Healthy Life Ad
Health Tips

ရှားစောင်းလက်ပပ်၏ အနာကျက်စေသောအစွမ်း

၊ ငွေကြယ်စင်ယံ ၊

ရှေးခေတ်အခါကတည်းက အသုံးပြုခဲ့ကြတဲ့ ဆေးဖက်ဝင်အပင်တွေထဲမှာ ရှားစောင်းလက်ပပ် လည်းပါဝင်ခဲ့ပါတယ်။ ရှားစောင်းလက်ပပ်ကို အသံတိတ်အနာကျက်စေတဲ့ဆေးအဖြစ် တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။ အီဂျစ်ဘုရင်မတွေအနက် ကလီယိုပက်ထရာနဲ့ နီဖာတီတီတို့ဟာ ရှားစောင်းလက်ပပ်ကို အသားအရေထိန်းပစ္စည်းအဖြစ်၊ အလှကုန်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။

(၁) အသားအရေ စိုပြည်ကြည့်ကောင်းစေပါတယ်
ရှားစောင်းလက်ပပ်ဟာ အရေပြားရဲ့ အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ကော်လာဂျင်နဲ့ အီလက် စတင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ရှားစောင်းလက်ပပ်ဟာ အသားအရေကို ရေဓာတ် ပြည့်ဝစေပြီး အသားအရေကို ကောင်းမွန်အောင် ပြုပြင်ပေးနိုင်ပါတယ်။

(၂) အူလမ်းကြောင်း ကျန်းမာစေပါတယ်
လေ့လာမှုတွေအရ ရှားစောင်းလက်ပပ်ကို ဝမ်းသွားစေတဲ့ ဆေးတစ်လက်အဖြစ်သုံးနိုင်ပြီး အူထဲကဘက်တီးရီးယားပိုးတချို့နဲ့ ကပ်ပါးကောင်တချို့ကို ဖျက်ဆီးပစ်နိုင်တယ်လို့သိရပါတယ်။ အူတွေကို အနာကျက်စေပြီး အစာခြေလမ်းကြောင်းစနစ်ကို ချောမွေ့စေကာ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အနာတွေ၊ IBS(Irritable Bowel Syndrome) ၊ ခရုမ်းရောဂါနဲ့ တခြားအစာခြေစနစ် ထိခိုက်မှုတွေကို ကုသပေးနိုင်တယ်လို့ ဆိုကြပါတယ်။

(၃) အဆစ်အမျက်ကိုက်ခဲမှု သက်သာစေပါတယ်
ကြွက်သားနာကျင်မှုနဲ့ အဆစ်ရောင်နာ ကြောင့်ဖြစ်တဲ့ အဆစ်အမျက်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

(၄) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးပါတယ်
ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး သွေးတွင်းမ ကောင်းတဲ့ထရိုင်ဂလစ်စရိုက်အဆီကို လျော့ကျစေပါတယ်။

(၅) အားကစားသမားတွေအတွက် သင့်တော်ပါတယ်
ရှားစောင်းလက်ပပ် ဖျော်ရည်က ခန္ဓာကိုယ်တွင်းမှာ ဓာတ်ဆားတွေဟန်ချက်ညီစေဖို့အတွက် လိုအပ်တဲ့ သဘာဝအားကစား အချိုရည်ဖြစ်ပါတယ်။

(၆) အာဟာရဓာတ် ရရှိစေပါတယ်
ရှားစောင်းလက်ပပ်အနှစ်သားမှာ ဗီတာမင်အေ၊ B1, B2, B6, B12 ၊ စီနဲ့ အီး၊ ဖောလစ်အက်စစ်နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင်ဓာတ်တွေ အပြည့်ပါဝင်နေပါတယ်။
ရှားစောင်းလက်ပပ်အပင်မှာ အမိုင်နိုအက်စစ် ၂၀နီးပါးနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆိုဒီယမ်လိုအရေးကြီး သတ္တုဓာတ်၊ အင်ဇိုင်းတွေ၊ ဗီတာမင်တွေ၊ နိုက်ထရိုဂျင်နဲ့ Polysaccharides တို့ပါဝင်နေပါတယ်။

(၇) အပူလောင်နာ သက်သာစေပါတယ်
မီးပူလောင်နာနဲ့ ဓာတ်ရောင်ခြည်သင့်တာကြောင့် အပူနာတွေကို မြန်မြန် အနာကျက်စေနိုင်ပါတယ်။

(၈) ရောင်ရမ်းမှု သက်သာစေပါတယ်
ရှားစောင်းလက်ပပ်ဟာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး ဖန်းဂတ်စ်နဲ့ ဘက်တီးရီးယားပိုးတွေကြောင့် မသက်မသာခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

(၉) အစာကြေစေပါတယ်
ခန္ဓာကိုယ်ထဲမှာ အက်စစ်ဓာတ်ကဲတဲ့ အစားအသောက်တွေကို မျှတစေဖို့အတွက် ရှားစောင်းက ပျော့ပျောင်းအောင် လုပ်ပေးပါတယ်။

(၁၀) အဆီကျစေပါတယ်
ရှားစောင်းအနှစ်မှာ သွေးတွင်းကိုလက်စထရော၊ ထရိုင်ဂလစ်စရိုက်နဲ့ အဆီပမာဏ လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။

(၁၁) အရေပြားဝေဒနာတွေ သက်သာစေပါတယ်
ရှားစောင်းမှာ မဂ္ဂနီစီယမ်လက်တိတ် ပါဝင်ကာ အင်းဆက်ကိုက်တာကြောင့်ဖြစ်တဲ့ ယားယံတာ၊ နေလောင်တာ၊ နီမြန်းတာနဲ့ တခြားအရေပြားအခြေအနေတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top