Healthy Life Ad
Life Style

သင်္ကြန်ပွဲဆင်နွှဲမည့်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ သင်္ကြန်မှာ လျှောက်လည်မယ့်သူနဲ့ ရေပက်မယ့်သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို သတိပြုဆင် ခြင်သင့်ပါသလဲ ဆရာ။
ဖြေ ။ သင်္ကြန်မှာ လျှောက်လည်မယ့်သူတွေ၊ ရေပက်မယ့်သူတွေက အပူချိန်ညွှန်းကိန်းနဲ့ ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းတွေကို လေ့လာဖတ်ရှုပြီး လိုက်နာဖို့ လိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးပညာပေးဆောင်းပါးတွေကိုလည်းဖတ်ရှုထားသင့်ပါတယ်။ ဒါမှ အပြင် ထွက်တဲ့အခါ အထူးဆောင်ရန်၊ ရှောင်ရန်တွေကို သိသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် သင်္ကြန်မှာ ရေ ပက်မယ့်သူ၊ လျှောက်လည်မယ့်သူတွေက အပူဒဏ်ကြောင့် ခံရမယ့် ဆိုးကျိုး၊ အစားအသောက်ကြောင့် ခံစားရမယ့် အရာတွေနဲ့ မူးယစ်ဆေးဝါး အရက်သေစာကြောင့်ရလာမယ့် ဆိုးကျိုးတွေကို အထူးသ တိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။

မေး ။ သင်္ကြန်ရေကစားရင်း ဘယ်လိုဝေဒနာတွေ ခံစား ရနိုင်ပါသလဲ ဆရာ။
ဖြေ ။ အပူဒဏ်ကြောင့် ခံစားရမယ့် ဝေဒနာတွေကို အဓိက ဆင်ခြင်သင့်ပါတယ်။ လျှောက်လည်မယ့်သူက တော့ နေပူထဲသွားရတဲ့အတွက် အပူဒဏ်ကို ပိုခံစားရနိုင်ပါတယ်။ အရေပြားနေလောင်တာ၊ နေကြောင့် အင်ပြင်ထတာ၊ အနီကွက်ပေါက်တာ၊ မိတ်ပေါက်တာ နဲ့ မျက်နှာမှာ အသားမည်းသွားတာတို့ ဖြစ်တတ်ပါတယ်။ အပူလျှပ်တဲ့ဒဏ်ကို ခံစားရတတ်သလို အပူရှိန်ကြောင့် မူးသလိုမိုက်သလို ဖြစ်တာ၊ အားအင်ကုန် ခမ်းနွမ်းနယ်တာ၊ ကြွက်တက်တာတို့လည်းဖြစ်တတ်ပါတယ်။

သင်္ကြန်ရေကစားရင်း တွေ့တဲ့ အစားအသောက်တွေကို စားသောက်ရာက အစားအသောက်နဲ့ ရေမ သန့်တာတွေကြောင့်အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတို့ ဖြစ်နိုင်ပါတယ်။ အရက်လည်း အ လွန်အကျွံသောက်ထားတယ်၊ နေကလည်း တအားပူတယ်၊ အခြေခံအနေနဲ့ သွေးတိုး၊ ဆီးချိုတို့လို ရော ဂါတွေကလည်း ရှိတယ်ဆိုရင် ပိုပြီး အန္တရာယ်များပါတယ်။
မျက်စိနဲ့ ပတ်သက်ရင် မျက်စိရောင်တာ၊ မျက်စိရဲတာတို့ ဖြစ်တတ်ပါတယ်။ နားနဲ့ပတ်သက်ရင် နား ထဲရေဝင်တာ၊ နားစည်ပေါက်တာ၊ နားကိုက်တာတို့ ဖြစ်တတ်ပါတယ်။

မေး ။ သင်္ကြန်ရေကစားပြီး ပြန်လာချိန်မှာ ကျန်းမာနေအောင် ဘယ်လိုစောင့်ရှောက်သင့်ပါသလဲ ဆရာ။
ဖြေ ။ သင်္ကြန်ရေကစားပြီး အိမ်ပြန်ရောက်ချိန်မှာတော့ ရေမိုးချိုး၊ အနားယူပြီးတာနဲ့ အစာအာဟာရကို ပြည့် ပြည့်ဝ၀ စားသောက်သင့်ပါတယ်။ ရေများများ သောက်သင့်ပါတယ်။ ကိုယ်လက်ကိုက်ခဲနေရင် အ ကိုက်အခဲပျောက်ဆေးလေး သောက်ပေးနိုင်ပါတယ်။ အရေပြားအတွက် Skin care ခရင်မ်၊ လိုးရှင်းတွေ လိမ်းသင့်ပါတယ်။ မြန်မာဓလေ့အရ သနပ်ခါးထူထူ လိမ်းပေးရင်လည်း ကောင်းပါတယ်။ ညဘက်မှာပါ အပူရှိန်က ပြင်းတာကြောင့် ချည်သားဝတ်စုံလေးတွေကို ဝတ်ပေးရပါမယ်။ အိပ်ရေးဝ၀ အိပ်စက်သင့်ပါတယ်။

မေး ။ သင်္ကြန်ရေကစားတဲ့အခါ အရက်သောက်မှ အချမ်းဒဏ်ခံနိုင်တယ်လို့ လူငယ်လူရွယ်တွေက ဆိုကြ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ ။ ခေတ်ရေစီးကြောင်းအရ သင်္ကြန်ဆိုတာ အရက်သောက်တဲ့ ပွဲလို ဖြစ်သွားတာပါ။ ယောကျာ်းလေး တွေတင်မက မိန်းကလေးတချို့ပါ အရက်သောက်မှ လည်လို့ကောင်းတယ်၊ အရက်သောက်မှ ပျော်လို့ ရတယ်လို့ ထင်ပြီး သောက်လာကြတာပါ။ တကယ်တော့ ထွက်ပေါက်တစ်ခုလို့ပဲ ယူဆပါတယ်။ အရက် မသောက်ထားလည်း ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ရေကစားလို့ရပါတယ်။

အခုခေတ်မှာ သင်္ကြန်ပွဲဆင်နွှဲတဲ့အခါ အရက်တင်မကဘဲ ရာမ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတချို့ကိုပါ တွေ့လာရပါတယ်။ ရာမသုံးစွဲရင် သင်္ကြန်ပွဲမှာ ပိုပျော်ရတယ်၊ စိတ်ကျေနပ်မှုရတယ်၊ အပင်ပန်းဒဏ် ခံနိုင်တယ်ဆိုပြီး သုံးကြတာပါ။ တကယ်တော့ ရာမ သုံးစွဲတာကြောင့် နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေး ဆိုတဲ့အတိုင်း ရူးသွပ်တဲ့ စိတ်တွေ ဖြစ်သွားတာပါပဲ။ ပထမတော့ အပျော်ဆိုပြီး သုံးရင် မူးယစ်ဆေးအပေါ်မှာ တန်းတန်းစွဲသွားပြီး အပျက်ဖြစ်သွားပါတယ်။

နောက်ပိုင်း သွေးတိုးတာ၊ နှလုံးခုန်နှုန်း မမှန်တာနဲ့ ညဘက် အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။

မေး ။ အရင်နှစ်သင်္ကြန်ပွဲတွေက အတွေ့အကြုံအရ သင်္ကြန်ပွဲပြီးသွားချိန်မှာ ဘယ်လိုနောက်ဆက်တွဲ ပြဿနာတွေ အဖြစ်များခဲ့ပါသလဲ ဆရာ။
ဖြေ ။ အရင်နှစ်သင်္ကြန်ပွဲတွေပြီးဆုံးချိန်မှာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်တွေရဲ့ သုံး သပ်ချက်အရ နားနဲ့ပတ်သက်တဲ့ လူနာအတော်များ များရောက်လာတယ်လို့ဆိုပါတယ်။ နားစည်ပေါက်တာ၊ နားထဲရေဝင်တာတို့ အဖြစ်များပါတယ်။ မျက်စိနဲ့ပတ်သက်ပြီးတော့လည်း ပက်လိုက်တဲ့ ရေမသန့်လို့၊ ရေဖိအားက မီးသတ်ပိုက်နဲ့ပက်လို့ စတာတွေကြောင့် မျက်ခွံလေးတွေ ပြဲသွားတာ၊ မျက်စိနီရဲသွားတာ၊ နေပူဒဏ်ကြောင့် မျက်လုံးသွေးကြောပေါက်သွားတာတွေ ဖြစ်တတ်ပါတယ်။ တချို့ဖျားတာ၊ အဆုတ်အအေးမိတာ၊ အရေပြားနဲ့ ပတ်သက်ပြီး ယားယံတာ၊ အင်ပြင်အကွက်ကြီးတွေထတာတို့လည်း ဖြစ်တတ်ပါတယ်။
သင်္ကြန်တွင်းမှာ ထိခိုက်ဒဏ်ရာရတာတွေကလည်း အဖြစ်များတဲ့အတွက် ဆေးရုံ၊ ဆေးခန်းတွေ မှာ ကြိုတင်ပြင်ဆင်ထားရပါတယ်။ ယာဉ်တိုက်မှုကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေသာမက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးဖြစ်တဲ့ ဒဏ်ရာတွေလည်း ရှိပါတယ်။

မေး ။ တချို့ကျတော့ သင်္ကြန်ရေကို ခံနိုင်ရည်ရှိတယ်၊ တချို့ကျတော့ ခံနိုင်ရည်မရှိဘူး၊ အရမ်းချမ်းတုန်ကြတယ် . . အဲဒါ ဘာကွာခြားမှု ရှိလို့လဲဆရာ။
ဖြေ ။ အဓိကကတော့ ကိုယ်ခံအားချင်း မတူလို့ပါ။ ခံနိုင်ရည်ရှိမှုချင်း ကွာတော့ တချို့က ဘယ်လောက် ချမ်းချမ်း၊ ခံနိုင်ရည်ရှိပေမယ့် တချို့က နည်းနည်းလောက်အေးလိုက်တာနဲ့ နှာတွေစေး၊ ခေါင်းတွေ ကိုက်လာကြပါတယ်။ ဥပမာအားဖြင့် အာရုံကြောအားနည်းတဲ့သူတွေဆိုရင် အရမ်းအေးတဲ့ရာသီမှာ ခံရပါ တယ်။

မေး ။ ဒီနှစ်နွေရာသီက ပိုပူမယ်လို့ ခန့်မှန်းထားတဲ့အ တွက် သင်္ကြန်တွင်းနဲ့ သင်္ကြန်ပြီးဆုံးချိန်မှာ ကျန်းမာ နေအောင် ဘယ်လိုစောင့်ရှောက်သင့်ပါသလဲ ဆရာ။
ဖြေ ။ အထူးသဖြင့် အိပ်ရေးဝ၀ အိပ်ရပါမယ်၊ အာဟာရပြည့်ဝအောင် စားသောက်ရပါမယ်၊ ရေကို ပုံမှန် သောက်ရပါမယ်။ ကိုယ်ကချွေးထွက်များတဲ့သူ၊ ချွေးထွက်များတဲ့ အလုပ်တွေကို လုပ်နေရတဲ့သူဆိုရင်တော့ ဓာတ်ဆား၊ အားကစားသမားသုံး အားဖြည့်အချိုရည် (Sport Drink)ကိုဆောင်ထားပြီး သောက်ရပါမယ်။ ချွေးထွက်များရင် ကိုယ်က နုံးပြီး ကျန်ခဲ့တာဆိုတော့ ဓာတ်ဆားရည် ပြန်သောက်ပေးသင့်ပါတယ်။

မေး ။ သင်္ကြန်ပွဲတော် နွှဲပျော်တာနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် ပြောပေးပါဦးဆရာ။
ဖြေ ။ ဒီသင်္ကြန်က မြန်မာ့ရိုးရာပွဲတော်ဖြစ်လို့ အားလုံး ရဲ့ ပျော်ရွှင်စရာပွဲတော်လေးပါ။ အပျော်ကနေ အ ပျက်မဖြစ်အောင် ကျန်းမာရေး၊ လူမှုရေး စသဖြင့် အားလုံး ဂရုစိုက်စေချင်ပါတယ်။ သူများနာကျင်အောင်၊ သူများ ထိခိုက်အောင် ရေကစားတာတွေက မကောင်းပါဘူး။ ဒါတွေကို အတတ်နိုင်ဆုံး ဆင်ခြင်သွားမယ်ဆိုရင် သင်္ကြန်ပွဲတော်က ပျော်စရာ ကောင်းမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top