Healthy Life Ad
Child

ကလေး အသက် ၆ လနှင့်အထက် ကျွေးသင့်သည့် ဖြည့်စွက်စာ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကလေး အသက် ၆လပြည့်ပြီဆိုရင် Cereal ကို စကျွေးလို့ရပါတယ်။

Cereal ထမင်းစားဇွန်း နှစ်ဇွန်း၊ မိခင်က နို့ချို များများထွက်ရင် မိခင်နို့ (မိခင်နို့ချို သိပ်မထွက်ရင် နို့မှုန့်) ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရေ ၃၀ cc/ml ကို ရောပြီး မနက်စာအနေနဲ့ မနက်တစ်ကြိမ် ကျွေးရပါမယ်။ ည ၈နာရီမှာလည်း ဒီအတိုင်း တစ်ခါ ကျွေးရပါမယ်။ ကြားထဲမှာတော့ အမေနို့ တိုက်ရမယ်။ အမေနို့ မတိုက်နိုင်ရင် နို့မှုန်ဖျော်ပြီး တိုက်ရမယ်။ အဲဒီလိုစကျွေးပြီး သုံးရက်လောက်နေမှ ဆန်ပြုတ်စ တိုက်ရပါမယ်။

ဆန်ပြုတ်ပြုတ်ရာတွင် ပါဝင်ရမည့် အစာများ

– ထမင်း နှစ်ဇွန်း၊

– ကြက်သား တစ်တုံး/ငါး(ကကတစ်/ငါးရံ့/ ဆယ်လမွန်) တစ်တုံး၊ (ငါးကျပ်သားခန့်)၊

– ပဲနီလေး လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊

– အာလူး/ရွှေဖရုံသီး လက်တစ်ဆစ်၊

– မုန်လာဥနီ လက်တစ်ဆစ်၊

– ပန်းဂေါ်ဖီပွင့်/ပန်းဂေါ်ဖီစိမ်း နှစ်ခက်၊

– ပဲဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း။

(မှတ်ချက်။ ။ ဆားမထည့်ရ)

ဒီပါဝင်ပစ္စည်းတွေအားလုံးကို ရောကြိုပြီး မွှေစက်(Blender)နဲ့ ကြိတ်ရပါမယ်။ ပြီးရင် နောက်တစ်ကြိမ် ထပ်ကြိုရပါမယ်။ ဆန်ပြုတ်ကို နေ့လယ် ၁၂ နာရီ တစ်ကြိမ်၊ ညနေ ၅ နာရီတစ်ကြိမ် ကျွေးရပါမယ်။ ဒါဆိုရင် Cereal တစ်နေ့ နှစ်ကြိမ်၊ ဆန်ပြုတ် နှစ်ကြိမ်ဖြစ်သွားမယ်။ အဲဒီလိုကျွေးပြီး သုံးရက်လောက် ကြာသွားတဲ့ အခါ လိမ္မော်သီး/ဆန်းကစ်သီးအရည်- ၃၀ cc/ml နဲ့ ရေ ၃၀ cc/ml ရောပြီး ဆန်ပြုတ်ကျွေးပြီးတဲ့အခါတိုင်း တိုက်ရပါမယ်။ (သကြားမထည့်ရပါဘူး)။ ကလေးတွေက ချိုတာ ကြိုက်တဲ့အတွက် ချိုတဲ့ အသီးကို ရွေးပြီး လက်နဲ့ခွဲကာ အရည်ညှစ်ပေးဖို့လိုပါတယ်။ ဒီအတိုင်း အသက် ၇ လအရွယ်အထိ ကျွေးပေးရပါမယ်။

အသက် ၇ လပြည့်လျှင်

ကြက်ဥ တည့်၊ မတည့် စမ်းခြင်း

များသောအားဖြင့် မြန်မာနိုင်ငံက ကလေးတွေက ကြက်ဥနဲ့ တည့်တာများပါတယ်။ မတည့်ဘူးဆိုတာ အလွန် ရှားပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ ကြက်ဥမတည့်တာ နှစ်ယောက် တွေ့ထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးကို ကြက်ဥမကျွေးခင် အရင်စမ်းပေးဖို့တော့ လိုပါတယ်။

ပထမရက်မှာ ကြက်ဥအကာချက်ထဲက အဝါနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဆန်ပြုတ်ကျွေးပြီး နာရီဝက်အကြာမှာ ကျွေးရပါမယ်။ ပြီးရင် အနီစက် ထွက်၊ မထွက် ကြည့်ရပါမယ်။ မတည့်ရင် ကြက်ဥမကျွေးတော့ပါဘူး။ တည့်တယ်ဆိုရင်တော့ ဒုတိယရက်မှာ ထပ်စမ်းရပါမယ်။

ဒုတိယရက်မှာ ကြက်ဥအကာချက်ထဲက အကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဆန်ပြုတ်ကျွေးပြီး နာရီဝက်အကြာမှာ ကျွေးရပါမယ်။ အနီကွက်ထွက်၊ မထွက် စောင့်ကြည့်ရပါမယ်။ တည့်ရင် တတိယရက်မှာ ထပ်စမ်းရပါမယ်။

တတိယရက်မှာ ကြက်ဥအကာချက်ကနေ အဝါနှစ်နဲ့ အကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဆန်ပြုတ်ကျွေးပြီး နာရီဝက်အကြာမှာ ကျွေးရပါမယ်။

အနီကွက် ထွက်၊ မထွက်ကြည့်လိုက်လို့ မထွက် ဘူးဆိုရင် ဒါ ကြက်ဥနဲ့ လုံးဝတည့်တယ်လို့ ဆိုရမှာပါ။ အဲဒီလိုဆိုရင် စတုတ္ထရက်ရောက်မှာကျတော့ Cereal ထဲမှာ ကြက်ဥအကာချက် တစ်လုံးကို မနက် တစ်လုံး၊ ညတစ်လုံး ထည့်ကျွေးရပါမယ်။

၇ လအရွယ်မှာ ဆန်ပြုတ်ဆက်ကျွေးပြီး အရွက်တွေကို တဖြည်းဖြည်းတိုးကျွေးသွားပါတယ်။

(ကြက်ဥနဲ့ မတည့်တဲ့ ကလေးတွေကိုတော့ မကျွေးတော့ဘဲ အသက် နှစ်နှစ်လောက်အရွယ်မှာ ထပ်မံ စမ်းသပ်ကြည့်ရပါမယ်။)

၉ လအရွယ်
၉ လ ပြည့်သွားတဲ့အခါမှာ ပျော့ပျော့ချက်ထားတဲ့ ထမင်းကျွေးလို့ရပါပြီ။ ထမင်းပျော့ပျော့ကို အ နီရောင်အသားတွေကို တောက်တောက်စင်းပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချက်ထားတဲ့ ဟင်းတစ်ခွက်၊ အရွက်ကြော်တစ်ခွက်တွဲကျွေးလို့ရပါတယ်။လူကြီးစားသလို ထမင်းကိုတော့ အသက် တစ်နှစ်ကျော်မှာ စတင် ကျွေးလို့ရပါပြီ။

ပဲနို့၊ နွားနို့၊ မိုင်လို၊ အိုဗာတင်းတွေကိုကလေး ဘယ်အရွယ်မှာ စတင် ကျွေးသင့်ပြီလဲ
မိုင်လိုနဲ့ အိုဗာတင်းတွေကို ကလေး အသက် အနည်းဆုံး နှစ်နှစ်ကျော်မှကျွေးသင့်ပါတယ်။ ဒါတွေ Instant တွေဖြစ်တဲ့အတွက် ကလေးနှစ်နှစ်ကျော်မှ ကျွေးသင့်ပါတယ်။ ကျောက်ကပ်ကနေ စွန့်ထုတ်တဲ့အခါ မော်လီကျူးအကြီးတွေကို စွန့်ထုတ်ရ တဲ့အတွက် ဝန်ပိသွားမှာစိုးလို့ပါ။

နွားနို့နဲ့ ပဲနို့ကိုတော့ အသက်တစ်နှစ်ကျော်မှာ ကျွေးလို့ရပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top