Healthy Life Ad
Life Style

သင်္ကြန်တွင်းကျ ယူကြုံးမရမဖြစ်ရအောင်(Advice for Water Festival)

ဒေါက်တာတင့်ဆွေ

သင်္ကြန်တွင်းကျ ယူကြုံးမရမဖြစ်ရအောင် အကြံပေးပါရစေ။ သင်္ကြန်တွင်းမှာ ပျော်စရာကိုရှာသူတွေ ဒုက္ခပင်လယ်ဝေရတဲ့ ဇာတ်လမ်းတွေကို လူမသိသူမသိ တကယ်ရှိတယ်။ ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူ အတန်းအစား၊ ကိုယ်ကျင်လည်တဲ့ နေရာအမျိုးအစားတွေဟာ ရန်သူကိုဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။ မတော်မတရားပြုကျင့်မယ့်သူဟာ သင်္ကြန်မတိုင်ခင်ကတည်းက အရိပ်အကဲကို ခတ်ထားပြီးဖြစ်နိုင်တယ်။ နောက်ယောင်ခံနေတတ်တယ်။
ကိုယ်ဘယ်ကိုသွားမလဲဆိုတာ အနည်းဆုံး တစ်ယောက်ယောက်ကို အသိပေးထားခဲ့ပါ။ နေရာ ပြောင်းတိုင်းလည်း အကြောင်းကြားပါ။ မိန်းကလေးဖော်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာ အဆက်အသွယ် အမြဲမပြတ်ရှိနေပါ။ ပြန်ပို့ပေးမယ်ဆိုသူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့လားသံသယထားပါ။ အပြောကောင်းသူ၊ မြူဆွယ်သူတွေ လူကဲခတ်တတ်ပါစေ။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလာနိုင်တာ သတိထားပါ။ ဆွဲဆောင်တိုင်းကို မဟုတ်မထင်ပါနဲ့။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူးလွန်ဖို့ အဖော်စပ်ရာမှာလည်းမပါမိစေနဲ့။ ခိုးမှုလုယက်မှုသာမဟုတ်ပါ။ ဆေးပြားရောင်းတာ၊ လက်ဆင့်ကမ်းပေးတာမှာ ကြံရာပါဖြစ်သွားတတ်တယ်။

ခေါင်းညိတ်တာ မလွယ်ပါစေနဲ့။ သူငယ်ချင်း၊ သမီးရည်းစား၊ ယူဖို့ စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းသုံးတန်နဲ့တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဖို့သတ္တိရှိပါ။ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ အစပျိုးမှုကလေးကနေ ဘဝဆိုးတဲ့အထိဖြစ်ဖို့ လမ်းဖွင့်ပေးတာနဲ့တူပါမယ်။

ကိုယ့်စိတ်လုံခြုံမှု နည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာကိုပြောင်းပါ။ တစ်ယောက်တည်းရှိနေတုန်းမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်မျိုးမျိုး အချိန်မရွေး လုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။

ကိုယ့်ကိုခြိမ်းခြောက်မှုရှိလာရင် ငြိမ်မနေပါနဲ့။ သူများတွေသိစေအောင်ဆူညံမှုတစ်ခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တစ်ခုခု အသံဆူအောင်လွှတ်ချတာ၊ အော်ဟစ်တာ။ အဲဒီလိုအခြေအနေမျိုးမှာ သဘော ကောင်းသူ၊ သည်းခံတတ်သူလို့ အထင်ကြီးတာ မခံချင်ပါနဲ့။ အထင်သေးပါစေ၊ စိတ်ကြမ်းသူလို တမင် တကာပြုမူပါ။ လူတိုင်းဟာ ကိုယ့်အိမ်ထောင်ဖက် ဖြစ်လာမှာမဟုတ်ပါ။

ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ်အိုင်ဒီ သူစိမ်းတွေကိုမပေးပါနဲ့။ မသင်္ကာတာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့်လုပ်ထားပါ။ ရောက်နေတဲ့ အရပ်က ရဲစခန်းကို သိထားပါ။ ကြက်ခြေနီ အကူအညီယူပါ။သူများအကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင် အကူအညီခေါ်ပေးတာမျိုးနဲ့ ကူညီပါ။ ကိုယ်မြင်တာ၊ သိတာကို မီဒီယာကမေးရင် ထုတ်ဖော်ပြောဖို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ်ကို အသုံးချပါ။

အရေးအကြီးဆုံးကို ပြောပါမယ်။

သောက်စရာ မှန်သမျှ ရေကအစ ဆင်ခြင်ကြပါ။ သောက်စရာ ဘယ်ကနေလာတာလဲသိနေအောင်လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက် ခြေမပြတ်ပါစေနဲ့။ အများစုဝေးသောက်သုံးစရာဆို ပိုသတိကြီးပါ။ မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်ပါနဲ့တော့။ ခွက်ကို တစ်ခုခုနဲ့ဖုံးထားပါ။ တစ်နေရာမှာ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။

ဆိုင်ကနေမှာပေးတာဆိုရင် ဈေးရောင်းသူနဲ့ ကိုယ့်အဖော်ဆက်ဆံရေးကို အကဲခတ်ပါ။ မျက်စပစ်ပြတာ၊ လက်ကုပ်တာ အဓိပ္ပါယ်ဖွင့်တတ်ပါ။
သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖောက်ပေးတာကိုသာသောက်ပါ။ ဒါလည်း ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေးထည့်ထားတာမျိုး ရှိနိုင်တယ်။ တစ်ခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလိုထူးတာနဲ့ အကူအညီတောင်းဖို့ချက်ချင်းလုပ်ပါ။ မိနစ်နည်းနည်းလေးသာအချိန်ရမယ်။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလည်း မယုံပါနဲ့။

သတိလစ်အောင်ပြုလုပ်နိုင်တဲ့ ဆေးတွေခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ်လို့ ပြန် မပြောနိုင်တော့ပါ။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့် ကိုယ်ကိုယ်မထိန်းနိုင်တဲ့ဘဝ ရောက်သွားတယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ၊ (ခပ်ရိုင်းရိုင်း)မုဒိန်းဆေးလို့ ခေါ်လိုက်မယ်။ ကန်တော့ပါ။
သင်္ကြန်ကာလမှာ ဟိုနည်းသည်နည်းတွေ မေးကြတော့မှာကို ကြိုသိနေတယ်။ သင်္ကြန်ပြီးရင် မေး ခွန်းတစ်မျိုးတွေကလာဦးမှာ။ ကာကွယ်ရေးသည်ကုသရေးထက်ကောင်းသည်လို့ပြောရတာ အာပေါက်နေပြီ။ ဒီသင်္ကြန်မှာ လူလုံးမလှလုပ်ရာမှာ အံတိုနေသူတွေနဲ့ မတွေ့ပါစေနဲ့လို ဆုတောင်းပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top