Healthy Life Ad
Health Tips

မျက်စိထဲဝင်သည့် ရောဂါပိုးမှတဆင့် AIDS ရှိမှန်း သံသယရှိခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. မျက်စိထဲဝင်တဲ့ ရောဂါပိုးကနေ AIDS ရှိမှန်း သိရတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံလေးကို သိပါရစေ။

A. မျက်စိမှာ ရောဂါပိုးကျရောက်နေတာကို တွေ့ပြီးမှ AIDS ရှိမှန်း သိသွားတဲ့လူနာတွေ အများကြီး ရှိပါတယ်။ တချို့က သူတို့ကိုယ်သူတို့ AIDS ရှိမှန်း မသိကြဘူး။ သူ့ပုံကလည်း AIDS ရှိတဲ့ပုံ မဟုတ်ဘူး။ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း သန်သန်မာမာပဲ။ ရုပ်ရည်ကလည်း သန့်ပြန့်မှုရှိတယ်။ ပညာတတ်၊ ကျန်းကျန်းမာမာပဲ။ ဒါပေမဲ့ မျက်စိမှာ ပိုးကျရောက်နေတော့ ဆရာတို့က သံသယဝင်ပြီး HIV ပိုးစစ်ခိုင်းလိုက်တယ်။ စစ်တော့ရှိနေတယ်။ ဒါမျိုးတွေက အများကြီးပါပဲ။ အဲဒီအခါ ကျွန်တော့်မှာ မဖြစ်နိုင်ဘူးဆိုပြီး လက်မခံဘူး။ ဒါပေမဲ့ ဆေးစစ်ဆေးချက်အဖြေအရ HIV ပိုးရှိနေတယ်။ ဒါကြောင့် သက်ဆိုင်ရာဆရာဝန်ကို လွှဲလိုက်ရတာတွေလည်း ရှိပါတယ်။ ဆီးချိုရောဂါသည်တွေမှာလည်း အလားတူလိုပဲ။ ဆီးချိုရောဂါရှိနေမှန်း မသိကြဘူး။ မျက်စိမှာ ဝေဒနာဖြစ်မှ စစ်ကြည့်လိုက်တော့ ဆီးချိုရောဂါရှိနေမှန်းတွေ့ပြီး သမားတော်တွေဆီ လွှဲလိုက်ရတယ်။ ဒီလိုလူနာတွေကိုလည်း အများကြီး တွေ့ရပါတယ်။

AIDS ရောဂါရှိသူတွေမှာ CD4Count က ၅၀ အောက် (Less than50)ဆိုရင် မျက်စိထဲကို ရောဂါပိုးကျရောက်နိုင်တဲ့ အခွင့်အလမ်းက များပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကလည်း ရှင်းပါတယ်။ ခုခံအားကျတဲ့သူမှန်သမျှ AIDS ရောဂါရယ်မှ မဟုတ်ဘူး၊ ဘယ်လိုရောဂါကြောင့်ပဲ ခုခံအားကျကျ၊ ဆီးချိုရောဂါကြောင့်ပဲဖြစ်ဖြစ်၊ အာဟာရချို့တဲ့လို့ပဲဖြစ်ဖြစ်၊ နာတာရှည်အရက်စွဲတာ (Chronic Alcoholism) ကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ခုခံအားကျသွားရင် ပတ်ဝန်းကျင်မှာရှိနေတဲ့ ရောဂါပိုးတွေ ကျရောက်လွယ်တတ်ပါတယ်။ AIDS ဆိုတာ နာမည်ကိုက ခုခံအားကျဆင်းမှု ရောဂါဆိုတော့ တစ်ကမ္ဘာလုံးမှာ တွေ့ရှိချက်အရ CD4Count ပမာဏ ၅၀ထက် လျော့နည်းတယ်ဆိုရင် မျက်စိထဲ ရောဂါပိုးဝင်ရောက်နိုင်ခြေက များတယ်လို့ လက်ခံထားကြပါတယ်။

“သူ့ပုံကလည်း AIDS ရှိတဲ့ပုံမဟုတ်ဘူး။ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း သန်သန်မာမာပဲ။ ရုပ်ရည်ကလည်း သန့်ပြန့်မှုရှိတယ်။ ပညာတတ်၊ ကျန်းကျန်းမာမာပဲ။ ဒါပေမဲ့ မျက်စိမှာ ပိုးကျရောက်နေတော့ ဆရာတို့က သံသယဝင်ပြီး HIV ပိုး စစ်ခိုင်းလိုက်တယ်။ စစ်တော့ရှိနေတယ်။ ဒါမျိုးတွေက” . . .

AIDS ရောဂါရှိသူတွေမှာ ရောဂါပိုးအကုန်လုံး ကျရောက်နိုင်ပါတယ်။ အများဆုံးကျရောက်နိုင်တာကျတော့ Cytomegalovirus? Cryptococcus? Candida နဲ့ Herpes ဆိုတဲ့ ရောဂါပိုးတွေ ဖြစ်ပါတယ်။ Cytomegalovirus ကြောင့် မျက်စိအာရုံခံလွှာ(Retina)မှာ အများဆုံးထိခိုက်ပြီး မျက်စိအာရုံခံလွှာ ရောင်ရမ်းမှု (CMV Retinitis) ဖြစ်နိုင်ပါတယ်။Cryptococcus ကြောင့်လည်း မျက်စိအာရုံခံလွှာ ရောင်နိုင်ပါတယ်။ ပြီးတော့ Candida (မှက္ခရု) နဲ့ Herpes (ရေယုန်)လည်း ဖြစ်နိုင်ပါတယ်။ ဒီအထဲမှာ အဖြစ်အများဆုံး ကျရောက်တဲ့ ရောဂါပိုးတွေက Cytome galovirus ပဲ ဖြစ်ပါတယ်။ ပြီးရင် ဒုတိယ အများဆုံးအနေနဲ့ Cryptococcus နဲ့ Candida ပိုးတွေ ကျရောက်တာကို တွေ့ရပါတယ်။

ဒါတွေအပြင် Pneumocystic Carini ဆိုတဲ့ ရောဂါပိုးတွေ ကျရောက်တာကို တွေ့ရပါတယ်။ ဆရာတို့ မြန်မာလူမျိုးတွေ အဖြစ်များဆုံး တီဘီရောဂါပိုးကလည်း AIDS ရောဂါနဲ့ အမြဲတွဲနေတာကို တွေ့ရပါတယ်။ ဒါကြောင့် AIDS ရောဂါသည်တွေမှာ မျက်လုံးမှာ တီဘီကြောင့်ဖြစ်တဲ့ ဝေဒနာတွေဖြစ်နေတာကို အတွေ့ရများပါတယ်။ တစ်ခုရှိတာက AIDS ရှိသူတွေမှာ ART ကုထုံးအပြင် မျက်စိအတွက် ရောဂါဝေဒနာအပေါ်မူတည်ပြီး သက်ဆိုင်ရာကုသမှုတွေကို ပေးရပါတယ်။ သင့်တော်တဲ့ မျက်စဉ်းဆေး ပေးရပါတယ်။ ထိုးဆေးပေးရတာလည်း ရှိပါတယ်။

Most Popular

Healthy Life Ad
To Top