Healthy Life Ad
Life Style

ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပဋိဇီဝပိုးသတ်ဆေးကို အလွန်အမင်းမှီဝဲလျှင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဒီနေ့ခေတ်မှာ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကို ကမ္ဘာတစ်ဝှမ်း အသုံးများလာပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေကို အသုံးလွန်တာကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

(၁) ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နှုန်းတိုးစေနိုင်
ပဋိဇီဝပိုးသတ်ဆေးက ဘက်တီးရီးယားပိုးကိုပဲ သေစေနိုင်တာဖြစ်ပါတယ်။ အအေးမိဝေဒနာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးသုံးပြီး ကုသမှုပေးတာကြောင့် ကူးစက်ပိုးကို မဟန့်တားနိုင်ဘဲ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးကိုပဲ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကလေးတွေ အအေးမိတာနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကူးစက် ပိုးဝင်မှုကို ပဋိဇီဝပိုးသတ်ဆေးပေးတာတွေ ရှိနေကြောင်း သိရပါတယ်။
ပဋိဇီဝပိုးသတ်ဆေးတွေကို မမှန်မကန် မှီဝဲတဲ့ အခါ ကလေးတွေမှာ C. difficile ပိုးဝင်မှုနဲ့ ဆေး ယဉ်တဲ့ကူးစက်ပိုးဝင်မှုတွေ အပါအဝင် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေရှိပါတယ်။ C. difficile ပိုးဟာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်ပါတယ်။

(၂) အူလမ်းကြောင်းမျှခြေကို ထိခိုက်စေနိုင်
အူထဲမှာ ဘက်တီးရီးယားမျိုးစိတ်သန်းပေါင်းသိန်းနဲ့ချီပြီးရှိပါတယ်။ ကောင်းမွန်တဲ့ ဘက်တီးရီးယားတချို့ဟာ ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပြီး အစာကြေညက်အောင်ပံ့ပိုးပေးပါတယ်။ ပြင်း ထန်တဲ့ကူးစက်ပိုးဝင်မှုအတွက် ပဋိဇီဝပိုးသတ်ဆေးတွေကို အများအပြားသောက်တဲ့အခါ အူလမ်းကြောင်းရှိ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ထိခိုက်သွားစေပြီး အူလမ်းကြောင်းမျှခြေ ဟန်ချက် ညီမျှမှုကိုထိခိုက်စေနိုင်ပါတယ်။ လူအများစုဟာ ပဋိဇီဝပိုးသတ်ဆေးတွေ လွဲမှားစွာ မှီဝဲမှုကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရရှိပြီး အူလမ်းကြောင်းမျှခြေကို အပြောင်းအလဲ ဖြစ်သွား တတ်ပါတယ်။

(၃) ကောင်းသော ဘက်တီးရီးယားများကို ဆိုးသွား စေနိုင်
ဘက်တီးရီးယားတွေဟာ မျိုးဗီဇပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေကို ခုခံတဲ့ ဖြစ်စဉ် ပေါ်ထွက်လာပါတယ်။ လေ့လာမှုတစ်ခုအရ ပဋိဇီဝပိုးသတ်ဆေးကို မှီဝဲတာကြောင့် အူမကြီးထဲ ဖြတ်သွားတဲ့ ဘက်တီးရီးယားတွေဟာ တခြားဘက်တီးရီးယားတွေကို ပြောင်းလဲတဲ့ မျိုးဗီဇ ကူးပြောင်းပေးနိုင်တယ်လို့ သိရပါတယ်။

(၄) ကုသမရနိုင်သော ဂနိုဆီးပူညောင်းကျ ရောဂါ ဖြစ်နှုန်း မြင့်တက်စေနိုင်
ပဋိဇီဝပိုးသတ်ဆေးလွဲမှားစွာ မှီဝဲပြီး ဆေးယဉ်ပါးသွားတဲ့ ဂနိုဆီးပူညောင်းကျရောဂါဟာ နာကျင်ကိုက်ခဲမှုကို ဖြစ်စေရုံသာမက တင်ပဆုံတွင်း ရောင်ရမ်းမှု၊ စပျစ်သီးသန္ဓေတည်တာ၊ မျိုးမအောင်တာ၊ မွေးကင်းစကလေးမျက်စိပိုးဝင်တာစတဲ့ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။
ဂနိုမျိုးစိတ်တစ်ခုဟာ ပဋိဇီဝပိုးသတ်ဆေးယဉ်တတ်ပြီး လက်ရှိမှာ ဆေးယဉ်ဂနိုရောဂါကို ကုသဖို့ Cephalosporinပိုးသတ်ဆေးတစ်မျိုးပဲ ရှိပါတယ်။

(၅) ဆေးနှင့် ဆေးရုံစရိတ် မြင့်တက်စေနိုင်
ပဋိဇီဝပိုးသတ်ဆေးယဉ်တဲ့ ပြဿနာ ပျံ့နှံ့လာတာကြောင့် ကူးစက်ပိုးဝင်တဲ့ လူနာအများစုအနေနဲ့ ပိုပြီး ဈေးကြီးတဲ့ ကုသမှုကို ခံယူဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျပိုများကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top