Healthy Life Ad
International

အသက်ကယ်ထောက်ပံ့မှုရပ်တန့်ရန် ဆရာဝန်တို့၏ကြိုးပမ်းချက်ကို ဖခင်ဖြစ်သူကဆန့်ကျင်ပြီးနောက် သတိလစ်မေ့မျောနေသည့် သမီးလေးနိုးထလာ

၊ မိုးမင်းထွန်း ၊

အသက်တစ်နှစ်အရွယ် ကလေးငယ်မာဝါဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် လွန်ခဲ့တဲ့စက်တင်ဘာလကတည်းက ဆေးပညာအရ သတိလစ်မေ့မျောအောင်ပြုလုပ်ထားတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဒီအခြေအနေက ဦးနှောက်အမြှေးရောင်ရမ်းမှုလို ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားတဲ့လူနာတွေကို ကာကွယ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ဆေးအမျိုးအစားတစ်မျိုးနဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေ ရပ်တန့်အောင်ပြုလုပ်ပေးပြီး အသက်ရှူတာ၊ သွေးဖိအားနဲ့နှလုံးခုန်မှန်ဖို့ ဆေးဝါးစက်ကိရိယာအကူအညီ ထောက်ပံ့ပေးထားရပါတယ်။ ဦးနှောက်ရောင်ရမ်းတာကို လျော့ကျစေတာကြောင့် အသက်ရှင်သန်ဖို့ အခွင့်အရေးကောင်းစေပါတယ်။

လူနာကို ဒီလိုအခြေအနေအောက်မှာ အချိန်နှစ်ပတ်ထက်ပိုကြာအောင်ထားဖို့မသင့်တော်ဘဲ ဒီ့ထက်အချိန်ပိုကြာပါက အာရုံကြောပြဿနာတွေဖြစ်ပွားစေကာ လူနာကိုထိခိုက်စေတတ်ပါတယ်။ ဆရာဝန်တွေက ကလေးငယ်နိုးထလာပါကလည်း လုပ်ဆောင်မှုချို့ယွင်းတဲ့ပြဿနာတွေ ဆိုးဆိုးရွားရွားဖြစ်လာမှာ စိုးရိမ်တာကြောင့် အသက်ကယ်ထောက်ပံ့မှု ဖြတ်တောက်ပစ်လိုက်ဖို့ အလိုရှိခဲ့ပါတယ်။

မိဘတွေက လက်လျှော့ဖို့ငြင်းဆန်ခဲ့ပြီး တရားရုံးရဲ့ အဆုံးအဖြတ်ခံယူခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ၊ မာဆေးရှိ လာတီမွန်နီဆေးရုံမှ ဆရာဝန်တွေက ကလေးငယ်မာဝါဟာ ဘဝတစ်သက်တာလုံး လမ်းလျှောက်တာ၊ အစာစားတာကအစ ပြဿနာရှိမှာဖြစ်ပြီး အသက်တောင်ကောင်းကောင်းရှူနိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက ကလေးငယ်ကို နောက်ထပ်နှစ်လ အသက်ကယ်ထောက်ပံ့ပေးဖို့ အဆုံးအဖြတ်ပေးခဲ့ပြီး ၁၀ရက်အကြာမှာ မာဝါလေးဟာ နိုးထလာခဲ့ပါတယ်။

မာဝါရဲ့ ခန္ဓာကိုယ်အင်္ဂါတွေက အလုပ်လုပ်နေကြောင်းနဲ့ ကုသမှုတွေဆက်လက်လုပ်ဆောင်နေပြီး တစ်နေ့ထက်တစ်နေ့ အခြေအနေကောင်းလာနေကြောင်း မိဘတွေက ပြောကြားပါတယ်။ မကြာခင်က ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ မာဝါလေးက သူ့အသံကိုကြားပြီး တုံ့ပြန်မှုပေးကာ တစ်ခါတစ်ရံပြုံးပြတတ်ကြောင်း ဖခင်ဖြစ်သူက ရေးသားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top