

အအေးဓာတ်ကိုကြောက်လို့ ရေမချိုးဘဲ ချွေးတွေကြေးတွေနဲ့လုံးနေတတ်ပါတယ်။ အများအားဖြင့် ရေပတ်ပဲသုတ်ကြပါတယ်။ လှုပ်နိုင်၊ ထိုင်နိုင်ရင်လည်း ရေပတ်ဘဲသုတ်နေကြတာတွေ့ရပါတယ်။ ရေပတ်သုတ်တာက စနစ်တကျချွေးနံ့စင်ရုံသုတ်တာမဟုတ်ဘဲ ပိုးတွေပါသန့်စင်အောင်သုတ်ရပါမယ်။ ဆပ်ပြာကောင်းကောင်းသုံးပြီး၊ ဆပ်ပြာစင်အောင်ပြန်သုတ်တာ၊ ဆေးတာလည်း အရေးကြီးပါတယ်။ သုတ်တဲ့နေရာနှံ့၊ မနှံ့၊ အထူးသဖြင့် ချောင်တွေကြားတွေမှာ နှံ့စပ်အောင် သုတ်နိုင်၊ သန့်ရှင်းနိုင်ဖို့လည်းလိုပါတယ်။ အိပ်ရာထဲမှာလဲနေတဲ့ လူနာဝမ်းပျက်နေရင် ပိုပြီးဂရုတစိုက် သန့်အောင်လုပ်ရပါမယ်။ ဝမ်းထဲက E.coli ဆိုတဲ့ ပိုးတွေဟာ ဆီးပိုးဝင်တာအများဆုံးဖြစ်စေပါတယ်။ လူနာရဲ့ကိုယ်က ပိုးပဲ လူနာဆီးထဲ၊ သွေးထဲရောက်သွားပြီး ဖျားတတ်ပါတယ်။

သဘာဝအလျောက် ဆီးပေါက်တဲ့ အင်္ဂါအဝနဲ့ ဝမ်းသွားတဲ့စအိုပေါက်အဝက နီးစပ်နေတာကြောင့်ဖြစ်ပါတယ်။ ရေပတ်သုတ်ရုံနဲ့ ဘယ်လိုမှ ပိုးတွေသန့်စင်အောင်၊ ကင်းစင်အောင်မပြုလုပ်နိုင်ပါဘူး။ ရေပတ်သုတ်တဲ့စနစ်ကျဖို့လည်း လိုပါတယ်။ စအိုဝနားကိုသုတ်ထားတဲ့ ရေပတ်နဲ့မိန်မကိုယ်ဘက်ကို ဆက်သုတ်လိုက်ရင် မစင်မှပိုးတွေ ဆီးလမ်းကြောင်းထဲကို သွင်းပေးလိုက်သလို ဖြစ်တတ်ပါတယ်။ ရေချိုးမှ ဒီပိုးတွေစင်အောင် ဆေးကြောပစ်နိုင်မှာဖြစ်ပါတယ်။ လူနာထနိုင်၊ ထိုင်နိုင်ရင် အေးတဲ့ရာသီမှာ ရေနွေးနဲ့ချိုးပေးသင့်ပါတယ်။ လမ်းမလျှောက်နိုင်ရင် အထူးသဖြင့် သိပ်ဝလွန်းတဲ့လူနာတွေဆိုရင် ရေချိုးခန်းရှိရာသို့ သယ်ဆောင်ရတဲ့ အခက်အခဲတွေတော့ရှိပါတယ်။ အများသုံးရေချိုးခန်းတွေပဲရှိတဲ့ ပြည်သူ့ဆေးရုံတွေမှာပိုပြီးခက်ခဲပါတယ်။ ဒါကြောင့်လည်း ရေပတ်သုတ်တာကိုပဲ လုပ်ကြတာများပါတယ်။ ရေပတ်ကို ပိုးစင်အောင်အထိရည်ရွယ်ပြီး စနစ်တကျသုတ်ပေးဖို့လည်း အရေးကြီးကြောင်း ထပ်လောင်းသတိပေးလိုပါတယ်။

ဆေးရုံမှာ တာရှည်နေရတဲ့လူနာရဲ့ ကိုယ်ခန္ဓာမှာနေနေတဲ့ရောဂါပိုးတွေဟာ ပိုးသတ်ဆေးပေါင်းစုံနဲ့ ထိတွေ့ဖူးတဲ့ ပိုးတွေဖြစ်လို့ ဆေးယဉ်ပါးတဲ့ပိုးအပြင်းစားတွေဖြစ်တတ်ကြပါတယ်။ ဒီပိုးတွေပြန်ဝင်ရင် အခြေအနေ အဆိုးဆုံးဖြစ်တတ်ပါတယ်။ ရေချိုးပေးခြင်းရဲ့ ကောင်းကျိုးတွေက ပိုများပါတယ်။ အခြေအနေပေးရင်လူနာကို ရေချိုးပေးဖို့တိုက်တွန်းလိုပါတယ် . . .

ဆေးရုံမှာ လူနာကိုရေချိုးပေးချင်ရင်တောင် ဒီလိုနေမကောင်းလို့ အားမရှိလို့လဲနေတဲ့လူနာ၊ မထနိုင်တဲ့လူနာတွေကို ရေမချိုးပေးနိုင်ပါဘူး။ နိုင်ငံခြားဆေးရုံတစ်ခုမှာ အိပ်ယာမှာလဲနေလို့ မထနိုင်တဲ့ ဒေါ်ရင်နုလို နာတာရှည်လူနာတွေကို ရေချိုးပေးနိုင်တဲ့ facility ရေချိုးခန်းမျိုးတွေ့ဖူးတာလေးကို ပြောပြချင်ပါတယ်။ ကုတင်ပါတပ်ဆင်ထားတဲ့ ရေချိုးကန်တွေရှိပါတယ်။ ရေချိုးကုတင်မှာ ရေပန်းအမျိုးမျိုး ထောင့်စုံမှာတပ်ထားတာဆိုတော့ လဲလျောင်းလျက်အနေအထားမှာ ရေချိုးပေးလို့ရတော့ အရမ်းအဆင်ပြေပါတယ်။ လူနာရဲ့ကိုယ်မှာ ကပ်နေတဲ့ပိုးတွေ စင်သွားတဲ့အတွက် ပိုးဝင်နှုန်း နည်းပါးသွားစေနိုင်ပါတယ်။

ဆေးရုံမှာ တာရှည်နေရတဲ့လူနာရဲ့ ကိုယ်ခန္ဓာမှာနေနေတဲ့ရောဂါပိုးတွေဟာ ပိုးသတ်ဆေးပေါင်းစုံနဲ့ ထိတွေ့ဖူးတဲ့ပိုးတွေဖြစ်လို့ ဆေးယဉ်ပါးတဲ့ ပိုးအပြင်းစားတွေဖြစ်တတ်ကြပါတယ်။ ဒီပိ်ုးတွေပြန်ဝင်ရင် အခြေအနေအဆိုးဆုံးဖြစ်တတ်ပါတယ်။ ရေချိုးပေးခြင်းရဲ့ကောင်းကျိုးတွေက ပိုများပါတယ်။ အခြေအနေပေးရင် လူနာကိုရေချိုးပေးဖို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် အအေးမိတယ်ဆိုတာရှိပါတယ်။ အေးလွန်းရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဒါတွေကိုသတိထား ရှောင်ရှားနေကြတာ၊ အအေးကြောက်ကြတာ မမှားပါဘူး။ ဒါပေမဲ့ အေးတာကြောက်လို့ လူနာတွေအတွက် လုပ်သင့်တာတွေ မလုပ်ပေးဖြစ်တဲ့အတွက် တခြားဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အအေးလွန်ခြင်းရဲ့ ဆိုးကျိုးရှိနိုင်ပေမယ့် လူနာသက်သောင့်သက်သာဖြစ်တဲ့အပူချိန်မှာထားပေးရင် ဒီဆိုးကျိုးတွေ ရှောင်ရှားလို့ရပါတယ်။ ရုတ်တရက် ပူလွန်း၊ အေးလွန်းတာမရှိစေဖို့ သတိပြုရပါမယ်။

ဒီလို အအေးကြောက်လွန်းတာကြောင့် လူနာပြုစုရာမှာ မှားယွင်းတဲ့အယူအဆတွေကိုရှောင်ပြီး ပိုမိုကောင်းမွန်တဲ့ပုံစံတွေကို ပြုပြင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top