Healthy Life Ad
Life Style

ဇနီးသည် ဒေါ်ကြည်ကြည်ထွေး၏ ပြုစုစောင့်ရှောက်မှုကြောင့်ဝေဒနာသက်သာလာသည့် လျှာကင်ဆာအဆင့် ၄ ဝေဒနာရှင်ဦးသိုက်ထွန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင်္ဘောအရာရှိအဖြစ် နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သော ဦးသိုက်ထွန်းသည် ၂၀၁၄ခုနစ်တွင် လည်ချောင်းနာ ဝေဒနာကို စတင်ခံစားခဲ့ရသည်။
“နေပူထဲသွားရင် အပူရှပ်သလိုမျိုး လည်ချောင်းနာတယ်။ အပြင်သွားလို့ နာတယ်ပဲ ထင်တာ။ လည် ချောင်းနာတာ ကြာလာတာနဲ့ အန်တီက ဆေးခန်းသွားပြဖို့တိုက်တွန်းတယ်။ သူက တော်တော်နဲ့သွားမပြဘူး၊ နောက်ဆုံးပြနေကျ ဆရာဝန်နဲ့ပြတော့ ပဋိဇီဝပိုးသတ်ဆေးပေးတယ်၊ မပျောက်ဘူး . .”
ဦးသိုက်ထွန်း၏ လည်ချောင်းနာဝေဒနာတာရှည်လာသဖြင့် ဇနီးဖြစ်သူ ယွန်းကေသီ ဆောက်လုပ်ရေးပိုင်ရှင် ဒေါ်ကြည်ကြည်ထွေးက အလုပ်များပစ်ကာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာ ဝန်ထံခေါ်ဆောင်ခဲ့တော့သည်။

“ဆရာဝန်က အခုချက်ချင်း ဆရာပါမောက္ခ ဒေါက်တာ ဦးဘုန်းမြင့်ထွန်းဆီ သွားပါဆိုပြီး လွှတ်တယ်။ ဆရာ့ဆီရောက်တော့ ပါးစပ်ဟခိုင်းတာနဲ့ လျှာပေါ်မှာ အဖြူတွေတွေ့တယ်။ ချက်ချင်းအသား စယူစစ်ဆေးပေးတယ်”ဟု ဒေါ်ကြည်ကြည်ထွေးက ပြောပြခဲ့သည်။သုံးရက်အတွင်း ဓာတ်ခွဲခန်းအဖြေထွက်လာခဲ့ရာ လျှာကင်ဆာ အဆင့် (၄)ဖြစ်နေခဲ့သဖြင့် ခွဲစိတ် ရန်လိုအပ်ကြောင်း သိခဲ့သည်။

“ဝိတိုရိယမှာ ခွဲစိတ်ဖြစ်ခဲ့တယ်၊ ခွဲပြီးတော့ ဓာတ်ရောင်ခြည်ပေးကုသဖို့ရာ အဆင်မပြေတာနဲ့ စင်ကာပူမှာ သွားကင်ရတယ်၊ သမီးက စင်ကာပူမှာ နေတော့ အန်တီမလိုက်သွားဘဲ သမီးကပဲ ပြုစုပေးခဲ့တယ်။ ၃၃ ကြိမ် ဓာတ်ကင်ပြီး ဒီမှာကင်ဆာအထူးကု ဆရာဝန်ကြီးနဲ့ ပြတယ်၊ ကင်ဆာဆေးခြောက်ကြိမ်သွင်းတယ်”

သို့ရာတွင် သုံးလအကြာ ၂၀၁၅တွင် ဦးသိုက်ထွန်းသည် ပါးစပ်နာဝေဒနာကို ပြန်လည်ခံစားခဲ့ရသည်။
“တကယ်တော့ လျှာကင်ဆာပြန်ဖြစ်နေခဲ့တာ။ ဒီက ဆရာတွေက လက်လျှော့ပြီး စင်ကာပူ ကိုပြန်သွားခိုင်းတယ်၊ စင်ကာပူမှာ ကုန်ကျစရိတ်များတာနဲ့ ဘန်ကောက်ကို သွားခဲ့တယ်၊ ဘန်ကောက် ကလည်း ခွဲစိတ်ဖို့ မလွယ်ဘူး၊ ကင်ဆာဆေးသွင်းတုန်းပဲ ကောင်းမယ်လို့ ပြောတာနဲ့ ဘန်ကောက်မှာ ကင်ဆာဆေး ရှစ်ကြိမ်သွင်းခဲ့တယ်။ လျှာကင်ဆာဆိုတော့ အဆုတ်မှာ ကူးစက်ပိုးဝင်နေတာနဲ့ ကိုးကြိမ်မြောက်မှာ ဆေးသွင်းဖို့အဆင်မပြေဘူး။ အဲဒါနဲ့ မြန်မာနိုင်ငံကိုပြန်လာပြီး အစာအိမ်ပိုက်တပ်ရတယ်။ ပြီးတော့ လေးကြိမ်ကင်ဆာဆေးသွင်းရတယ်။

သူ့ကိုပြုစုရင်း အန်တီက အင်တာနက်တွေထဲ ဝင်ဖတ်ပြီး အင်တီအောက်ဆီးဒင့်နဲ့ ကင်ဆာတား အာဟာရတွေကို လေ့လာကြည့်လိုက်တယ်။ ကိုယ်ခံအားတက်မယ့် ကုထုံး(Immunotherapy)က ကင် ဆာကုသရာမှာ ထိရောက်မှန်း အန်တီသိတာနဲ့ ကင်ဆာလူနာဟာ ကိုယ်ခံအားမကျသရွေ့ ကင်ဆာကို တိုက်နိုင်တယ်ဆိုတာ သဘောပေါက်သွားတယ်။ အဲဒါနဲ့ အစာအိမ်ပိုက်ထဲကို တစ်နေ့ကို Ensure ၄ကြိမ် တစ်ခါတိုက်ရင် ၈ ဇွန်းခွဲထည့်တယ်၊ ပြီးတော့ ဆန်လုံးညိုကိုပြုတ်၊ ငါးကိုပြုတ်၊ ပဲပိစပ်ကို ညဘက်စိမ်ပြီး မနက်မှာ မွှေစက်နဲ့ကြိတ်၊ မနက်ကျရင် ကြိုထားတယ်။ ပြီးရင် ဆန်လုံးညို၊ ငါး၊ ပဲနို့ကိုရောပြီး ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ နနွင်း၊ လေးညှင်းပွင့် အကုန်ထည့်တယ်။ ဆေးထိုးပြွန် (syringe)နဲ့ အစာအိမ် ပိုက်ထဲထည့်ပေးတယ်။ နောက်ပိုင်း ခရမ်းချဉ်သီး ကောင်းတယ်ဆိုတာနဲ့ ခရမ်းချဉ်သီးတစ်လုံးထည့် လိုက်သေးတယ်။ နေခင်းကျရင် အသီးကြိတ်ရည် တိုက်တယ်၊ ဒူးရင်းသြဇာရွက်ပြုတ်ရည် တစ်နေ့ ၃ ကြိမ် တိုက်တယ်။ သူ့လည်ပင်းမှာ အကျိတ်တွေထွက်ပြီး အနာနှစ်ကြိမ် ပေါက်ထွက်ခဲ့သေးတယ်။ တစ်ခုကတော့ နည်းနည်းသေးတယ်။ တစ်ခုက အနာဝပိတ်ဖို့ နှစ်လကျော်လောက်ကြာခဲ့တယ်၊ နေ့တိုင်း အနာကိုရော အစာအိမ်ပိုက်တပ်ထားတဲ့အတွက် ဗိုက်ကိုပါ Dressing လုပ်ပေးတယ်”။

စပျစ်သီး၊ ထောပတ်သီး၊ စတော်ဘယ်ရီသီး စသည့် ရသမျှ သစ်သီးများ၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ နနွင်းမှုန့်၊ လေးညှင်း၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့် စသည့် ဟင်းခတ်အမွှေးအကြိုင်များကို အဆင်ပြေသလို ကျွေးလေ့ရှိကြောင်း၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ထွေးက နေ့စဉ် စိတ်ရှည်လက်ရှည် အာဟာရပြည့်ဝစေရန် ပြုစုစောင့်ရှောက်ပေးခဲ့ရာ ဦးသိုက်ထွန်း၏ ကိုယ်အလေးချိန်မှာ သိသိသာသာ မတက်လာသော်လည်း ကိုယ်ခံအားကောင်းမွန်လာသဖြင့် ကျန်းမာလာရာ ဆရာဝန်များကပင် အံ့အားသင့်ခဲ့ရသည်။

“အခုနောက်ပိုင်းမှာ ပါးစပ်နာတာ သက်သာပြီး လည်ပင်းရောင်တာ ကျသွားပါတယ်။ ညဘက်ဆို ကောင်းကောင်း အိပ်ပျော်လာတယ်။ ကားမောင်းနိုင်တယ်၊ သွားလာနိုင်တယ်။ အပင်ပန်းတော့ အရမ်းမခံ ခိုင်းဘူး။ ခရီးတွေတောင် ထွက်နိုင်လာပါတယ်။ ကိုယ့်ဘက်ပါလာပြီလို့ ပြောရမှာပေါ့။ ဆရာဝန်တွေကဆိုရင် အန်တီပြုစုတာ တော်တယ်လို့ ပြောကြပါတယ်။

လျှာအစိတ်အပိုင်းတချို့ဖြတ်ထားရတဲ့အတွက် စကားပြောနိုင်ပေမယ့် သိပ်မပီတော့ဘူး။ တရားအား ထုတ်တယ်၊ တရားထိုင်တယ်။ အဲဒီတော့ စိတ်တည်ငြိမ်မှုရှိပါတယ်”ဟု ဒေါ်ကြည်ကြည်ထွေးက ဆိုသည်။

ဦးသိုက်ထွန်း လျှာကင်ဆာဖြစ်ခဲ့ရခြင်းကို ၂၅ နှစ်ကျော်ကြာ ကွမ်းစားခြင်းကြောင့်ဟု ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ထွေးက ထင်မြင်ယူဆခဲ့သည်။
“သူက ကွမ်းစားတာက ၂၆ နှစ်လောက်စားခဲ့ တယ်။ ဆေးလိပ်တော့ မသောက်ပါဘူး။ လျှာကင် ဆာဖြစ်ပြီးနောက်ပိုင်းတော့ ကွမ်းမစားတော့ပါဘူး။ ကင်ဆာလူနာတွေကို မေးကြည့်လိုက်တဲ့အခါ အနီ ရောင်အသားနဲ့ အချိုတွေ စားတာများရင် ပြန်ဖြစ်တယ်လို့ အန်တီသိရတယ်။ အဲဒါကြောင့် ဒါတွေ ရှောင်သင့်တဲ့အပြင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်သေစာသောက်စားတာရှောင်ရပါတယ်၊ ခံတွင်းကင်ဆာသမားတွေက နေရောင်ခြည်ပြင်းပြင်း မထိသင့်သလိုခံတွင်းသန့်ရှင်းမှုကို အထူးဂရုစိုက်ရ ပါတယ်၊ ကြော်တာ၊ ကင်တာ၊ မီးဖုတ်တာတွေမစားဘဲ ချက်တာ၊ ပေါင်းတာတွေ စားသင့်ပါတယ်၊ အချိုမှုန့်၊ ကြက်သားမှုန်တို့စားသုံးတာကို ရှောင်ရပါတယ်”ဟု အခြားခံတွင်းကင်ဆာလူနာတို့အား သူ့အတွေ့အကြုံကို မျှဝေထားသည်။ယခုအခါ အသက် ၅၄ နှစ်ကျော်ရှိပြီဖြစ်သည့် ဦးသိုက်ထွန်းသည် နောက်ဆက်တွဲ ကျန်းမာရေး စစ်ဆေးမှုများကို မကြာခဏခံယူခဲ့ရာ ကင်ဆာဆဲလ် လုံးဝမကင်းစင်သေးသော်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ကြောင်း သိရသည်။

“ခံတွင်းကင်ဆာသမားတွေက အဓိက အစာမစားနိုင်တော့ အာဟာရပြတ်ကြတာ များပါတယ်။ အာဟာရက အရမ်းအရေးကြီးပါတယ်။ အာဟာရ စုံလင်အောင် စားမှသာ ကင်ဆာရောဂါကိုခုခံနိုင်မှာပါ။ ခါးတဲ့အရသာရှိ အစားအစာတွေက ကင်ဆာသမားကို အထောက်အကူပြုပါတယ်။တန်ဆေးလွန်ဘေးဆိုတဲ့စကားလေး လက်ကိုင်ထားပြီး အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်အောင် နေထိုင် စားသောက်သွားကြပါ . . အန်တီတို့နိုင်ငံမှာ ပေါပေါများများရနိုင်ပြီး ခံတွင်းကင်ဆာအတွက် အသုံးဝင်တာတော့ ဒန့်သလွန်ရွက်ပါ။ ဒန့်သလွန်ရွက်ကို အမှုန့်လုပ်ထားပြီး အမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး ပြန်စစ်သောက်သင့်ပါတယ်။ Green Tea ကလည်း ကောင်းပါတယ်။ စားချင်စိတ်မရှိရင်တောင် ကြိတ်မှိတ်မျိုချပေးသင့်ပါတယ်”ဟု ဒေါ်ကြည်ကြည်ထွေးက ပြောပြခဲ့ပြီး ခင်ပွန်းသည်ကို ပြုစုရင်း ထိုအတွေ့အကြုံများကို လူမှုကွန်ရက်မှ မျှဝေကာ ဘဝတူကင်ဆာရောဂါရှင်များ နှင့် စောင့်ရှောက်သူများအချင်းချင်းပူးပေါင်းမိရာက စွယ်တော်ရိပ်ကင်ဆာဝေဒနာရှင်များ ပရဟိတအဖွဲ့ကို ထူထောင်ဖြစ်ခဲ့ကြောင်း သိရသည်။

“အဲဒီအဖွဲ့မှာ အချင်းချင်းအတွေ့အကြုံတွေ မျှဝေကြတယ်။ ကင်ဆာကုသရင်း သိပ်မတတ်နိုင်သူတွေအတွက် တတ်အားသရွေ့ ငွေလှူပေးတယ်။ ဒူးရင်းသြဇာ၊ မြေထောက်ပဲ စတာတွေကို အစည်းအ ဝေးတွေမှာဝေပေးတယ်။ အန်တီကလည်း ပြုစုရင်းရလာတဲ့ အတွေ့အကြုံတွေကို မျှဝေပေးတယ်။ ကင် ဆာကုသနေသူတွေ စိတ်အားတက်အောင် အားပေးပါတယ်။ ဆေးမြီးတိုတွေ၊ သုတေသနအခိုင်အမာ မရှိတဲ့ ဆေးတွေ မသောက်ဖို့ ပြောတယ်၊ အင်္ဂလိပ်ဆေးတွေကိုပဲ အားကိုးဖို့ အကြံပေးပါတယ်။ ဘုရား၊ တရားလုပ်တာက ကင်ဆာသမားအတွက်အရေးကြီးပါတယ်”ဟု ဒေါ်ကြည်ကြည်ထွေးကပြောပြခဲ့သည်။

ကင်ဆာခံစားနေရသူ၊ ကင်ဆာဝေဒနာရှင်ကို ပြုစုစောင့်ရှောက်နေသူတို့အား-
“ကင်ဆာဖြစ်နေချိန်မှာ အာဟာရပြည့်ဖို့က အရေးကြီးပါတယ်။ ကင်ဆာရှိသူက စိတ်ညစ်လို့ မဖြစ်ဘူး။ စိတ်ညစ်ရင် ကင်ဆာဆဲလ်က တိုးတယ်။ ဒါကြောင့် ရယ်စရာဇာတ်ကားတွေကြည့်ပါ၊ တရားထိုင်ပါ၊ ညဘက် အိပ်ရေးဝ၀ အိပ်စက်အနားယူပါ၊

ကင်ဆာလူနာကိုယ်တိုင်ကလည်း စိတ်ဓာတ်ခိုင်မာဖို့ လိုသလို ပြုစုစောင့်ရှောက်သူကလည်း စိတ်ရှည်ဖို့ အရေးကြီးပါတယ်။ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါး သုံးမျိုးစလုံးပေါင်းစပ်ကုသပေးရင် ကင်ဆာကို သက်သာစေပါတယ်”ဟု ဒေါ်ကြည်ကြည်ထွေး က သူ့အတွေ့အကြုံကတစ်ဆင့် အကြံပေးစကား ပြောလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို အန်တီဒေါ်ကြည်ကြည်ထွေး၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top