Healthy Life Ad
Life Style

အတူတွဲစားလျှင် ကျန်းမာရေးနှင့် ပိုညီညွတ်သည့် အစာ၂၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တချို့အစာတွေက တွဲဖက်စားပေးရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူရရှိစေပါတယ်။

– ဟင်းရွက်သုပ်+သံလွင်ဆီ

သံလွင်ဆီက ဟင်းရွက်သုပ်ထဲမှာပါတဲ့လိုင်ကိုပင်း၊ ဘီတာကယ်ရိုတင်းနဲ့ အင်တီအောက်ဆီးဒင့် အပါအဝင် ကာရိုတီးနွိုက်တွေကို သုံးဆပိုပြီး စုပ်ယူရရှိစေပါတယ်။

– အမဲသား+ပန်းဂေါ်ဖီစိမ်း

ဗီတာမင်စီပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ တွဲစားတဲ့အခါ အမဲသားမှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူရရှိနိုင်ပါတယ်။

– ဆန်လုံးညို+ကြက်သွန်ဖြူ

ဆန်လုံးညိုချက်တဲ့အခါ ကြက်သွန်ဖြူထည့်ချက်စားရင် သင့်ခန္ဓာကိုယ်က သံဓာတ်နဲ့ဇင့်(သွပ်)ဓာတ်ကို ပိုမိုစုပ်ယူရရှိပါလိမ့်မယ်။

– စတော်ဘယ်ရီ+အုတ်ဂျုံကွေကာ (Oatmeal cereal)

ကောက်နှံတစ်ခုလုံးပါတဲ့ အုတ်ဂျုံကွေကာထဲ စတော်ဘယ်ရီသီးထည့်စားရင် ဗီတာမင်ဘီနဲ့စီကို ကောင်းကောင်း စုပ်ယူရရှိနိုင်ပါတယ်။ ဒိန်ချဉ်ကိုလည်း ထည့်စားနိုင်ပါတယ်။

– တိုဟူး+ငရုတ်ပွသီး

ငရုတ်ပွသီးမှာ လိမ္မော်သီးထက် ဗီတာမင်စီ ပိုမိုပါဝင်နေပါတယ်။ အဲဒီအတွက် သံဓာတ်စုပ်ယူမှုအား ကောင်းစေပါတယ်။ တိုဟူးဟင်းလျာထဲ ငရုတ်ပွသီးထည့်ချက်စားရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှု ပိုအားကောင်းစေပါတယ်။

– ဂေါ်ဖီထုပ်+ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးလို အဆီများတဲ့ငါးနဲ့ ဂေါ်ဖီထုပ် တွဲစားရင် ဗီတာမင်ဒီစုပ်ယူမှုအားကောင်းစေပါတယ်။

– ထောပတ်သီး+ခရမ်းချဉ်သီး

ထောပတ်သီးမှာပါတဲ့ အဆီက ခရမ်းချဉ်သီးမှာပါတဲ့ ကာရိုတီးနွိုက်နဲ့ ဗီတာမင်အေကို ပိုမိုအစွမ်းထက်စေပါတယ်။ ထမင်းကို ခရမ်းချဉ်သီးဟင်းနဲ့တွဲစားပြီး ထောပတ်သီးကို အချိုတည်းပါ။

– မြေပဲထောပတ်+ငှက်ပျောသီး

မြေပဲထောပတ်နဲ့ ငှက်ပျောသီးကို တွဲစားတာကြောင့် ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ကောင်းကောင်းရရှိစေပြီး ကြွက်သားတစ်သျှူးတွေကို သန်စွမ်းစေပါတယ်။

– နနွင်းမှုန့်+ငရုတ်ကောင်းမှုန့်

ငရုတ်ကောင်းမှာ ပက်ပါရင်းပါတဲ့အတွက် နနွင်းမှုန့်ထဲက အစွမ်းထက် ကာကူမင်ဒြပ်ပေါင်းကို ခန္ဓာကိုယ်က စုပ်ယူရရှိမှု အားကောင်းစေပါတယ်။ ဟင်းချက်တဲ့အခါ နနွင်းမှုန့်နဲ့အတူ ငရုတ်ကောင်းမှုန့်ခတ်ပါ။

– လက်ဖက်စိမ်းလက်ဖက်ရည်+ သံပရိုသီး

သံပရိုသီးက လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ အင်တီအောက်ဆီးဒင့်(ကက်တီချင်)ကို အားကောင်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်ထဲ သံပရိုသီးစိတ် ထည့်သောက်ပေးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top