Healthy Life Ad
Life Style

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း(၂) Urinary Tract Infection(2)

ဒေါက်တာတင့်ဆွေ

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ
ဆီးသွားတိုင်း ပူပြီး နာမယ်။
ဆီးခဏခဏ သွားချင်စိတ်ဖြစ်နေမယ်။
ဆီးစပ်ဗိုက်အောက်ပိုင်းနေရာက နာမယ်။
ဆီးထဲ အနည်ပါမယ်။ ဆီးနံ့ဆိုးတယ်။
ဆီးထဲ သွေးလည်းပါတတ်တယ်။
တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
ကျောက်ကပ်တည်ရာ နောက်ကျောဘယ်-ညာ ဖြစ်တဲ့ဘက်မှာ နာမယ်။
ကိုယ်ပူမယ်။ ချမ်းမယ်။
ပျို့ချင်-အန်ချင်မယ်။
ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေမခံစားရတာလည်း ရှိတယ်။ ကိုယ်ဝန်ရှိ နေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလည်း ဆေးကုရမယ်။

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ်နဲ့ ဆီးသွားပြွန် တစ်နေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆရာဝန်ပြဖို့ မလွဲမသွေလိုသူတွေ
ကိုယ်ဝန်ဆောင်၊
အသက်ကြီးသူ၊
ဆီးချိုရှိသူ၊
ကျောက်ကပ်ရောဂါရှိထားသူ၊
ခုခံအား မကောင်းသူ။
တခြားရောဂါတွေလည်း ဖြစ်နိုင်တယ်။

လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ (STD) ဥပမာ –
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊
တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။
ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တစ်ဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ပိုးဝင်တာ ခံရမယ်။
ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာ အထိ ဖြစ်လာနိုင်တယ်။
အစကတည်းက ကျောက်ကပ်သိပ်မကောင်းသူ ဆိုရင် ပိုဆိုးစေမယ်။
ရှားရှားပါးပါးပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။
ဘယ်ကနေစသလဲ
အူတွေထဲမှာနဲ့ မျိုးပွားလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား)တွေ ရှိနေကြတယ်။
တကယ်တော့ ဆီးဆိုတာ မကောင်းပေမယ့် ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
E.coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

ဖြစ်နိုင်ခြေများသူတွေ
လိင်ဆက်ဆံမှု ဖြစ်နိုင် -ဖြစ်နေသူ အမျိုးသမီးများ၊
ရေ-အရည်သောက်နည်းသူများ၊
ရေစိမ်ပြီး ခဏခဏချိုးသူများ၊
ဆီးသွားချင်ပေမယ့် မသွားသေးဘဲ အောင့်ထားသူများ၊
ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ရောဂါသေချာအောင်လုပ်ခြင်း
Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား)တွေ ပါနေ-မနေစစ်မယ်။
ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလည်း ရေတွက်မယ်။
Dipstick test နည်းနဲ့ စစ်တာ မြန်တယ်။
ဗက်တီးရီးယားအမျိုးအစားလည်း ခွဲဖို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်ခြင်းနှင့် ဆီးချို
ပိုအဖြစ်များတယ်။
ခုခံအားလည်း နည်းနေတာရယ်၊ သကြားဓာတ်ကြောင့် ပိုးတွေပိုပြီး ပွားလွယ်တာရယ်ကြောင့် ဖြစ်နိုင်တယ်။
ဆီးအိမ်သွား အာရုံကြော သိပ်မကောင်းနေတာကြောင့်လည်း ဖြစ်နိုင်တယ်။

ယောကျာ်းတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတစ်ခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ်ကြီးနေခြင်း၊ STDsလိင်က တစ်ဆင့်ကူးစက်ရောဂါ။

မင်္ဂလာဦး ဆီးအောင့်ခြင်း
(Honeymoon Cystitis)
အဖြစ်များတယ်။
ဆက်ဆံမှုကြောင့် ဗက်တီးရီးယားတွေကို နေရာ ပြောင်းပို့ပေးသလိုဖြစ်စေတယ်။
တကယ်တော့ မင်္ဂလာဦးမှာသာဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှုစပြုသူ တွေလည်းဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလည်း ဖြစ်တယ်။
ကိုယ်ဝန်တားဖို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလည်း ဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ
ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
ရေ-အရည်များများသောက်ပါ။
ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။

ပန်ပြန်ဖြစ်နေရင် –
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတစ်ကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်းပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းပိုးဝင်ခြင်းနှင့် ကိုယ်ဝန်
ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
ဟော်မုန်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။
ကြီးလာတဲ့သားအိမ်က ဆီးလမ်းကိုဖိနေလို့ ဆီးကိုအောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်ခြင်းနှင့် သွေးဆုံးခြင်း
သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်း နည်းလာတယ်။ ဆီးအိမ်နဲ့ ဗဂျိုင်းနားကို ပိုးဝင်လွယ်စေမယ်။
အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကယောင်ခြောက်ခြား ဖြစ်တာ၊ စိတ်ကယောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဖို့ မမေ့ရပါ။

ဆေးရုံလူနာ
ရောဂါတစ်ခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေချာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်ငယ်လေးတွေ
မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ –
ဘာလို့မှန်းမသိဘဲ ကိုယ်ပူမယ်၊
ဆီးအနံ့မကောင်းဖြစ်မယ်၊
အစားပျက်မယ်၊ အန်မယ်၊
အမူအယာ တစ်မျိုးဖြစ်မယ်။
အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်းပိုးဝင်တယ်။
အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
တချို့ကလေးတွေမှာ မွေးရာပါ ဆီးလမ်းအား နည်းချက်ရှိနေနိုင်တယ်။
ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကာကွယ်မလဲ
ရေများများသောက်ပါ၊
လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊
သန့်ရှင်းရေးလုပ်ရာမှာ လက်ကိုရှေ့ကနေနောက်ဘက်ဆီသာ တစ်လမ်းသွားလုပ်ပါ၊
မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။
ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်းလုပ်ပါ။

Cranberry (ခရင်ဘယ်ရီသီး)
ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလည်း ရှိတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top