Healthy Life Ad
Child

မိသားစုပုံစံ ပြုစုပျိုးထောင်နေသည့် ရတနာ မိဘမဲ့နှင့် ခိုကိုးရာမဲ့ကလေးပြုစုရေးဂေဟာ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာအေးဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာ ဒီပမထေရ်သည် ၂၀ဝ၀ ခုနှစ်မှစတင်၍ မိဘမဲ့နှင့် ခိုကိုးရာမဲ့ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်ကာ ဆရာတော်ပိုင်မြေဧရိယာမှ ၄ ဧကကို ရတနာဂေဟာတည်ထောင်နိုင်ရန် ခွဲဝေစွန့်လွှတ်လှူဒါန်းခဲ့ပြီး ပြင်သစ်အမျိုးသမီး Dr.Dominique Viallard ၏ စိတ်ကူး၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး စီမံကိန်း၏ စီမံခန့်ခွဲမှု၊ ပံ့ပိုးကူညီမှုများဖြင့် ရတနာကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးဂေဟာကို ၁၇-၃-၂၀ဝ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကာ ကလေးပြုစုရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။

လေးဧကခန့်ကျယ်ဝန်းသည့် မြေနေရာတွင် အုပ်ချုပ်ရေး၊ ယောကျာ်းလေးအတွက် သီးသန့်အဆောင်၊ မိန်းကလေးအတွက် သီးသန့်အဆောင်၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ စာကြည့်တိုက်၊ ထမင်းစားဆောင် စသည်တို့အတွက် သီးခြားအဆောက်အဦများရှိပြီး ကလေးများကို သင်တန်းကျောင်းပုံစံဖြင့် စောင့်ရှောက်ခြင်းမဟုတ်ဘဲ မိသားစုပုံစံ(ဂေဟာရွာပုံစံ)ဖြင့် စောင့်ရှောက်ပေးနေသည်။ ထို့ပြင် ကလေးများဘဝရပ်တည်မှုခိုင်မာစေရန် စနစ်တစ်ခုဖြင့် ပြုစုပျိုးထောင်မှုပေးနေသည့် ဂေဟာတစ်ခုဖြစ်သည့်အတွက် ရတနာဂေဟာ၏ အုပ်ချုပ်ရေးမှူး ဦးချမ်းသာနှင့် တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ရပါသည်။

– ကလေးတွေကို ဘယ်လိုမျိုးလက်ခံတာပါလဲ။

အဓိကကတော့ မိဘမဲ့နဲ့ ခိုကိုးရာမဲ့ကလေးတွေကို အဓိကပြုစုစောင့်ရှောက်မှုပေးပါတယ်။ တချို့ကျတော့လည်း မိဘနှစ်ပါးစလုံးရှိပေမယ့် အိမ်ထောင်ရေးအဆင်မပြေရင်၊ စောင့်ရှောက်ဖို့အခက်အခဲရှိရင် လက်ခံပါတယ်။ လက်ခံပြီးသမျှ ကလေးအားလုံး ၁၀ဝ ဝန်းကျင်လောက်ရှိပါတယ်။ အယောက် ၅၀ ကျော်ကတော့ ဘဝရပ်တည်နိုင်သွားပါပြီ။ လောလောဆယ်မှာတော့ ၃၉ ဦးရှိပါတယ်။

– ကလေးဦးရေ ဘယ်လောက်လက်ခံဖို့ရှိပါသလဲ။

ကလေးရလိုဇောနဲ့တော့ အတင်းလိုက်မရှာပါဘူး။ လက်ခံပြီးသားကလေးဆိုရင် သူ့ဘဝတစ်လျှောက်လုံး အာမခံချက်ပေးနိုင်အောင်ရပ်တည်ဖို့ လုပ်ပေးရမယ်လို့ယူဆထားတယ်။ ဒါကြောင့် ကလေးအများကြီးထက် လက်ခံထားတဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ ဘဝရပ်တည်နိုင်မှုကို ဦးစားပေးပါတယ်။ ဒီရိပ်သာမှာ လက်ခံနိုင်တဲ့အင်အားက အယောက် ၉၀ ဖြစ်ပါတယ်။ မွေးစကနေ ၃ နှစ်အထိ ၁၈ ဦး၊ ၃ နှစ်ကနေ ၅ နှစ်အထိ ၃၂ ဦး၊ ၅နှစ်ကနေ ၁၈ နှစ်အထိ ၄၀ ဦးပါ။ ဒီစံနှုန်းအတိုင်း လက်ခံရတာက ယောကျာ်းလေး၊ မိန်းကလေးတွေကို သီးသန့်ထားရတယ်၊ အသက်အပိုင်းအခြားအတိုင်း သီးသန့်ထားရတယ်။ ဒီအတိုင်းလက်ခံမှသာ သူတို့မိသားစုဘဝကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး သူတို့တစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှုက ကောင်းမွန်မှာဖြစ်ပါတယ်။

ကလေးတစ်ယောက်လက်ခံဖို့ဆိုရင် ဒီကလေးရဲ့ တကယ့်အခြေအနေမှန်က စောင့်ရှောက်ပေးမယ့်သူ မရှိတာဖြစ်ရမယ်၊ နောက်တစ်ခု ကလေးကို လာရောက်အပ်နှံသူက အပ်နှံပိုင်ခွင့်ရှိသူဖြစ်ရမယ်၊ ဥပမာ လမ်းမှာတွေ့လို့ လာအပ်တာမျိုးထက် သူ့အုပ်ထိန်းသူ ဒါမှမဟုတ် ဒေသဆိုင်ရာ အာဏာပိုင်/ တာဝန်ခံအဖွဲ့အစည်းတစ်ခုက လာအပ်တာမျိုးပေါ့။ အုပ်ထိန်းသူရှိရက်နဲ့ သူသဘောမတူဘဲ လာအပ်တာမျိုးဆိုရင် ရေရှည်မှာ ကလေးအတွက်လည်း အကျိုးဖြစ်မှာမဟုတ်ဘူး။

ကလေးပြုစုရေးဂေဟာဆိုတော့ မူအားဖြင့် အသက် ၁၈ နှစ်အထိ ကလေးလို့သတ်မှတ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အားဖြင့် ပြောလို့မရဘူး။ သူရဲ့ရင့်ကျက်မှုအပိုင်း၊ ဘဝရပ်တည်နိုင်စွမ်းတွေက အသက်အရွယ်နဲ့ တိုက်ရိုက်ဆက်နွှယ်မှုမရှိဘူး။ ၁၈ နှစ်ကျော်ပြီးလို့ ဘဝရပ်တည်မှုအတွက် အဆင်သင့်ဖြစ်တဲ့ကလေးတွေရှိတယ်။ တကယ်လို့မဖြစ်သေးရင်လည်း ဆက်ပြီးစောင့်ရှောက်ပေးရတာပေါ့ . . .

– ကလေးတွေကို ဘယ်လောက်အထိမျှော်လင့်ပြီး စောင့်ရှောက်ပေးပါသလဲ။

ကလေးတွေကို စလက်ခံတဲ့အချိန်မှာ သူ့မှာ လက်ရှိ ရှိနေတဲ့အခက်အခဲပြေလည်ဖို့ အရေးကြီးတယ်။ နောက်ပိုင်း သူရဲ့လိုက်နာနိုင်မှုပေါ်မူတည်ပြီး သူ့ဘဝကို ဆက်လက်စောင့်ရှောက်ပေးပါတယ်။ ဘယ်လိုဖြစ်ရမယ်လို့ မျှော်လင့်ထားတာမျိုးမရှိပါဘူး။ ရောက်လာတဲ့အခါ ဒီကလေးက ဘာလုပ်နိုင်လဲ၊ ဘာကို လေ့လာနိုင်လဲဆိုတာကို သေချာလက်တွေ့ကျကျ စောင့်ရှောက်ပေးပါတယ်။

ကလေးပြုစုရေးဂေဟာဆိုတော့ မူအားဖြင့် အသက် ၁၈ နှစ်အထိ ကလေးလို့သတ်မှတ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အားဖြင့် ပြောလို့မရဘူး။ သူရဲ့ ရင့်ကျက်မှုအပိုင်း၊ ဘဝရပ်တည်နိုင်စွမ်းတွေက အသက်အရွယ်နဲ့ တိုက်ရိုက်ဆက်နွှယ်မှုမရှိဘူး။ ၁၈ နှစ်ကျော်ပြီးလို့ ဘဝရပ်တည်မှုအတွက် အဆင်သင့်ဖြစ်တဲ့ ကလေးတွေရှိတယ်။ တကယ်လို့ မဖြစ်သေးရင်လည်း ဆက်ပြီးစောင့်ရှောက်ပေးရတာပေါ့။ အဲဒါဆို ဘယ်အရွယ်ထိလဲ၊ ၃၀-၄၀အထိလားဆိုတော့လည်းမဟုတ်သေးဘူး။ တစ်ချိန်မှာရပ်ရတယ်။ ဥပမာ အသက် ၂၀ အထိပဲ ရပ်တည်နိုင်အောင် လုပ်ပေးပေမယ့် တန်းပြီးလွှတ်လိုက်တာမဟုတ်ဘူး။ အပြင်မှာ အလုပ်လုပ်ကိုင်နိုင်မှု၊ အသက်မွေးဝမ်းကျောင်းနိုင်မှု၊ သူ့ဘဝလုံခြုံနိုင်မှု . . ဒါတွေ အဆင်သင့်ဖြစ်အောင်လုပ်ပေးပြီးမှ သူတို့ကို ပတ်ဝန်းကျင်ပြောင်းပေးလိုက်ပါတယ်။

– အတန်းပညာနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ပံ့ပိုးမှုပေးပါသလဲ။

အတန်းပညာနဲ့ပတ်သက်ပြီး သူတို့ထူးချွန်ရင် ထူးချွန်သလောက် လိုလေးသေးမရှိ ပံ့ပိုးပေးပါတယ်။ အတန်းပညာအားနည်းတဲ့ ကလေးကျတော့လည်း တခြားအသက်မွေးဝမ်းကျောင်းတွေကို သင်ပေးရပါတယ်။ ဒီဂေဟာကနေ ၁၀ တန်းအောင်တာကတော့ ၁၃ ယောက်လောက်ရှိပါပြီ။ တက္ကသိုလ်ဆက်တက်တဲ့ ကလေးလည်းရှိတယ်၊ တချို့ကလည်း အကြောင်းအမျိုးမျိုးနဲ့ ဆက်မတက်ကြဘူး။ ဘွဲ့ရတဲ့သူ၊ တက္ကသိုလ်တက်ဆဲကလေးတွေရှိပါတယ်။

– ဒီနေ့ခေတ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြားသိလာရတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ကလေးတွေကို ဘယ်လိုပညာပေးထားပါသလဲ။

အဓိက အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းက အခြေအနေပေးမှုတစ်ခုရယ်၊ တစ်ဖက်က ပြုလုပ်ချင်သူရဲ့ ဆန္ဒပြင်းပြမှုရယ်ကြောင့် ဖြစ်ရတာပါ။ ကလေးတွေဘက်က နေထိုင်စားသောက်သွားလာမှုမှာ အခြေအနေပေးသလိုမဖြစ်အောင် ကျွန်တော်တို့စီမံပေးရပါတယ်။ လိင်ကျန်းမာရေးပညာပေးတာနဲ့ပတ်သက်ပြီး သီးသန့်လုပ်ပေးတာမျိုး လောလောဆယ်မှာမရှိပါဘူး။

ဒါပေမဲ့ အိမ်မှာနေတာ၊ ထိုင်တာ၊ စားတာ၊ သောက်တာတွေကအစ မိသားစုလို နေ့တိုင်း သွန်သင်ပေးနေတာပါ။ ယောကျာ်းလေးတွေက မိန်းကလေးအဆောင်မသွားရဘူး၊ မိန်းကလေးတွေက ယောကျာ်းလေးအဆောင်မသွားရဘူး စသဖြင့် စည်းကမ်းတွေတော့ ချမှတ်ထားပါတယ်။ ကျွန်တော်တို့က ကလေးတွေကို မိဘလိုခံစားရအောင် အဖေ၊ အမေ စသဖြင့် ခေါ်ခိုင်းပါတယ်။ ဝန်ထမ်းပုံစံရှိသလို စေတနာ့ဝန်ထမ်းတွေလည်း ရှိပါတယ်။ အချိန်ပြည့်စောင့်ရှောက်နေတဲ့သူတွေကို ဝန်ထမ်းပုံစံ လစာပေးထားပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ အသိအမှတ်ပြု (ဒုတိယအဆင့်)ဂေဟာဖြစ်တော့ အစိုးရဆီက ထောက်ပံ့ငွေလည်း အသင့်အတင့်ရပါတယ်။

– ဘယ်လိုအခက်အခဲတွေကို အဓိကကြုံရပါသလဲ။

အခက်အခဲတွေကတော့ အများကြီးပါပဲ။ အိမ်တစ်ကြီးကြီးတစ်လုံးထဲမှာ စာရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးကအစ ဦးဆောင်စီမံရတဲ့အတွက် အခက်အခဲရှိပါတယ်။ အခက်ခဲဆုံးကတော့ ကလေးတစ်ယောက်ရဲ့ အမူအကျင့်ကို ပြုပြင်ပြောင်းလဲပေးရတာပါပဲ။ အမူအကျင့်ကို ဘာကြောင့်ပြုပြင်ပြောင်းလဲရသလဲဆိုတာ ကလေးတွေသိအောင်ပြောရပါတယ်။ အဲဒီမှာခက်တာက ကလေးအတော်များများက တချို့ကိစ္စတွေကို သူတို့ကိုယ်တိုင်ကြုံမှယုံတယ်။ အဲဒီအခါ မကြာသင့်ဘဲကြာရတယ်။ တစ်နေ့ သူတို့ကြုံသွားရင်တော့ သူတို့နားလည်သွားမှာပါ။ ရှေ့မျိုးဆက်က သူတို့အစ်ကို၊ အစ်မတွေကြုံခဲ့ရတဲ့ အတွေ့အကြုံကို နောက်မျိုးဆက်ကို ပြောပြတာမျိုးဆိုရင် သူတို့လက်ခံပါတယ်။

– ကလေးတွေအချင်းချင်း သင့်မြတ်အောင် ဘယ်လိုထိန်းကျောင်းမှုပေးပါသလဲ။

ကလေးသဘာဝရော၊ သူတို့လေးတွေရဲ့အခြေခံကိုယ်ချင်းစာစိတ်လေးတွေကြောင့် ကြီးကြီးမားမားရန်ဖြစ်တာ၊ မလိုမုန်းထားဖြစ်တာတို့ မရှိပါဘူး။ စီမံအုပ်ချုပ်မှုအပိုင်းမှာ သူတို့တစ်ယောက်နဲ့ တစ်ယောက် မနာလိုဖြစ်စရာ အကြောင်းလည်း မရှိပါဘူး။ ဥပမာ တစ်ခုခုဆိုရင် တန်းတူရတယ်၊ တန်းတူ စားရတယ်၊ တန်းတူ အခွင့်အရေးရတယ်။ တစ်ခုတော့ကွာတာပေါ့။ ကြိုးစားတဲ့ကလေးနဲ့ မကြိုးစားတဲ့ကလေး ကွဲပြားခြားနားအောင် စနစ်လေးတော့ချထားတယ်။ မဟုတ်ရင် လုပ်လည်းရတယ်၊ မလုပ်လည်းရတယ်ဆိုတဲ့ အသိကိုမပေးချင်ဘူး။

– ဒီမှာ ခြင်းလေးတွေရက်ပြီး ရောင်းတာတွေလည်းတွေ့ပါတယ်။ ဒါတွေကကော ဘယ်လိုစနစ်နဲ့ စီစဉ်ထားပါသလဲ။

အိမ်တိုင်းမှာ ကိုယ်ပိုင်လုပ်ငန်းတွေရှိပါတယ်။ ထိပ်ဆုံးမိန်းကလေးအိမ်ရဲ့လုပ်ငန်းက ပန်းနဲ့ဆပ်ပြာ။ အဲဒီကရတဲ့ အမြတ်က သူ့ယူနစ်ငွေပဲ။ အိမ်တိုင်းမှာ ကိုယ်ပိုင်ပိုက်ဆံရှိတယ်။ တချို့ကိစ္စတွေကို ရုံးကငွေထုတ်ပေးတာမဟုတ်ဘူး။ ကိုယ်ပိုင်ပိုက်ဆံနဲ့သုံးရတယ်။ ယောကျာ်းလေးအိမ်ရဲ့လုပ်ငန်းက အသီးပင်တွေ။ ဒါပေမဲ့ ဒါတွေက ကလေးတွေ စီးပွားရေးနားလည်ရုံသက်သက်ပဲ၊ ပိုက်ဆံဆိုတာသုံးချင်ရင် ရှာရတယ်ဆိုတဲ့ အသိပေးတာ။ အဓိက ပညာရေးကိုဦးစားပေးပါတယ်။

ပြီးတော့ ခြင်းတောင်းတစ်ခုရောင်းရရင် အိမ်မှာ ၅၀ဝ ကျပ်ပြန်ထည့်ရတယ်။ အဲဒါ ယူနစ်ငွေထဲ ဝင်သွားတာပေါ့။ ယူနစ်ငွေတွေ စုထားပြီးတဲ့အခါ ခရီးသွားချင်တယ်၊ ဟော့ပေါ့စားချင်တယ်ဆိုတာမျိုးတွေမှာ ဒီယူနစ်ငွေတွေနဲ့ သုံးပါတယ်။ ဂေဟာမှာနေပြီး ခရီးထွက်လိုက်၊ ဟော့ပေါ့သောက်လိုက်ဆိုရင် ဘယ်အလှူရှင်မှ ကြည်ဖြူမှာ မဟုတ်ပါဘူး။ ဒီသဘောနဲ့ ယူနစ်ငွေ စီမံထားပါတယ်။

– ကလေးတွေကို ကျောင်းမုန့်ဖိုးဘယ်လိုပေးပါသလဲ။

ရတနာဂေဟာကို အလှူရှင်တွေ လာအားပေးတယ်၊ လှူကြတယ်။ ဒီအပေါ်မှာ လုံလောက်ပါပြီလို့ ကန့်သတ်လို့မရဘူး။ ဒီတော့ လက်ခံပြီးတော့ ထိန်းသိမ်းထားတယ်။ ကလေးတွေသုံးစွဲဖို့ စနစ်တကျထုတ်ပေးတယ်။ ပိုလျှံခဲ့ရင် လိုအပ်တဲ့ပရဟိတအဖွဲ့အစည်း၊ လိုအပ်တဲ့ ပုဂ္ဂိုလ်စတာတွေကိုဖြန့်ပြီး မျှဝေလှူဒါန်းပေးပါတယ်။ မုန့်စားချိန်မှာ မုန့်တစ်ခုတော့စားရတယ်၊ ပိုနေရင် တခြားနေရာကိုလှူတယ်။ ကိုယ့်ကိုလှူလို့ ကိုယ်ပဲစားရမယ်ဆိုတဲ့အသိမျိုး သူတို့မှာသွင်းမထားပေးဘူး။ သူတို့ကိုလည်း နားလည်အောင်ပြောထားတယ်။

နောက်တစ်ချက် အလှူရှင်က ငွေလှူတဲ့အခါ ကလေးတွေကိုမပေးဘူး။ အဲဒီငွေတွေကိုစုထားတယ်။ ကလေးတွေကို ကျောင်းမုန့်ဖိုးမပေးဘူး။ လစဉ် ငွေသားဆုချတယ်။ တစ်ယောက်ကို ၅၀ဝ၀ ကျပ်လို့ သတ်မှတ်ထားပြီး ဥပမာ ကလေး ၃၀ဦးဆိုရင် တစ်သိန်းခွဲဆိုပါစို့။ စောစောက မုန့်ဖိုးပေးတာတွေပါပေါင်းပြီး အလှူငွေ နှစ်သိန်းရတယ်ပေါ့။ လစဉ် သူတို့ကို အမှတ်ပေးစည်းမျဉ်းအတိုင်း သက်ဆိုင်ရာ အဖေ၊ အမေတွေက သူတို့အုပ်ထိန်းတဲ့ ကလေးကိုအမှတ်ပေးတယ်။ အဲဒီအမှတ်စုစုပေါင်း ၂၆၀ဝ ရတယ်ဆိုရင် စောစောက နှစ်သိန်းကို သွားစားလိုက်တော့ တစ်မှတ်တန်ဖိုးထွက်လာတယ်။ အဲဒီတန်ဖိုးအတိုင်း ကလေးတစ်ဦးက အမှတ် ၉၀ ရရင် မြှောက်လိုက်တယ်။ ရလာတဲ့တန်ဖိုးက သူတို့တစ်လစာရတဲ့ငွေပဲ။ အဲဒီအထဲကတစ်ဝက်ကို ကျောင်းမုန့်ဖိုးသုံးပြီး တစ်ဝက်ကို ဘဏ်ထဲစုရပါတယ်။

သူတို့က တကယ်ကြိုးစားမှ ကြိုးစားတဲ့အတိုင်းရတာ။ စာမေးပွဲကျတဲ့ ကလေးက ၅၀ဝ၀ ကျပ်မကျော်ဘူး။ ဒီအတိုင်းပေးလိုက်ရင် လုပ်လည်းရတယ်၊ မလုပ် လည်းရတယ်ဆိုပြီး ကြိုးစားချင်စိတ် လျော့သွားစေတယ်။ ဒီတော့ ကလေးတွေက ကြိုးစားအားထုတ်မှု မရှိတော့ဘူး။ ဒီလိုမဖြစ်အောင် ဒီစည်းကမ်းအတိုင်း မုန့်ဖိုးပေးပါတယ်။ ကလေးတွေရဲ့ ကိုယ်ပိုင်ပိုက်ဆံကို ကျွန်တော်အပါ ဆရာမနှစ်ယောက်နဲ့ Joint Account ဖွင့်ပါတယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ ပမာဏတွေ ဖြည့်ထားပြီး ၁၈ နှစ်ပြည့်သွားတဲ့အခါ သူတို့ကို ကိုယ်ပိုင်ငွေတွေ သီးသန့်ထည့်ပေးထားမှာဖြစ်ပါတယ်။

– ရတနာဂေဟာနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောကြားလိုတာရှိရင် သိပါရစေ။

အာဟာရနဲ့ သန့်ရှင်းမှုကအဆင်ပြေတော့ ဒီမှာ ကလေးအားလုံး ကျန်းမာရေးကောင်းပါတယ်။ ဒီကလေးတွေ တစ်နေ့ဘွဲ့ရ၊ အလုပ်အကိုင်တွေနဲ့ဖြစ်လာရင် ဒီဂေဟာအပေါ် ဘယ်လိုအကျိုးပြန်ပြုရပါမယ်ဆိုတာမျိုး မမျှော်လင့်ပါဘူး။ ဒီဂေဟာကိုပြန်ဦးစီးဖို့ ထွက်ချင်ထွက်၊ မထွက်ချင်နေ သူတို့လုပ်တတ်အောင် ရုံးအလုပ်တွေကအစ ဝင်ကူခိုင်းပါတယ်။ ပညာတတ်ဖို့ထက် စာရိတ္တကောင်းဖို့ ဦးစားပေးပြီး ပျိုးထောင်ပေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာစိတ်ရှိအောင် သင်ပေးပါတယ်။ တခြား မိဘမဲ့ဂေဟာတွေအနေနဲ့ ရတနာဂေဟာလိုမျိုး လုပ်ဆောင်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့က မျှဝေဖို့ အသင့်ရှိနေပါတယ်။

ရတနာကလေးပြုစုရေးဂေဟာ၊ ခရေလမ်း၊ ရွှေနံ့သာစံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ဖုန်း ဝ၉ ၇၇၉၉၁၇၀၆၇၊ ဝ၉ ၇၉၆၅၃၉၃၈၈ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top