Healthy Life Ad
Life Style

ကမ္ဘာမြေ သာယာလှပဖို့ သစ်ပင်စိုက်ကြစို့

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာမြေကြီးဟာ သဘာဝသစ်ပင်ပန်းမန်တွေ ပြုန်းတီးလာတဲ့အတွက် ရာသီဥတုဖောက်ပြန်တဲ့ ဆိုးကျိုးတွေ ခံနေရပါတယ်။ ဒါကြောင့် လူတိုင်း၊ လူတိုင်းဟာ ကိုယ့်မိသားစုနဲ့အတူ နေထိုင်ရာဝန်းကျင်မှာ အဆင်ပြေသလို သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးသင့်ပါတယ်။ ဒါဟာ ကမ္ဘာမြေလှပစေရုံသာမက သစ်ပင်ပန်းမန်စိုက်ပျိုးတဲ့ သင်တို့တစ်မိသားစုလုံးအတွက်လည်း အောက်ပါကောင်းကျိုးတွေရရှိစေမှာပါ။

(၁) ကယ်လိုရီ လောင်ကျွမ်းစေနိုင်ခြင်း
ပေါ့ပေါ့ပါးပါး သစ်ပင်တစ်ပင်စိုက်ရင်တောင် တစ်နာရီမှာ ကယ်လိုရီ ၃၃၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။ သစ်ပင်စိုက်ပျိုးတယ်ဆိုတာ ကာယလှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့အတွက် ဖြည်းဖြည်းမှန်မှန် စိုက်ပျိုးထွန်ယက်ရင်း ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုကို ရှောင်လွှဲနိုင်ပါတယ်။

(၂) စိတ်ကြည်နူးမှု ရရှိစေခြင်း
သစ်ပင်ပန်းမန်တွေကို ကိုယ်တိုင် စိုက်ပျိုးရင်း သီးပွင့်လာချိန်မှာ ခံစားရတဲ့ ပျော်ရွှင်ကြည်နူးမှုဟာ ဘဝမှာ နေပျော်စေတဲ့ အရသာအသစ်ပါ။ ဟင်းသီးဟင်းရွက်တွေကို ကြိုက်နှစ်သက်စွာ စားသုံးလေ့မရှိသူတွေတောင် ဥယျာဉ်ထဲမှာ သူတို့စိုက်ပျိုးရင်း သီးပွင့်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးလိုစိတ် များတတ်ပါတယ်။

(၃) မိသားစု စုစည်းချစ်ခင်မှုတိုးစေခြင်း
ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ ဂျာနယ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အရ သြဂဲနစ်နည်းနဲ့ ဥယျာဉ်စိုက်ပျိုးမှုကို လေ့လာတဲ့ မိသားစု ၄၂ စုကို လေ့လာခဲ့ရာ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံး တဲ့အလေ့အထအပြင် မိသားစုချင်း ပိုပြီး ချစ်ခင်စည်းလုံးမှုကိုရရှိစေတယ်လို့ သိရပါတယ်။ ဥယျာဉ်ခြံမြေ ထဲမှာအတူအလုပ်လုပ်ရင်း ကုန်ဆုံးခဲ့တဲ့ အချိန်တွေဟာ မိသားစုစည်းလုံးမှုတိုးစေခဲ့ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

(၄) ကလေးများ တာဝန်ယူစိတ်ရှိစေခြင်း
သစ်ပင်စိုက်ပျိုးတဲ့အခါ အသက်အရွယ်နဲ့ စွမ်းဆောင်နိုင်စွမ်းအပေါ်မူတည်ပြီး ကလေးတွေကို တာ ဝန်ပေးလိုက်တဲ့အခါ ကလေးတွေမှာ တာဝန်ယူတတ်မှုနဲ့ အရေးပါအရာရောက်တဲ့ စိတ်ခံစားချက်တို့ ရရှိ သွားပါတယ်။ ကလေးတွေကို သစ်ပင်ပျိုးခွင့်၊ ရေလောင်းခွင့်နဲ့ ပြုစုပျိုးထောင်ခွင့် ပေးထားရင် အဲဒီအပင်က သီးပွင့်လာတဲ့သစ်သီးဝလံတွေကို သဘောကျစွာ စားသုံးလာပါလိမ့်မယ်။

(၅) သဘာဝတရား ချစ်ခင်မြတ်နိုးခြင်း
သစ်ပင်စိုက်ပျိုးတဲ့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတစ်ခုဟာ ပတ်ဝန်းကျင်ကို လေ့လာခွင့်ရရှိတာနဲ့ သဘာဝတရားကို ချစ်မြတ်နိုးမှု ရှိလာတာပဲ ဖြစ်ပါတယ်။ အရင်က တစ်ကြိမ်တစ်ခါမှ သစ်ပင်စိုက်ပျိုးပြုစုမှု မလုပ်ခဲ့ဖူးသူတွေနဲ့ ယှဉ်ရင် သစ်ပင်စိုက်ပျိုးဖူးသူတွေက ပတ်ဝန်းကျင် ချစ်ခင်မြတ်နိုးတန်ဖိုးထားစိတ်ပိုရှိပါတယ်။

(၆) စကားစမြည်ပြောဆိုနိုင်စေခြင်း
မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ အိမ်နီးချင်းတွေဟာ သစ်ပင်ပန်းမန်တွေကို အတူ စိုက်ပျိုးကြချိန်မှာ ဘယ်လို ဟင်းလျာချက်ပြုတ်တယ်၊ သစ်ပင်တွေကို ဘယ်လို စိုက်ပျိုးတယ်..ဆိုတာက စပြီး သစ်ပင်ချစ်သူချင်း အတူတူ စကားစမြည် ပြောဆိုရာက ပေါင်းသင်းဆက်ဆံရေး ပိုမိုခိုင်မြဲသွားလေ့ရှိပါတယ်။

(၇) စိတ်ဖိစီးမှု ပြေလျော့စေခြင်း
လေ့လာမှုတစ်ရပ်အရ အရွယ်ရောက်သူတွေမှာ သစ်ပင်ပန်းမန် စိုက်ပျိုးတာကြောင့် စိတ်ပိုင်းဆိုင်ရာတင်းမာမှုနဲ့ စိတ်ဖိစီးမှုကိုသိသိသာသာ လျော့ကျစေတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top