Healthy Life Ad
Life Style

အသည်းပြည်တည်နာနှင့် ဆက်စပ်အခြေအနေများ

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ အသည်းပြည်တည်နာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ အသည်းကို ဘက်တီးရီးယားပိုးနဲ့ ကပ်ပါးပိုးတွေ ကျရောက်ပြီး အသည်းရောင်လာတာပါ။ ဆိုးရွားတဲ့ အဆင့်မှာဆိုရင် အသည်းမှာ ပြည်ဖြစ်နိုင်ပါတယ်။ အသည်းပြည်တည်နာက တစ်ခုတည်း ကြီးကြီးမားမားဖြစ်နိုင်သလို ပြည်အိတ်အသေးလေးတွေ အောင်းပြီး ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

များသောအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အသည်းပြည်တည်နာဆိုရင် သည်းခြေပြွန် ပိတ်တာ၊ သည်းခြေကျောက်တည်တာ စတာတွေနဲ့ ဆက်စပ်ပြီး ဖြစ်တတ်ပါတယ်။ သည်းခြေပြွန်နဲ့ သည်း ခြေကျောက်တွေမှာ ဘက်တီးရီးယားအောင်းပြီး အသည်း ပြည်တည်နာဖြစ်တတ်ပါတယ်။ ကပ်ပါးပိုး ကြောင့်ဖြစ်တဲ့ အသည်းပြည်တည်နာကတော့ ဝမ်းကိုက်ရောဂါ၊ အူမကြီးရောင်ရမ်းမှုတွေနဲ့ ဆက်စပ်နေပါတယ်။

မေး ။ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးအနက် ဘယ်အမျိုးအစားအကြောင့် အသည်းပြည်တည်နာ ဖြစ်တတ်ပါ သလဲ ဆရာ။
ဖြေ ။ ဘက်တီးရီးယားကြောင့် အသည်းပြည်တည်နာ ဖြစ်တာက မြန်မာနိုင်ငံမှာ အဖြစ်နည်းပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတာက ကပ်ပါးပိုး (Amoeba) ကြောင့် ဖြစ်တာပါ။

မေး ။ အသည်းပြည်တည်နာဖြစ်ရင် ဘယ်လို လက္ခ ဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာဖြစ်ရင် အဓိကပြတတ်တဲ့ လက္ခဏာကတော့ နာကျင်တာပါ။ ဝမ်းဗိုက်ညာဘက်အခြမ်းက နံရိုးအောက်မှာ နာတတ်ပါတယ်။ နာတာက တစ်ရက်-နှစ်ရက်လောက် ကြာတတ်ပြီး အထိမခံနိုင်အောင် နာတာမျိုး ဖြစ်တတ်ပါတယ်။
နောက်လက္ခဏာတစ်ခုက ဖျားတတ်တာပါ။ ဘက်တီးရီးယားပိုးကြောင့် အသည်းပြည်တည်နာ ဖြစ်ရင် အဖျားကြီးတတ်ပါတယ်။ ကပ်ပါးပိုးကြောင့် အသည်းပြည်တည်နာဖြစ်ရင်တော့ အဖျား သိပ်မရှိတတ်ပါဘူး။ အဖျားရှိရင်တောင် နည်းနည်းပါပဲ။

ကပ်ပါးပိုးကြောင့် အသည်းပြည်တည်နာဖြစ်ရင် မျက်လုံးဝါခဲပါတယ်။ မျက်လုံးဝါတာမျိုး သိပ်မတွေ့ရပါဘူး။ ဘက်တီးရီးယားပိုးကြောင့် အသည်းပြည်တည်နာဖြစ်ရင်တော့ မျက်လုံးဝါတတ်ပါတယ်။ ဒါပေမဲ့ ပြည်တည်တာက အလွန်ဆိုးတဲ့ အခြေအနေမှာဆိုရင်တော့ မျက်လုံးဝါနိုင်ပါတယ်။
အသည်းပြည်တည်နာဖြစ်ရင် ဝမ်းဗိုက်နာတာနဲ့အတူ ပျို့အန်တာလည်း တွဲဖြစ်တတ်ပါတယ်။

မေး ။ ဘယ်အသက်အရွယ်မှာ အသည်းပြည်တည်နာ အဖြစ်များပါသလဲ ဆရာ။
ဖြေ ။ လူငယ်၊ လူလတ်ပိုင်းအရွယ်တွေမှာ အသည်းပြည်တည်နာ အဖြစ်များပါတယ်။ အကြမ်းဖျဉ်းအား ဖြင့်ပြောရရင် အသက် ၁၅ နှစ်၊ ၁၆ နှစ်ကစပြီး အသက် ၄၅ နှစ်လောက်အထိ အသည်းပြည်တည်နာ အဖြစ်များပါတယ်။ ဒီအရွယ်တွေက အပြင်စာ အစားများလို့ပါ။ အပြင်စာစားတဲ့အခါ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားမိရင် Amoeba ကပ်ပါးပိုးရပြီး ဝမ်းကိုက်ရာက အသည်းပြည်တည်နာ ဖြစ်တတ်ပါတယ်။ အသက်ငယ်တဲ့ကလေးတွေနဲ့ အသက်ကြီးသူ တွေကတော့ အပြင်စာ အစားနည်းတဲ့အတွက် အသည်းပြည်တည်နာ အဖြစ်နည်းတတ်ပါတယ်။

မေး ။ အသည်းပြည်တည်နာဖြစ်ရင် စိုးရိမ်ရပါသလား ဆရာ။
ဖြေ ။ သာမန်အားဖြင့် အသည်းပြည်တည်နာ ရောဂါအဆင့်နုရင် ကုရတာ မခက်ပါဘူး။ ရောဂါကြီးရင်တော့ စိုးရိမ်ရပါတယ်။ ရောဂါဆိုးရွားသွားတဲ့အဆင့် မှာ အသည်းပြည်တည်နာက ဗိုက်ထဲမှာပဲ ပေါက်ထွက်တဲ့ အခြေအနေ (Peritonitis) ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွေက ဝမ်းဗိုက်တစ်ပြင်လုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမှာတော့ အချိန်မီခွဲစိတ်ကုသမှု မလုပ်ရင် စိုးရိမ်ရပါတယ်။ အသက်အန္တရာယ် ရှိပါတယ်။ အရင်တုန်းက လူနာတွေကတော့ ဆေးရုံ၊ ဆေးခန်းကို အချိန်မီမရောက်လာဘဲ နောက်ကျတတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ နောက်ကျတဲ့ လူနာတွေ သိပ်မရှိတော့ပါဘူး။

တကယ်လို့ အသည်းပြည်တည်နာက အပေါ်ဘက်ကိုပေါက်ထွက်သွားရင် အဆုတ် ဘေးပတ်ဝန်း ကျင်ကိုရောက်ပြီး Empyaema ခေါ် ရင်ခေါင်းတွင်း ပြည်တည်နာဖြစ်တတ်ပါတယ်။ အချိန်မီပြည်ကို မထုတ်နိုင်ရင် အသက်အန္တရာယ်ရှိပါတယ်။

ပိုဆိုးတာက အသည်းရဲ့ ဘယ်ဘက်မှာ ပြည်တည်ပြီး အပေါ်ကို ပေါက်သွားရင် နှလုံးဘေးကို ပေါက်သွားပြီး နှလုံးဘေးကအကာ (Precardium) ကိုဖောက်ကာ နှလုံးပေါ်မှာ ပိနေတတ်ပါတယ်။ ဒါဆိုရင် နှလုံးကကျယ်ပြန့်လို့မရတော့တဲ့အပြင် နှလုံးညှစ်တာကို ဟန့်တားပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေက အရင်က ရှိခဲ့ပေမယ့် အခုတော့ ရှားသွားပါပြီ။

မေး ။ အသည်းပြည်တည်နာမှာ ရောဂါအဆင့်တွေကို ဘယ်လိုခွဲခြားထားပါသလဲ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာကို ရောဂါအဆင့် သုံးဆင့်ခွဲခြားထားပါတယ်။
(၁) အသည်းက ရောင်တဲ့အဆင့်ကို ပထမအဆင့်လို့ သတ်မှတ်ပါတယ်။ အသည်းက ရောင်တာအပြင် တင်းပြီး ပြည့်နေတတ်ပါတယ်။ ဒီအဆင့်မှာဆိုရင် ဆေးပေးလိုက်ရုံနဲ့ သက်သာသွားနိုင်ပါတယ်။
(၂) ဒုတိယအဆင့်မှာဆိုရင် ပြည်အရည်တွေက လိုက်စုနေပါပြီ။ ဒီအဆင့်မှာဆိုရင်လည်း ဆေးနဲ့ ကုသလို့ ရကောင်း ရနိုင်ပါတယ်။
(၃) တတိယအဆင့်မှာတော့ အသည်းမှာ အသားမရှိတော့ဘဲ ပြည်အားလုံးစုပြီး ရောင်ကာ တင်းနေ တတ်ပါတယ်။ ဒီအဆင့်မှာ ပြည်အရည်တွေ များလာရင် ပေါက်သွားနိုင်ပါတယ်။ ဒီအဆင့်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်နေပါပြီ။

ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေမှာ သွေးထဲကို ပိုးတွေ ဝင်ရောက်တာကြောင့် သွေးဆိပ်ပြန့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေမှာ ခွဲစိတ်ကုသမှု ခံယူမှ ရနိုင်ပါတယ်။ ဒါမှမဟုတ် မခွဲဘဲ အပြင်ကနေ အာထရာဆောင်းနဲ့ ချိန်ပြီး ကုတာမျိုးလည်း လုပ်နိုင်ပါတယ်။

မေး ။ အသည်းပြည်တည်နာဖြစ်တာကို ဘယ်လို စမ်းသပ်ရပါသလဲ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေ လက်နဲ့ စမ်းသပ်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ အသည်းကကြီးပြီး နာနေတယ်၊ နာတာကလည်း အထိမခံနိုင်လောက်အောင် နာတာမျိုး ဖြစ်တတ်ပါတယ်။ ညာနံရိုးကြားအထိ နာတတ်ပါတယ်။ မသေချာရင် အာထရာဆောင်း (Ultrasound) ရိုက် ကြည့်လို့ ရပါတယ်။ အာထရာဆောင်းရိုက်ကြည့်လိုက်ရင် ပြည်က တစ်နေရာတည်း ဖြစ်တာလား၊ ပြည် အရည်ဖြစ်တာ နေရာများလား စသဖြင့် သိနိုင်ပါတယ်။

ပိုသေချာချင်ရင်တော့ CT Scan ရိုက်ကြည့်လို့ ရပါတယ်။ အသည်းမှာ ရှိတဲ့ပြည်က ပျစ်ခဲနေရင် အသည်းမှာအရည်အိတ်ဖြစ်တာနဲ့ မှားတတ်ပါတယ်။ အသည်းမှာ ပြည်တွေက ကြီးကြီးမားမားခဲနေရင် အသည်းကင်ဆာနဲ့ မှားတတ်ပါတယ်။ CT Scan ရိုက်ရင်တော့ အသည်းပြည်တည်နာဖြစ်တာလား၊ အသည်းကင်ဆာလား၊ တခြားရောဂါလားဆိုတာကို ကွဲကွဲပြားပြား သိနိုင်ပါတယ်။

မေး ။ အသည်းပြည်တည်နာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဆရာ့အတွေ့အကြုံလေးကို သိပါရစေ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာလူနာတွေ အများကြီးကို ဆရာကုသပေးခဲ့ဖူးပါတယ်။ အဲဒီအထဲက ထူးထူးခြား ခြားတွေ့ခဲ့ရတဲ့ အတွေ့အကြုံကတော့ ဘားအံမှာ လူနာတစ်ယောက်က အသည်းအရမ်းကြီးပြီး ညာ ဘက်နံရိုးအောက်ဘက်မှာ ဗိုက်က အတော်လေးနေပါတယ်။ ဗိုက်က နာနေတဲ့အပြင် သွေးပေါင်ကလည်း ကျနေပါတယ်။ အစာမစားနိုင်တာကြာနေတော့ လူကလည်း အားနည်းနေပါတယ်။ အာထရာ ဆောင်းရိုက်တဲ့အခါမှာလည်း အသည်းကင်ဆာလို့လည်း ထင်ရပါ တယ်။ အဲဒီမှာ သေချာအောင် ထပ် မံစမ်းသပ်ကြည့်ဖို့လည်း တခြားဘာပစ္စည်းကိရိယာမှ မရှိသေးပါဘူး။ လူနာက အားကလည်း မရှိတော့ ခွဲ စိတ်ကုသမှုခံယူဖို့ကလည်း မလွယ်ပေမယ့် မကုလို့လည်း မဖြစ်တဲ့အခြေအနေပါ။

ဒါနဲ့ ဆရာလည်း ကင်ဆာလား၊ ပြည်တည်နာလား ခွဲနိုင်အောင် အပ်နဲ့ စုပ်ယူကြည့်လိုက်တော့ ပြည်ထွက်လာပါတယ်။ ဒါနဲ့ လူနာကို မေ့ဆေးပေးပြီး ခွဲစိတ်ကုသမှု ပေးလိုက်ပါတယ်။ ထွက်လာတဲ့ ပြည် တွေက တစ်လီတာကျော်ပါတယ်။ အသည်းနံရံက ပြည်တွေနဲ့ ပြည့်နေတော့ နံရံက ခပ်ပါးပါးပဲကျန်ပါ တော့တယ်။ မေ့ဆေးဒဏ်နဲ့ အသည်းက ပုံမှန်လုပ်ဆောင်နိုင်စွမ်းမရှိတော့ လူနာကခွဲပြီးချိန်မှာ သုံး လေးရက်လောက် မေ့မျောနေပါတယ်။ ပြီးတော့မှ သတိပြန်ရလာပြီး ဆေးရုံမှာ နှစ်ပတ်လောက် ဆေးကုသမှု ဆက်လက်ခံယူရပါတယ်။

သုံးလေးလလောက် ကြာတော့ အဲဒီလူနာက ဆရာ့ဆီကို ပြန်လာတွေ့တဲ့အခါမှာ ဝဖြီးပြီး ကျန်းကျန်းမာမာ ရှိနေတာ တွေ့ရပါတယ်။ ဆရာဆို မှတ်တောင်မမှတ်မိပါဘူး။ အသည်းက ပြန်ပြည့်လွယ်ပါတယ်။ အသည်းတစ်ခြမ်းကို ထုတ်လိုက်ရင် အချိန် ၆ လလောက်ကြာတဲ့အခါ ပြန်ပြည့်လာနိုင်ပါတယ်။

မေး ။ အသည်းပြည်တည်နာနဲ့ ဆက်စပ်နေတဲ့ ရောဂါ တွေ ရှိရင် သိပါရစေ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာက ဝမ်းကိုက်ပိုးကြောင့် ဖြစ်တာပါ။ ဒါကြောင့် ကြာရှည်ဝမ်းကိုက်နေတဲ့ သူတွေ သတိထားဖို့လိုပါတယ်။ ဝမ်းကိုက်ပိုး ရှိရင် Metronidazole ဆေးကို သက်တမ်း ပြည့်တဲ့အထိ သောက်ပေးဖို့လိုပါတယ်။ အသည်းပြည်တည်နာက အူရောင်တာနဲ့ အသည်းရောင်တာတွေနဲ့လည်း ဆက် စပ်နေတတ်ပါတယ်။

မေး ။ အသည်းပြည်တည်နာမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာက မျိုးရိုးနဲ့တော့ မဆိုင်ပါဘူး။ အဓိကက အစားအသောက်၊ အနေအထိုင် ဂရုစိုက်ဖို့ လိုအပ်တာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းတဲ့သူတွေကဖြစ်နိုင်ခြေနည်းပါတယ်။ လက်ကို ပုံမှန်ဆေးကြောသန့်စင်ပေးရပါမယ်။ သန့်ရှင်းလတ်ဆတ်မှုမရှိတဲ့ ပြင်ပအစားအသောက်တွေကို အစားများရင်၊ တစ်ကိုယ်ရေသန့်ရှင်းမှုညံ့ရင်တော့ ဖြစ်နိုင်ပါတယ်။

မေး ။ အသည်းပြည်တည်နာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာ ရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ ။ အသည်းပြည်တည်နာက စောစောကုသမှုခံယူရင် သက်သာနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အစောပိုင်း အဆင့်မှာတွေ့ရင် ဆေးဝါးနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူစရာမလိုပါဘူး။ ဆေးနှစ်ပတ်လောက် ပေးလိုက်ရင် အသည်းက အပြည့် ဖြစ်လာပြီး ပြန်ကောင်းလာနိုင်ပါတယ်။ တကယ်လို့ အသည်းပြည်တည်နာကို ဂရုမစိုက်ဘဲနေရင်တော့ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top