Healthy Life Ad
Life Style

အလုပ်ချိန်နဲ့ ရလဒ်ကိုက်ညီမှုမရှိဖြစ်နေသူတို့ အလုပ်တွင်စေမယ့် နည်း ငါးသွယ်

၊ငွေကြယ်စင်ယံ၊

အလုပ်တွေ များတဲ့အခါနဲ့ လုပ်ရမယ့် အလုပ်တွေက ရှုပ်ထွေးခက်ခဲတဲ့အခါမှာ ဘယ်အလုပ်ကို ဦးစားပေးလုပ်ရပါ့မလဲ၊ အလုပ် တွင်ကျယ်ပြီးမြောက်အောင် ဘယ်လိုလုပ်ရပါ့မလဲဆိုတာ မဝေခွဲနိုင်အောင် စိတ်ရှုပ်ထွေးရတတ်ပါတယ်။ အလုပ်စားပွဲမှာ တစ်နေ ကုန်ထိုင်နေပေမယ့် အချိန်သာ ကုန်သွားရော၊ ဘာ ရလဒ်မှ မရဘူးဆိုတဲ့ အဖြစ်မျိုး မဖြစ်စေဖို့ အလုပ် တွင်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ဦးစားပေးအလုပ်ကို ချမှတ်ပါ
လုပ်ငန်းခွင်ကို ရောက်တဲ့အခါ ကွန်ပျူတာကို ချက်ချင်းဖွင့်ပါ။ အဲဒီအချိန်အတွင်းမှာ တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေနဲ့ ဦးစားပေးရမယ့် အလုပ် တွေကို နံပါတ်နဲ့ အစဉ်လိုက် ချရေးပြီး မှတ်ထားသင့်ပါတယ်။

(၂) အာရုံစိုက်ပါ
အလုပ်လုပ်တဲ့အခါ တစ်ချိန်မှာ လုပ်စရာတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ကောင်းကောင်းပြုလုပ်ပါ။ ဟိုဟာ လုပ်ရမလို၊ ဒီဟာလုပ်ရမလို ပျာယာခတ်နေရင် အချိန်ကုန်ပြီး အလုပ်ပြီးမြောက်မှုလည်း ရှိမှာ မဟုတ်ပါဘူး။

(၃) အစီအစဉ်တစ်ခု ချမှတ်ပါ၊ လုပ်ဆောင်ပါ
အလုပ်နဲ့ ဆိုင်တဲ့ အီးမေးတွေကို စစ်ဆေးပါ။ လုပ်ငန်းခွင်အတွက် အရေးပါတဲ့ အချက်အလက်တွေကို ရှာဖို့ အင်တာနက်ကို အသုံးချပါ။ အင်တာနက်က လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေ၊ ဂိမ်းတွေကြောင့် အလုပ်တွင်ကျယ်မှုကို မထိခိုက်ပါစေနဲ့။ လုပ်ငန်းခွင်ဆိုင်ရာ အီးမေးတွေကို အရေးတကြီး ပြန်စရာရှိရင်ပြန်ပါ။ မလိုအပ်တဲ့ ဖိုင်တွေကို ဖျက်လိုက်ပါ၊

(၄) လုပ်ရမည့် စာရင်းတစ်ခုပြီးတိုင်းရေး ခြစ်ထားပါ၊ အောင်မြင်မှုအတွက်ဆုပေးပါ
အလုပ်မှာ ကိုယ်ဆောင်ရွက်ရမယ့် အလုပ်တစ် ခုချင်းစီကို စတင်ပြုလုပ်ပါ။ ပရောဂျက်တစ်ခုမှာ သင်က တာဝန်ယူ ဦးစီးပြီး ဆောင်ရွက်နေရသူဖြစ်ရင် ကိုယ်ပိုင်အလုပ်အပြင် အဖွဲ့လိုက်လုပ်ဆောင်ရမယ့် အလုပ်တွေကိုပါ ဦးဆောင်ပြီး ကြိုးစားလုပ်ကိုင်ပါ။ အလုပ်ကိစ္စတစ်ခု ပြီးမြောက်တိုင်း သူငယ်ချင်းနဲ့ စကားစမြည်ပြောတာ၊ မတ်တတ်ထရပ်တာ၊ ဖုန်းပြော တာ . . စတဲ့ သင့်အတွက် စိတ်ပေါ့ပါးလန်းဆန်းမှု ဖြစ်စေမယ့် အရာတစ်ခုခုကို လုပ်ဆောင်လိုက်ပါ။

(၅) ဖြစ်နိုင်လျှင် အစီအစဉ်ရေးဆွဲပါ
တစ်နေ့တာအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာထက် ပိုပြီးအစီအစဉ်ရေးဆွဲလုပ်ကိုင်ဖို့ မမျှော်လင့်ပါနဲ့။ စိတ်မောလူမောနဲ့ စိတ်ဖိစီးမှုများ ရတတ်ပါတယ်။ ကိုယ်ပိုင်အချိန်ဇယားတစ်ခု ချမှတ်ပြီး အဲဒီအချိန်ဇယားအတိုင်း လုပ်ကိုင်သွားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top