Healthy Life Ad
Life Style

ရေစီးကမ်းပြိုလိုက်ခြင်း

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ရေစီးကမ်းပြိုလိုက်တယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ ဆရာ။
ဖြေ ။ ရေစီးကမ်းပြိုလိုက်တယ်ဆိုတာ သွားဖုံးရောင်ရမ်းမှုတစ်မျိုးပါပဲ။ ချက်ချင်း လက်ငင်းဖြစ်တာပါ။ ကိုယ် ခံအားကျနေတဲ့အခါမျိုး၊ ဥပမာ ကြီးကျယ်တဲ့ ရောဂါဝေဒနာတွေ ဖြစ်တဲ့အခါ၊ အာဟာရဓာတ်တွေ ချို့တဲ့တဲ့ အခါတွေမှာ ဒီရောဂါ ပိုဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုဖြစ်ရင် အင်္ဂလိပ်စကားနဲ့ Trashmouth လို့ ခေါ်ပါတယ်။ ဆိုလိုတာက စစ်ဖြစ်ရင် ရှေ့တန်းစစ် မျက်နှာပြင်မှာ ကျင်းတွေ တူးပြီး ကျင်းတွေထဲမှာပဲ နေနေရတယ်၊ ဘယ်မှ မသွားရ၊ မလာရ၊ ကောင်းကောင်း မစားသောက်ရတဲ့အခြေအနေမှာ သွားဖုံးတွေက ရောင်လာတယ်။ အဲဒါကို Trashmouthလို့ ခေါ်တယ်။ ဒီအခြေအနေမျိုးမှာ ပင်ပန်းတာရော စိတ်ဖိစီးမှုများတာရောကြောင့် ကိုယ်ခံအား ကျလာတယ်၊ အဲဒီအခါ ခံတွင်းထဲမှာ ရှိတဲ့ ပိုးတွေက ပိုပြီး ထကြွ လာတယ်။ ဒီလို ထကြွတဲ့အခါ သွားဖုံးရောင်လာတယ်။ သွားဖုံးက ပြည်တွေလိုက်ပြီး အနံ့တွေ ထွက်လာတယ်။ ဒီနေ့မှာ သွားဖုံးရောင်ပြီဆိုတာနဲ့ နောက်တစ်နေ့မှာ ပြည်တွေတစိုစိုနဲ့ ဖြစ်တတ်တယ်။

သွားဖုံးတွေက ရောင်ပြီး သွားတွေက ခပ်မြန်မြန်နဲ့သွားတာကို ရေစီးကမ်းပြိုလို့ ခေါ်ပါတယ်။ ရက်ပိုင်းအတောအတွင်းမှာ ဖြစ်တတ်တယ်။
မကုရင် ဖျားတယ်၊ မျက်နှာတွေ ရောင်လာတတ်တယ်၊ သွားတွေ အကုန်ဆုံးရှုံးရတတ်ပါတယ်။ အကျိတ်တွေ ရောင်လာပါတယ်။ ပိုးဝင်တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတယ်။

ရေစီးကမ်းပြိုလိုက်တာမဖြစ်အောင် သွားနဲ့ ခံတွင်းကို စနစ်တကျ မှန်မှန်ကန်ကန် ထိန်းသိမ်းရမယ်။ အာဟာရ ချို့တဲ့မှုမရှိရဘူး။ ကိုယ်ခံအား ကောင်းရမယ်။ ကျန်းမာရေး ကောင်းရမယ်။ အထူးသဖြင့် ခံတွင်းသန့်ရှင်းရေး ကောင်းနေရင်တော့ ဖြစ်စရာအကြောင်း သိပ်မရှိပါဘူး . . .

မေး ။ ရေစီးကမ်းပြိုလိုက်တာ မဖြစ်အောင် ဘယ်လို ထိန်းသိမ်းသင့်ပါသလဲ ဆရာ။
ဖြေ ။ ရေစီးကမ်းပြိုလိုက်တာမဖြစ်အောင် သွားနဲ့ခံတွင်း ကို စနစ်တကျ မှန်မှန်ကန်ကန်ထိန်းသိမ်းရမယ်။
အာဟာရချို့တဲ့မှုမရှိရဘူး။ ကိုယ်ခံအား ကောင်းရမယ်။
ကျန်းမာရေး ကောင်းရမယ်။ အထူးသဖြင့် ခံတွင်းသန့်ရှင်းရေး ကောင်းနေရင်တော့ ဖြစ်စရာ အကြောင်း သိပ်မရှိပါဘူး။

မေး ။ အခုနောက်ပိုင်းမှာ ရေစီးကမ်းပြိုလိုက်ပြီး ရောက်လာတဲ့ လူနာတွေရှိပါသေးသလား ဆရာ။
ဖြေ ။ အရင်လောက်တော့ အတွေ့ရမများတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွားဖုံးရောင်လာတာနဲ့ ဆရာ ဝန်ဆီ လာပြကြလို့ပါ။ တချို့ကျတော့ ဆရာဝန်ဆီ မပြပေမယ့် ဖျားတာနဲ့ ဆေးဆိုင်တွေကနေ ပဋိဇီဝပိုး သတ်ဆေးတွေ ဝယ်ပြီး သောက်လိုက်တော့ ဒီရောဂါတွေက အရင်လောက်တော့ မဆိုးပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ဆီးချိုသွေးချို ဖြစ်နေတဲ့ လူနာတွေ၊ ကိုယ်ခံအားကျနေတဲ့ လူနာတွေမှာ ဖြစ်ရင်တော့ ဆိုး ဆိုးရွားရွား ဖြစ်တတ်ပါတယ်။ မျက်နှာတွေ ရောင်တာ၊ ပြည်တွေ ထွက်တာ စသဖြင့် ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top