Healthy Life Ad
Local

HIV ရှိသူများနှင့် ကူးစက်နိုင်ခြေမြင့်မားသော ဦးတည်အုပ်စုဝင်များအတွက် ပိုးစစ်ဆေးကာကွယ်ကုသမှုလုပ်ငန်းကို ၂၀၁၈-၂၀၁၉ နှစ်နှစ်တာ တိုးမြှင့်ဆောင်ရွက်မည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

HIV ရှိသူများနှင့် HIV ကူးစက်နိုင်ခြေမြင့်မားသော ဦးတည်အုပ်စုဝင်များအတွက် HIV ပိုးစစ်ဆေး ကာကွယ်ကုသမှုလုပ်ငန်းကို ၂၀၁၈-၂၀၁၉ နှစ်နှစ်တာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ စီမံချက် မန်နေဂျာဒေါက်တာထွန်းညွန့်ဦးက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ကျင်းပသော HIV / AIDS နှင့် ပတ်သက်၍ UNAIDS စီမံချက်အသစ် စတင်မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

“UHF စီမံချက်က USAID ရဲ့ Friendship ပရော့ဂျက်ဖြစ်ပါတယ်။ ၂၀၁၈-၁၉ နှစ်နှစ်တာ ဆောင်ရွက်မယ့် ပရော့ဂျက်ဖြစ်ပြီး အခု စတင်မိတ်ဆက်ပြီးတာနဲ့ HIV / AIDS ဖြစ်ပွားမှုများနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ငါးခုမှာ HIV ပိုးစစ်ဆေးခြင်း၊ ကာကွယ်ခြင်းနဲ့ ကုသခြင်းလုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

USAID ၏ ၁၀ မီလီယံဒေါ်လာတန်ဖိုးရှိသော နှစ်နှစ်တာစီမံချက်ကို အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များကို HIV ကူးစက်နှုန်းမြင့်မားနေသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်နေကြောင်းသိရသည်။

“HIV ဖြစ်ပွားမှုနှုန်းက ဦးတည်အုပ်စုတွေမှာ ဖြစ်နှုန်းများနေပါတယ်။ အဲဒီအထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုနဲ့ တစ်ခုမှာ ဖြစ်ပွားမှုများပုံချင်းကမတူဘူး။ ကချင်ပြည်နယ်မှာဆိုရင် မူးယစ်ဆေးဝါး အကြောဆေးထိုးသွင်းသူတွေကြားမှာ HIV ဖြစ်ပွားမှုနှုန်းကများနေတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် လိင်တူဆက်ဆံသူ (MSM) နဲ့ လိင်လုပ်သား (Sex Worker) တွေကြားမှာ ဖြစ်ပွားမှုနှုန်းများနေတယ်။ ဒီလိုဖြစ်ပွားမှုပေါ်မူတည်ပြီး USAID အနေနဲ့ရည်မှန်းထားတဲ့ ရည်မှန်းချက်ပြည့်မီအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

UHF စီမံချက်သည် HIV / AIDS နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံ၏ HIV / AIDS ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း-၃(၂၀၁၆- ၂၀၂၀)၏ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ထိုမဟာဗျူဟာတွင် ၉၀ ရာခိုင်နှုန်းကုသမှုဆိုင်ရာ ဦးတည်ချက် ၅ရပ်ဖြစ်သည့် HIV ပိုးရှိနေသူများမှ ၉၀ ရာခိုင်နှုန်းသည် သူတို့ရောဂါအခြေအနေကိုသိရှိခြင်း၊ သိရှိသူများမှ ၉၀ ရာခိုင်နှုန်းသည် HIV ပိုးကောင်ရေ ထိန်းချုပ်နိုင်ခြင်း၊ မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူ၊ အမျိုးသမီးလိင်လုပ်သားများ၊ လိင်တူဆက်ဆံသူများ၊ အကျဉ်းထောင်ကျနေသူများ၊ ရွှေ့ပြောင်းလုပ်သားများ၏ ၉၀ ရာခိုင်နှုန်းသည် HIV ကာကွယ်ခြင်း ဝန်ဆောင်မှုများကို လက်လှမ်းမီခြင်း၊ HIV ပိုးရှိသူများနှင့် ကူးစက်နိုင်ခြေမြင့်မားသူများ၏ ၉၀ ရာခိုင်နှုန်းသည် ကျန်းမာရေး၊ ပညာရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာတွင် ခွဲခြားဆက်ဆံမှုမခံရခြင်းတို့နှင့်ပတ်သက်၍ အဓိကဖော်ပြထားကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top