Healthy Life Ad
Life Style

ဆူညံသံကြောင့် နားထိခိုက်ခြင်း

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆူညံသံတွေ အများကြီးပါပဲ။ ပြောပြရင်တောင် တော်ရုံနဲ့ ကုန်မှာ မဟုတ်ဘူး။ အဲဒီဆူညံသံတွေက လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လေယာဉ်ပျံဆူညံသံနဲ့ သွေးတိုးရောဂါ ဆက်စပ်မှုရှိတဲ့အကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ဒေါက်တာမက်စ်ရိုတင်လန်နဲ့ အဖွဲ့က လေယာဉ်ကွင်းနားမှာနေပြီး နေ့စဉ် လေယာဉ်အတက်အဆင်းလုပ်တဲ့အခါ ထွက်ပေါ်လာတဲ့ ဆူညံသံကြားမှာနေရတဲ့ အမျိုးသား၂၀ဝ၀ ဦးကျော်ကို ၁၀နှစ်ကြာအောင်လေ့လာခဲ့တယ်။ တွေ့ရှိချက်ကတော့ လေယာဉ်အတက်အဆင်းအများဆုံးရှိတဲ့၊ ဆူညံသံ အများဆုံးကြားရတဲ့ လေဆိပ်တွေနားမှာနေတဲ့ သူတွေဟာ ဆူညံသံနည်းတဲ့ လေဆိပ်တွေနားမှာ နေတဲ့သူတွေထက်ပိုပြီး သွေးတိုးရောဂါရှိနိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

အသံအတိုးအကျယ်ကို ဒက်ဆီဘဲလ်နဲ့ ပြပါတယ်။ နှစ်ကိုယ်ကြားပြောရင် ၃၀ က ၄၀၊ တိတ်နေတဲ့အခန်းက ၅၀လောက်၊ ပုံမှန် စကားပြောသံက ၆၀၊ မော်တော်ဆိုင်ကယ်တို့၊ မြက်ရိတ်စက်အသံတို့က ၉၀၊ ရော့ခ်ဂီတပွဲ ၁၁၀က ၁၂၀ အထိတောင် ရှိပါတယ်။ ဂျက်လေယာဉ်ပျံတက်တဲ့ အချိန်ကျတော့ ၁၄၀ တောင်ရှိတယ်။ သေနတ်ပစ်တဲ့အသံဆိုရင် ၁၄၀ က ၁၇၀ အထိရှိတယ်တဲ့။ ဒီလိုသိပ်ပြီး ဆူညံတဲ့ အသံတွေကိုကြားရတဲ့အခါ နားကိုထိခိုက်တော့တာပဲ။

ဆူညံသံကြောင့် အကြားလျော့တာကို Noiseinduced Hearing Loss လို့ ခေါ်ပါတယ်။ဆူညံသံ ဆိုရာမှာလုပ်ငန်းခွင်သာမက အပန်းဖြေရာကလည်း ဖြစ်နိုင်ပါတယ်။ နားကြပ်တပ်ပြီး သီချင်းအကျယ်ကြီး ဖွင့်နားထောင်တဲ့ လူငယ်တွေဟာလည်း ဆူညံသံကြားမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေလိုပဲ အကြားလျော့နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဆံဖြူ၊ သွားကြွေ၊ နားအကြားလျော့တာပါပဲ။ ဘာလို့အကြားလျော့ရတာလဲဆိုတော့ အတွင်းနားမှာရှိတဲ့ အာရုံခံဆဲလ်လေးတွေ ပျက်စီးကုန်လို့ပါ။ ဆူညံသံကလည်း အဲဒီဆဲလ်တွေကို ပျက်စီးစေတဲ့အတွက် အသက်မကြီးသေးပေမယ့် အသက်ကြီးတဲ့သူတွေလိုပဲ အကြားလျော့ရတာပါ။ American Academy of Family Physicians ၂၀ဝ၀ ထဲက လူနာနှစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။

လူနာအမှတ် (၁)
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကို ကျောင်းကျန်းမာရေးအဖွဲ့က စစ်ဆေးကြည့်တဲ့အခါ အကြားနည်းနည်းလျော့နည်းနေတာ တွေ့ရတယ်။ သေသေချာချာမေးလိုက်တော့မှ သူက နားကြပ်နဲ့ သီချင်းနားထောင်လေ့ရှိတယ်။ တစ်နေ့ကို အချိန်တော်တော်ကြာအောင် နားထောင်တာ။ ပြီးတော့ အသံကိုအကျယ်ကြီးထားပြီး ဖွင့်တာတဲ့။ မနေ့ညကလည်း ရော့ခ်ဂီတပွဲမှာ တော်တော်ကြာကြာ နေဖြစ်သေးတယ်။ အခု သူ့နားထဲမှာ အူနေတယ်။ အသံတွေမြည်နေတယ်တဲ့။ တော်သေးတယ်။ နောက်ရက်အတော်ကြာတော့ ပြန်ကောင်းသွားတယ်။

အဲဒါကတော့ ယာယီ နားအကြားလျော့သွားတဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။ အဲဒီလူနာတွေကို နားစမ်းသပ်ကြည့်ရင် နားအကြားလျော့နေပေမယ့် အချိန်ကြာလာရင် ပြန်ကောင်းသွားတာ။ နားစမ်းသပ်တဲ့ စက်တစ်မျိုးနဲ့ စမ်းလိုက်ရင် လူတစ်ယောက်ချင်းစီရဲ့ အကြားအာရုံကောင်း မကောင်း၊ မကောင်းရင်လည်း ဘယ်လောက်မကောင်းတာလဲ သိနိုင်ပါတယ်။ ခုနကလိုလူနာမျိုးမှာ အခုဒက်ဆီဘဲလ် ၄၀ လောက်ဖြစ်ပြီး နောက်တစ်ခေါက် ပြန်စမ်းရင် ၂၀ လောက်ဖြစ်ရင်ဖြစ်တာ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒက်ဆီဘဲလ်၂၅ ကျော်ရင် အကြားလျော့တယ်လို့ ဆိုပါတယ်။ ၂၅ က ၄၀ကိုအနည်းငယ်၊ ၄၁က ၆၀ကို အသင့်အတင့်၊ ၆၁ က ၈၀ကို ပြင်းထန်၊ ၈၀ကျော်ရင် အလွန်ပြင်းထန်ဆိုပြီး သတ်မှတ်ထားပါတယ်။ နားစမ်းတာဟာ ကြိမ်နှုန်း (Frequency) တစ်ခုချင်းစမ်းတာမို့ ဒီကြိမ်နှုန်း မှာ ကောင်းပေမယ့် နောက်ကြိမ်နှုန်းမှာ မကောင်းဘဲ ဖြစ်နိုင်ပါတယ်။

ခုနကကောင်မလေးဟာ နားကြပ်တပ်ပြီးသီချင်းတွေကို အကျယ်ကြီးနားထောင်တာမို့ ဂီတပွဲမသွားခင်ကတည်းက အကြားလျော့နေနိုင်ပါတယ်။ သိပ်မဆိုးလို့ မသိတာဖြစ်နိုင်ပါတယ်။

လူနာအမှတ် (၂)
အသက်၅၅နှစ်ရှိတဲ့ စက်ရုံအလုပ်သမားကြီးကလည်း နားထဲမှာ အသံတွေမြည်နေလို့ မိသားစု ဆရာဝန်ကိုလာပြလေရဲ့။ အင်း . . . စိတ်ကျတဲ့ဝေဒနာလည်း ရပြန်သတဲ့။ လုပ်ငန်းခွင်မှာ စက်သံတွေကလည်း ဆူညံနေတာတဲ့။ နားအကာအကွယ်ပစ္စည်း (Hearing Protective Devices) ဖြစ်တဲ့ နားအဆို့ (Ear plug)၊ နားအကာ (Ear Muff) တို့ကိုလည်း တစ်ခါတလေမှတပ်သတဲ့။ အလုပ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင် ဆူညံသံကို ကျော်အောင် အော်ပြောရတာ။ အိမ်ပြန်ရောက်တော့လည်း သူများတွေနဲ့ စကားပြောတဲ့အခါ လူအုပ်ကြားထဲမှာ ဆိုရင် စကားသံတွေကို သိပ်နားမလည်တော့ဘူး။ သူ့မိန်းမကလည်း တီဗီအကျယ်ကြီး ဖွင့်လို့ဆိုပြီး သူ့ကိုရန်လုပ်နေပြန်ရော။

အဲဒီလူကိုစမ်းကြည့်တော့ အာရုံကြောနဲ့ အာရုံခံဆဲလ်တွေ ထိခိုက်လို့ အကြားလျော့နေတယ်လို့ အဖြေထွက်တယ်။သူရဲ့ ဖြစ်ရပ်ကိုကြည့်ရင် ဆူညံသံကြောင့် အကြားလျော့တာဟာ အဲဒီလူရဲ့လူမှုဘဝမှာ ဘယ်လောက်ထိခိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ကြိမ်နှုန်းမြင့်အသံတွေဖြစ်တဲ့ ကလေးငိုသံတို့၊ အဝေးက တယ်လီဖုန်းမြည်သံတို့ဆိုရင် လုံးဝ မကြားတော့ဘူးတဲ့။ နားထဲမှာ အသံမြည်နေတာမို့ အိပ်ကောင်းချင်း မအိပ်ရဘူး။ အာရုံစူးစိုက်နိုင်စွမ်းလည်း ကျသွားတယ်။ အဲဒီလိုဖြစ်တော့ကြာတဲ့အခါ သူများနဲ့လည်း သိပ်ပြီးမဆက်ဆံချင်တော့တာမို့ တစ်ယောက်တည်းပဲ အထီးကျန်နေတော့တယ်။ အဲဒီအခါ စိတ်ဓာတ်ကျလာတယ်။ အာရုံစူးစိုက်မှုနည်းလာပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေများလာတယ်။

ကာကွယ်ခြင်း
ကျွန်မတို့ဆေးပညာမှာ မသိသေးတာတွေ အများကြီးရှိနေပါသေးတယ်။ ဆေးပညာမှာ ဘာကြောင့်ဖြစ်မှန်း မသိသေးတာကြောင့် ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လိုကုသရမလဲ မသိတာတွေ အများကြီးပါ။ ဆူညံသံကြောင့် အကြားအာရုံ လျော့တာကတော့ တရားခံလက်သည်ကို သိပြီးသားမို့ သူ့ကို ရှောင်ရမှာပါ။

ဖျော်ဖြေရေး
နားကြပ်တပ်ပြီး နားထောင်တဲ့အခါ အသံအကျယ်ကြီး မဖွင့်ပါနဲ့။ ကြားရရုံပဲ ဖွင့်ပါ။

တောက်လျောက် မဖွင့်ထားပါနဲ့။ အလွန်ဆုံး တစ်နာရီလောက်ပဲ ဖွင့်နားပြီးမှ ပြန်နားထောင်ပါ။

၁၉၆၉ ခုနှစ်ကတည်းက Rice ဆိုတဲ့ ပညာရှင်က Pop Music က နားအကြားအာရုံပေါ် ထိခိုက်တာတွေကို ဖော်ပြခဲ့တယ်။

ပေါ့ပ်ဂီတသံတွေဟာ ပျမ်းမျှ ၁၁၀ ဒက်ဆီဘဲလ် လောက်ရှိတယ်။ တစ်ခါတလေ ၁၁၂ လောက်တောင် ရောက်နိုင်တယ်။

စပီကာနား ကပ်နေရင် ပိုဆိုးတယ်။

လမ်းပေါ်ကအသံတွေ
အကြောင်းအမျိုးမျိုးပြပြီး လော်စပီကာကြီးနဲ့ တစ်ရပ်ကွက်လုံး နားအူအောင် နှိပ်စက်တာမျိုး ရှောင်သင့်ပါတယ်။

လုပ်ငန်းခွင်
လုပ်ငန်းခွင်မှာ ဆူညံသံကို လျှော့ချရမယ်။ စက်ကို အသံဆူညံမှု နည်းတာမျိုး သုံးရမယ်။ အဆောက်အဦတစ်ခုထဲမှာ ပိတ်ထားရင်လည်း နည်းနည်းတော့ အသံဆူညံတာ လျော့သွားမယ်။

ဆူညံသံကြားမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေကို အကာအကွယ်ပစ္စည်းလေးတွေ ပေးထားရမယ်။ အဲဒီပစ္စည်းတွေသုံးရင် ဆူညံသံကြောင့် အကြားလျော့တာကို ကာကွယ်နိုင်တယ်ဆိုတာ ပညာပေးရမယ်။ အလုပ်သမားတွေရဲ့ အကြားအာရုံကို စစ်ဆေးပေးရပါမယ်။

ယူကေမှာ အလုပ်သမားတွေကို ကာကွယ်ဖို့ Health and Safety at work act ကိုပြဋ္ဌာန်းပြီး လုပ်ငန်းခွင်မှာ ၈၅ ဒက်ဆီဘဲလ် ဆူညံသံရှိပြီး တစ်နေ့ ၈ နာရီ၊ တစ်ပတ်ကို ၅ရက်အလုပ်လုပ်ရရင် နားကို စက်နဲ့ ပုံမှန်စစ်ဆေးပေးပါတယ်။ ဒက်ဆီဘဲလ် ၉၀ ကျော်ရင် နားအကာအကွယ်ပစ္စည်းတွေပေးတာမျိုး၊ Pud တွေက အသံလျော့အောင် လုပ်ပေးရပါ တယ်။

တချို့ဓာတုပစ္စည်းတွေဟာ ဆူညံသံကြောင့် အကြားအာရုံလျော့တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆူညံတဲ့စက်တွေကြားမှာ အလုပ်လုပ်ပြီး အဲဒီဓာတုပစ္စည်းတွေကိုင်ရတဲ့ သူတွေအဖို့ကတော့ ဘူးလေးရာ ဖရုံဆင့်ဖြစ်ရပါတယ်။

နားဟာလူသားတွေအတွက် သောတအာရုံပေးစွမ်းနိုင်တဲ့ အာရုံခံအင်္ဂါလေးပါ။ သာယာတဲ့အသံလေးတွေ ကြားရရင်ကြည်နူးရသလို အန္တရာယ်အချက်ပြ သတိပေးသံကြားရရင်လည်း ဘေးလွတ်ရာကို ပြေးနိုင်ပါတယ်။ အတတ်ပညာသင်ကြားရာမှာလည်း စကားနဲ့ သင်ယူကြတာပါ။ နောက်ဆုံးအဘိုး၊အဘွားအရွယ်မှာ တရားနာဖို့တောင် နားအကြားအာရုံကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လောကီရေးရော၊ လောကုတ္တရာရေးအတွက်ပါ အရေးကြီးတဲ့ အကြားအာရုံကို မလျော့အောင် ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top