Healthy Life Ad
Life Style

ဆီးထဲ အသားဓာတ်ပါခြင်း (Proteinuria)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူး ကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဆီးထဲမှာ ဘာကြောင့် အသားဓာတ်ပါရတာလဲ ဆရာ။
ဖြေ။ ။ သာမန်လူတစ်ယောက်ဟာ ကျောက်ကပ်ကနေတစ်ဆင့် တစ်နေ့မှာ ဆီးထဲ အသားဓာတ် (Protein) ၂၀ဝ မီလီဂရမ်ထက် လျော့နည်းပြီး ပါဝင်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အသားဓာတ် တွေများနေရင် ဒါမှမဟုတ် ကျောက်ကပ်အတွင်းက အရည်စစ်ထုတ်ပေးတဲ့ အမြှေးပါးပျက်စီးရင် ဒါမှမဟုတ် ဆီးထဲကပရိုတင်းတွေကို ပြန်လည်စုပ်ယူပေးတဲ့ကျောက်ကပ်အတွင်းကပြွန်ငယ်တွေ ထိခိုက်ပျက်စီးရင် ဆီးထဲမှာ အသားဓာတ်ပမာဏက ပုံမှန်ထက် ပိုပြီးပါလာနိုင်ပါတယ်။

မေး။ ။ ဆီးထဲ အသားဓာတ်ပါတဲ့အခါမှာ လူနာအနေနဲ့ ဘယ်လိုလက္ခဏာတွေကိုခံစားရတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးထဲမှာ အသားဓာတ်အနည်းငယ်ပါနေရုံနဲ့ ဘယ်လိုလက္ခဏာမှခံစားရမှာမဟုတ်ပါဘူး။ ဆီးထဲမှာ အသားဓာတ်သုံးဂရမ်ထက် ပိုပြီး အချိန်အတော်ကြာပါဝင်နေခဲ့ရင်တော့ သွေးထဲကအသားဓာတ်တွေဟာ လျော့နည်းလာပြီး ခြေထောက်ဖောရောင်တာ၊ မျက်နှာအန်းတာ၊ ဝမ်းဗိုက်ရောင်တာစတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးထဲမှာအသားဓာတ်ပါဝင်နေတဲ့အတွက် ဆီးအရောင်ပြောင်းလဲမှုမရှိနိုင်ပါဘူး။ ဆီးအရောင်ရင့်တာ၊ ဖျော့တာစတာတွေကို ကြည့်ရုံနဲ့ ဆီးထဲအသားဓာတ် ပါဝင်မှု ရှိ၊မရှိကို မသိနိုင်ပါဘူး။

ဆီးထဲမှာ အသားဓာတ်ပါဝင်တာကို Dipstick လို့ခေါ်တဲ့ ဆီးစစ်ဆေးတဲ့အိတ်လေးကို ဆီးထဲနှစ်ပြီး စစ်ဆေးတဲ့နည်း၊ ဓာတ်ခွဲခန်းမှာ စစ်ဆေးတဲ့နည်း . . စတဲ့နည်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။

ဆီးထဲမှာ အသားဓာတ်ဆက်တိုက်ပါဝင်နေရင်တော့ စောစောကဆရာပြောခဲ့တဲ့ ကျောက်ကပ်ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေနိုင်ပြီး အချိန်၂၄ နာရီအတွင်းမှာ ဆီးထဲအသားဓာတ်ပါဝင်မှုကို ဆက်လက်စစ်ဆေးရပါမယ်။ ဒါ့အပြင် ဆီးထဲ အသားဓာတ်ပါစေတဲ့ရောဂါတွေကို စစ်ဆေးဖော်ထုတ်ပေးရပါမယ်။

မေး။ ။ ဆီးထဲ အသားဓာတ်ပါတာက ရောဂါတစ်ခုခုနဲ့ ဆက်စပ်မှုရှိနေပါသလား ဆရာ။
ဖြေ။ ။ ဆီးထဲမှာ အသားဓာတ်ပါဝင်တာကရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ် တဲ့ အသားဓာတ်ထုတ်လုပ်မှု ဖြစ်စေတဲ့ Myeloma ရောဂါ၊ ကြွက်သားပျက်စီးမှုရောဂါ (Rhabdo myolysis)၊ ရုတ်တရက် နှလုံးကြွက်သားပုပ်ရောဂါတွေ၊ ကျောက်ကပ်အတွင်းမှာရှိတဲ့ အမြှေးပါးရောင်ပြီး ပျက်စီးစေနိုင်တဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောင်ရောဂါ၊ SLE ရောဂါတွေ၊ ကျောက်ကပ်အတွင်းမှာ ရှိတဲ့ပြွန်ငယ်တွေ ရောင်ရမ်းပျက်စီးတဲ့ ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာစတဲ့ ရောဂါတွေဖြစ်ရင် ဆီးထဲမှာ အသားဓာတ် ပါဝင်လာနိုင်ပါတယ်။

မေး။ ။ ဆီးထဲအသားဓာတ်ပါတာဟာ ဘဝနေထိုင်သောက် မှုပုံစံနဲ့ ကောဆက်စပ်မှုရှိနေပါသလား။ သောက်တဲ့ ဆေးဝါးတွေနဲ့ကော ဆက်စပ်မှုရှိနေပါသလားဆရာ။
ဖြေ။ ။ ဆီးထဲမှာ အသားဓာတ်ဆက်တိုက်ပါဝင်နေရင်တော့ စောစောကဆရာပြောခဲ့တဲ့ ကျောက်ကပ်ရော ဂါတစ်ခုခုနဲ့ ဆက်စပ်နေနိုင်ပြီး အချိန်၂၄ နာရီအတွင်းမှာ ဆီးထဲအသားဓာတ်ပါဝင်မှုကို ဆက်လက် စစ်ဆေးရပါမယ်။ ဒါ့အပြင် ဆီးထဲ အသားဓာတ်ပါစေတဲ့ရောဂါတွေကို စစ်ဆေးဖော်ထုတ်ပေးရပါမယ်။ ဒါပေမဲ့ ဆီးအတွင်း အသားဓာတ်ပါတာက ဆက်တိုက် မဟုတ်ဘဲ ရက်အနည်းငယ်အကြာမှာ အသားဓာတ် မပါတော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးကတော့ ကျောက်ကပ်ရောဂါကြောင့် မဟုတ်ဘဲအများအားဖြင့် ပြန်လည် ပျောက်ကင်းသွားတတ်ပြီး ကျောက်ကပ်ရောဂါ ဆက်လက်ဖြစ်ပွားတာ အလွန်နည်းပါတယ်။ အဲဒီအထဲမှာ ရောဂါ မဟုတ်တဲ့ အခြေအနေတစ်ခုပါဝင်ပါတယ်။ အဲဒါကတော့ ရပ်နေ၊ ထိုင်နေတဲ့အချိန်မှာ ဆီးထဲမှာ အသားဓာတ်ပါဝင်လာပြီး ပက်လက်လှဲနေချိန်နဲ့ အိပ်နေချိန်တွေမှာ ဆီးထဲအသားဓာတ် မပါတော့ပါဘူး။ အဲဒီအခြေအနေဟာ ရောဂါတစ်ရပ် မဟုတ်ဘဲ ဆီးထဲမှာ ယာယီအသားဓာတ် ပါတာပဲဖြစ်ပြီး ကျောက်ကပ်ရောဂါဆက်လက်ဖြစ်ပွားတာကို မတွေ့ရပါဘူး။

တစ်ခါတစ်ရံဆီးအတွင်းအသားဓာတ်ပါတာက ခန္ဓာကိုယ်အတွင်း ဘက်တီးရီးယား ပိုးဝင်တာ၊ တက်တာ၊ ကိုယ်ပူကြီးတာ၊ နှလုံးအားနည်းတာနဲ့ ပန်ကရိယရောင်ရမ်းတာစတဲ့ ရောဂါအခြေအနေတွေနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ အဲဒီ ရောဂါတွေပျောက်ပြီးတစ်ပတ်အကြာမှာ ဆီးအတွင်း အသားဓာတ်ပါဝင်တာလည်း ပျောက်ကင်းသွားတတ်ပါတယ်။ ကျောက်ကပ်အတွင်းမှာရှိတဲ့ အမွေးနဲ့ ပြွန်ငယ်တွေ ရောင်ရမ်းစေနိုင်တဲ့ ဆေးဝါးတချို့ကြောင့်လည်း ကျောက်ကပ်ထိခိုက်ပြီး ဆီးထဲမှာ အသားဓာတ်ပါလာနိုင်ပါတယ်။

မေး။ ။ ဆီးထဲ အသားဓာတ်ပါနေတဲ့အချိန်မှာ လူနာအနေနဲ့ ဘယ်လိုအချက်တွေကို ဂရုစိုက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးထဲ အသားဓာတ်ပါနေတဲ့အချိန်မှာ လူနာဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ရောဂါတစ်ခုခုနဲ့ ဆက်စပ်မှုရှိ၊မရှိနဲ့ ဆီးအတွင်း ယာယီအသားဓာတ်ပါခြင်းကို ခွဲခြားစစ် ဆေးပေးရပါမယ်။ ရောဂါတစ်ခုခုမတွေ့ခဲ့ရင်လည်း ညွှန်ကြားချက်အတိုင်း ထပ်မံစစ်ဆေးနေဖို့ လိုအပ် နိုင်ပါတယ်။

မေး။ ။ ဆီးထဲမှာ အသားဓာတ် မပါဝင်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးထဲအသားဓာတ်ပါဝင်တာက ရောဂါ တစ်ခု မဟုတ်တဲ့အတွက် ဒီအခြေအနေကို ဖြစ်စေတဲ့ ရော ဂါရှိ၊မရှိစစ်ဆေးပြီး ရောဂါရှိနေရင်သာ ပျောက်ကင်းအောင် ကုသပေးရပါမယ်။ ဆီးချိုရောဂါရှိသူတွေအ တွက်တော့ ဆီးထဲမှာအသားဓာတ်ပါလာရင် ကျောက်ကပ်ထိခိုက်မှုရှိနေပြီလို့ ယူဆနိုင်ပါတယ်။ သွေးအတွင်း အချိုဓာတ်နဲ့ သွေးဖိအားတို့ကို ဆရာဝန်နဲ့ ပြသပြီး စနစ်တကျထိန်းသိမ်းဖို့ အရေးကြီးလှပါတယ်။

မေး။ ။ ဆီးထဲအသားဓာတ်ပါနေသလားဆိုတာကို လူနာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယရှိသင့်တဲ့ အချက် တွေရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ။ ။ ဆီးသွားတဲ့အခါ အမြှုပ်ထပြီး အဲဒီအမြှုပ်ထတာက တော်တော်နဲ့ပျောက်မသွားဘဲ အကြာကြီးဆက် ရှိနေတယ်ဆိုရင် ဆီးထဲမှာ အသားဓာတ်ပါနိုင်တယ်လို့ သံသယရှိသင့်ပါတယ်။ အဲဒီလိုသံသယရှိရင်တော့ ဆီးအတွင်း အသားဓာတ်ပါဝင်မှုရှိ၊မရှိ ဆက်လက် စစ်ဆေးသင့်ပါတယ်။

မေး။ ။ ဆီးထဲ အသားဓာတ်ပါတဲ့အခြေအနေအတွက် ဆရာဝန်ရဲ့ဆေးကုသမှုအပိုင်းကိုလည်း အကြမ်းဖျင်း သိပါရစေ ဆရာ။
ဖြေ။ ။ ဆီးထဲအသားဓာတ်ပါဝင်လာပြီဆိုရင် ပမာဏ ဘယ်လောက်များများပါသလဲနဲ့ နောက်ခံရောဂါတစ် ခုခုနဲ့ ဆက်စပ်မှုရှိ၊ မရှိကို ရှာဖွေစစ်ဆေးဖော်ထုတ် ပေးရပါတယ်။ ရောဂါရှာဖွေတွေ့ရှိသူတွေကို ရောဂါ အလိုက် ထိရောက်တဲ့ကုသမှုပေးပါတယ်။ အဲဒီ ရောဂါပျောက်ကင်းရင် ဆီးအတွင်း အသားဓာတ်ပါတာလည်း ပျောက်သွားပါတယ်။ ရောဂါရှာဖွေမတွေ့ရှိသူတွေကိုတော့ ပြန်လည် စစ်ဆေးမှုတွေကို မှန်မှန် ပြုလုပ်ပေးနေရပါတယ်။ အဲဒီစစ်ဆေးနေရင်းကနေ ရောဂါရှာဖွေတွေ့ရှိလာခဲ့ရင် တွေ့တဲ့ရောဂါကိုဆက် လက်ကုသမှုပေးပါလိမ့်မယ်။

မေး။ ။ ဆီးထဲ အသားဓာတ်ပါတာကို ကုသမှု မခံယူဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘယ်လိုဆိုးကျိုး တွေကို ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဥပမာ- ဆီးချိုရောဂါလို ရောဂါ သိရှိပြီးသား အခြေအနေမှာ ဆီးအတွင်း အသားဓာတ်ပါနေတာကို မကုသဘူးဆိုရင် တဖြည်းဖြည်း ကျောက်ကပ်ပျက်စီး သွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top