Healthy Life Ad
Life Style

မကြာခဏအိပ်မက်ဆိုးတွေ မက်နေသလား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတလေ အိပ်မက်ဆိုးမက်ပြီး လန့်နိုးတဲ့အခါ ပြန်လည်အိပ်စက်ရမှာကိုတောင် စိုးရွံ့မိတဲ့အထိ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အိပ်မက်ဆိုး မမက်ပါစေနဲ့လို့ ဆုတောင်းရင်း အိပ်ရေး မဝဘဲမိုးလင်းရတဲ့အဖြစ်မျိုး ကြုံတတ်တာကြောင့် အိပ်မက်ဆိုးမှ လွတ်မြောက်နိုင်စေဖို့ အောက်ပါ အဆင့်ငါးဆင့်ကို အကြံပြုလိုက်ပါတယ်။

အဆင့် (၁) ညဘက်တွင် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းများမကြည့်သင့်
ညဘက်မှာ ကြမ်းတမ်းတဲ့ ဇာတ်လမ်း၊ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ဇာတ်လမ်းတွေကို ရှောင်ပြီး သင့်ကိုပျော်ရွှင်ကာ ရယ်မောစေနိုင်တဲ့ ဇာတ်လမ်းတွေကိုကြည့်ပါ။ ဒါမှသာ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းဓာတ်တွေထွက်လာပြီး ပျော်ရွှင်ကြည်နူးစေမှာ ဖြစ်ပါတယ်။

အဆင့် (၂) ဒေါသဖြင့် အိပ်ရာမဝင်သင့်
သင့်အနေနဲ့ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်အငြင်းပွားပြီး မကျေမနပ်ဖြစ်နေရင် အဲဒီ ဒေါသစိတ်နဲ့အိပ်ရာမဝင်ပါနဲ့။ အိပ်မက်ဆိုးမက်စေနိုင်သလို အိပ်ရာနိုးတဲ့အချိန်မှာလည်း ဒေါသ ထွက်နေနိုင်ပါတယ်။ အိပ်ရာမဝင်ခင်ကတည်းက ဒေါသနဲ့ မကျေနပ်မှုတွေကို ဖြေလျှော့ထားပါ။

အဆင့် (၃) ပျော်ရွှင်ခဲ့သော အချိန်၊ နေရာတို့ကို ပြန်စဉ်းစားသင့်
အိပ်မက်ဆိုးကြောင့် နိုးထလာရင် အတိတ်ကာလက ပျော်ရွှင်ခဲ့တဲ့အခိုက်အတန့်၊ ပျော်ရွှင် စေတဲ့ သူနဲ့ပျော်ရွှင်စေခဲ့တဲ့ နေရာတွေအကြောင်း စဉ်းစားတွေးတောလိုက်ပါ။ အိပ်မက်ဆိုးမက်တဲ့ အကြိမ်အများစုက စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့အတွက် သင့်ကို ပျော်ရွှင်ရယ်မောစေတဲ့ အဖြစ်အပျက်ကို အကောင်းမြင်စိတ်နဲ့တွေးတောရင်း စိတ်ဖိစီးမှုကို ဖြေလျှော့သင့်ပါတယ်။

အဆင့် (၄) မအိပ်မီ ၁၅-၂၅ မိနစ်အတွင်းလျှပ်စစ်ပစ္စည်းများ မသုံးသင့်
အိပ်ခါနီး စိတ်ကို လှုံ့ဆော်မှုများလွန်းတာက ညဘက်ကောင်းကောင်း အိပ်မောမကျနိုင်ပါဘူး။ မအိပ်ခင် မီးသီးကို ပိတ်ပြီး နူးညံ့တဲ့ တေးသီချင်းကို နားထောင်ပါ။ ကျယ်လောင်တဲ့ တီဗီသံနဲ့ ဆူညံတဲ့ တေးသီချင်းတွေကို အိပ်ခါနီး နားမထောင်ပါနဲ့။

အဆင့် (၅) အိပ်မက်ဆိုးအကြောင်း ချရေးပါ
အိပ်မက်ဆိုးမက်တယ်ဆိုရင် မက်တဲ့ အိပ်မက်ကိုချရေးလိုက်ပါ။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရင်ဖွင့် ပြောပြလိုက်ပါ။ စာအုပ်ထဲမှာ ရေးတာကတော့ သင်ဘယ်လိုခံစားရတယ်ဆိုတာ ဖော်ပြနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။

အဆင့် (၆) တစ်ကိုယ်လုံး အကြောလျှော့ပါ
မျက်စိကိုမှိတ်ပြီး အရင်ဆုံးကြွက်သားတိုင်းကို တောင့်တင်းအောင်လုပ်ဆောင်ပြီး ခြေထောက်မှစကာ ခန္ဓာကိုယ်ရှိ ကြွက်သားအုပ်စုတိုင်းကို တစ်ချိန်မှာ တစ်ခုစီဖြေလျှော့လိုက်ပါ။ တစ်ခါတလေ အနားယူအပန်းဖြေဖို့ လိုအပ်နေတတ်ပါတယ်။ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ရင်း အပန်းဖြေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top