Healthy Life Ad
Child

တက်တတ်သော ကလေးများ (၁)

ဒေါက်တာကျော်လင်း (ကလေးဦးနှောက်အာရုံကြောအထူးကုဆရာဝန်ကြီး)

ကလေးတစ်ယောက် တက်ပြီဆိုရင် မိဘဆွေ မျိုးတွေရော ဆရာဝန်ပါ စိုးရိမ်စိတ်နဲ့ ဂရုတစိုက် စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ရင် စနစ်တကျ ကုသမှု ပေးရပါတယ်။

ဆရာဝန်ဖက်ကကြည့်ရင် လောလောဆယ်တက်နေတဲ့ ကလေးကို အရေးပေါ် ပြုစုမှုပေးဖို့ လိုအပ်သလို တက်ပါတယ်ဆိုပြီးလာတဲ့ ကလေးတစ်ယောက်မှာ တကယ်တက်သလားဆိုတာလည်း စစ်ဆေးဖို့ အရေးကြီးပါတယ်။ သုတေသနတွေအရတက်တယ်ဆိုပြီးလာတဲ့ကလေးတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ အတက်အစစ် မဟုတ်ပါဘူး။

ဒီလိုစစ်ဆေးတဲ့နေရာမှာ တိတိကျကျရောဂါ ရာဇဝင်မေးမြန်းရသလို ကလေးဖြစ်နေတဲ့ပုံစံကို မြင်ရရင်အကောင်းဆုံးပါ။ ဒီခေတ်မှာ လက်ကိုင်ဖုန်းတွေနဲ့ Video ရိုက်ထားနိုင်ရင် အင်မတန်ကောင်းပါတယ်။ ဆရာဝန်တစ်ယောက်အတွက် Video ကြည့်ပြီး အတက်ဟုတ်၊ မဟုတ်ဆုံးဖြတ်ဖို့ ပိုမိုလွယ်ကူပါတယ်။ မြစ်ကြီးနားက ကလေး န်ကုန်အထိလာစရာလည်း မလိုပါဘူး။ Video ေလးပို့လိုက်ရုံပါပဲ။

မျက်လုံးပွင့်ပြီး လန်နေတာ၊ မျက်လုံးစွေနေတာ၊ နှုတ်ခမ်းပြာနေတာ၊ ပါးစပ်က အမြှုပ်ထွက်နေတာ တွေဟာ အတက်နဲ့ ပိုတူပါတယ်။ ခေါင်း ဒါမှမဟုတ် လည်ပင်းစောင်းနေသလား၊ တစ်ကိုယ်လုံး တက်သလား၊ ကိုယ်တစ်ခြမ်းပဲ တက်သလားဆိုတာတွေ လည်းအရေးကြီးပါတယ်။ ကလေးတစ်ယောက် တက်ရင် များသောအားဖြင့် ၄ -၅ မိနစ်ပဲ ကြာတတ်ပါတယ်။ တက်ပြီးရင်လည်း ခဏ အိပ်ပျော်သွားတတ်ပါတယ်။

ဒီလိုစစ်ဆေးတဲ့နေရာမှာ တိတိကျကျရောဂါ ရာဇဝင်မေးမြန်းရသလို ကလေးဖြစ်နေတဲ့ ပုံစံကို မြင်ရရင်အကောင်းဆုံးပါ။ ဒီခေတ်မှာ လက်ကိုင် ဖုန်းတွေနဲ့ Video ရိုက်ထားနိုင်ရင် အင်မတန် ကောင်းပါတယ်။ ဆရာဝန်တစ်ယောက်အတွက် Video ကြည့်ပြီး အတက်ဟုတ်၊ မဟုတ်ဆုံး ဖြတ်ဖို့ ပိုမိုလွယ်ကူပါတယ်။ မြစ်ကြီးနားက ကလေးရန်ကုန်အထိ လာစရာလည်း မလိုပါဘူး။ Video လေး ပို့လိုက်ရုံပါပဲ။

ဒါတွေဟာ ဘာအတွက်အရေးကြီးသလဲဆိုရင် ကလေးတွေမှာ အတက်လက္ခဏာနဲ့ တူတတ်တဲ့ တခြား အန္တရာယ်မရှိတဲ့ ကိစ္စတွေရော၊ တချို့ရောဂါတွေ ပါရှိလို့ပါ။တက်တာသေချာမှ ဆက်ပြီး စစ်ဆေးကုသဖို့ လိုပါတယ်။ မသေချာဘဲ ရမ်းလုပ်မှန်းလုပ်တာဟာ စောင့်ကြည့်တာထက် အန္တရာယ်များပါတယ်။

တက်တတ်တဲ့ ကလေးတွေကို ကြည့်ရင် အဓိက ၄ အုပ်စု ရှိပါတယ်။

(၁) အဖျားကြီး၍တက်ခြင်း (Febrile seizure or Febrile convulsion)

(၂) လတ်တလော ဦးနှောက်နဲ့ သက်ဆိုင်တဲ့ရောဂါ တစ်ခုခု၊ ဓာတ်ပြောင်းလဲမှုတစ်ခုခုကြောင့် တက်ခြင်း (Acute symptomatic seizures) – ဥပမာ ဦးနှောက်အမြှေးရောင်တာတို့၊ ဦးနှောက်ထဲ ပြည်တည်တာတို့၊ သွေးပေါင်ရုတ်တရက် ထိုးတက်တာတို့၊ သွေးတွင်းအချိုဓာတ် အရမ်းကျသွားတာတို့ပါ။

(၃) အတက်ရောဂါ (Epilepsy)

(၄) အတက်လက္ခဏာနဲ့ဆင်တူတဲ့ အတက်မဟုတ်တဲ့ တခြားကိစ္စတွေ (Seizure mimics) – အများစုဟာ အန္တရာယ်မရှိပါဘူး။ပထမဆုံး အဖျားကြီး၍တက်ခြင်း (Febrile seizure or Febrile convulsion) အကြောင်း ပြောချင်ပါတယ်။ ဒါကိုရောဂါပဲခေါ်ခေါ် အဖြစ်များတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပဲ ပြောပြော၊ အန္တရာယ်မရှိတဲ့ အုပ်စုပါ။

အဖျားကြီးပြီးတက်တဲ့အကြောင်း ဆက်ပြောပါ့မယ်။ အဖျားကြီးပြီး တက်တတ်တဲ့ ကလေးတစ်ယောက်ဟာ နောက်ထပ်တက်ဖို့ ရာနှုန်း ၃၀ ရှိပါတယ်။ ဆိုလိုတာက အဖျားကြီးပြီးတက်တဲ့ကလေး အယောက် ၁၀ဝ မှာ ၃၀ လောက်ဟာ ကလေး အသက် ၅နှစ်၊ ၆နှစ်လောက်ထိ ထပ်တက်နိုင်ပါတယ်။

အဲဒီလိုထပ်မတက်အောင် ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။ အခုချိန်ထိ ထိထိရောက်ရောက် အန္တရာယ် ကင်းကင်းနဲ့ ကာကွယ်နိုင်တဲ့နည်း မရှိပါဘူး။

သုတေသန တွေ့ရှိချက်တွေအရ အဖျားကျအောင် ဘယ်လိုပဲလုပ်လုပ် တက်မယ့် ကလေးက တက်မှာပါပဲ။ အဖျားနည်းနည်းနဲ့လည်း တက်နိုင်ပါတယ်။ ဒါ့ကြောင့် အဖျားကြီးပြီး တက်တတ်တဲ့က လေးဖျားပြီဆိုရင် အဖျားကျဆေးတွေ အရမ်းမတိုက်သင့်ပါဘူး။ တက်လာရင်သာ တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။ မိဘတွေရဲ့ စိတ်ထဲမှာ ဒါဟာ အန္တရာယ် မရှိနိုင်တဲ့ တက်ခြင်းတစ်မျိုးလို့သာ ခံယူထားပါ။

အောက်ပါကလေးတွေဟာ အဖျားကြီးလို့ တစ်ခါတက်ပြီးရင် နောက်တစ်ခါထပ်တက်ဖို့ ရာနှုန်းပို များပါတယ်။

(၁) အသက်တစ်နှစ်အောက် စတက်တဲ့ ကလေး

(၂) အဖျားနည်းနည်းနဲ့ တက်တတ်တဲ့ ကလေး

(၃) စဖျားဖျားချင်း တက်တဲ့ကလေး၊ တက်မှ၊ တက်ပြီးမှ ဖျားမှန်းသိတဲ့ ကလေး

(၄) မိဘညီအစ်ကိုမောင်နှမထဲမှာ အဖျားကြီးပြီး တက်ဖူးတဲ့ ကလေး

အဖျားကြီးပြီးတက်ဖူးတဲ့ ကလေးတွေထဲက အောက်ပါကလေးတွေဟာ တခြားကလေးတွေနဲ့ ယှဉ်ရင် အသက်ကြီးရင် အတက်ရောဂါဖြစ်ဖို့ရာနှုန်း နည်းနည်းပိုများပါတယ်။

(၁) ကလေးရဲ့ ဖွံ့ဖြိုးမှု နောက်ကျရင် (အထိုင်အထ လမ်းလျှောက်နောက်ကျတာတို့၊ စကားပြောနောက် ကျတာတို့) – developmental delay

(၂) တစ်ကြိမ်ဖျားရင် တစ်ခါမကတက်တာတို့ အချိန်အကြာကြီး ၁၀ မိနစ် ၁၅ မိနစ်မက တက်တာတို့၊ တစ်ကိုယ်လုံးမတက်ဘဲ ကိုယ်တစ်ခြမ်းပဲတက်တာတို့ – complex febrile seizures

(၃) မိဘညီအစ်ကိုမောင်နှမထဲမှာ သာမန်ဖျားပြီး တက်တာမဟုတ်တဲ့ အတက်ရောဂါရှိရင် ဒီနေရာမှာလည်း အဲဒီလိုအတက်ရောဂါဖြစ်မလာအောင် ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။ အခုချိန်ထိ ထိထိရောက်ရောက် အန္တရာယ်ကင်းကင်းနဲ့ ကာကွယ်နိုင်တဲ့နည်း မရှိပါဘူး။

ဒီနေရာမှာတစ်ခုပြောစရာရှိတာက ယနေ့ခေတ်လိုမျိုး မျိုးရိုးဗီဇနဲ့ချီပြီး ရှာဖွေတွေ့ရှိလာတဲ့ ခေတ်ကြီးမှာ ဖျားပြီးတက်တတ်တဲ့ ဗီဇနဲ့ဆိုင်တဲ့အတက်ရောဂါတွေကိုလည်း တွေ့ရှိလာကြပါတယ်။ ဒါပေမဲ့ ဒီလိုကလေးတွေဟာ တစ်ကြိမ်ဖျားရင် အကြိမ်ပေါင်းများစွာတတ်တယ်။ ဖျားတိုင်းလည်း တက်တယ်။ တစ်ခါတလေ မဖျားဘဲလည်းတက်တယ်။ တက်ပုံတက်နည်းအစုံတက်တယ်။ နောက်ပိုင်းမှာဖွံ့ဖြိုးမှုပါ နောက်ကျလာတတ်တယ်။ ဒီလိုကလေးမျိုးကိုတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ကုသ သင့်ပါတယ်။ ဒါပေမဲ့ အနည်းစုပါ။

အဖျားကြီးပြီး တက်တဲ့ရောဂါကို ခြုံပြီး ပြောရရင်-

(၁) အဖြစ်များပါတယ်။

(၂) အန္တရာယ်မရှိပါဘူး။

(၃) အတက်ကျဆေးတွေမလိုပါဘူး။

(၄) စမ်းသပ်မှုတွေ ဥပမာ EEG တို့ ဓာတ်မှန်မျိုးစုံတို့ မလိုပါဘူး။

(၅) ပုံမှန်မဟုတ်ဘဲ အကြိမ်အရမ်းများ၊ မျိုးစုံတက်လာရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ စမ်းသပ်ကုသမှုခံယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top