———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———
အသည်းခြောက်ရောဂါဆိုတာ အကြောင်းတစ်ခုခုကြောင့် နာတာရှည်အသည်းရောဂါဖြစ်ပြီးချိန်မှာ ဆက်လက်ဖြစ်လာတဲ့ ရောဂါဖြစ်ပါတယ်။ အသည်းခြောက်ပြီဆိုရင် ရောဂါကို ဆက်မတိုးလာအောင် ကုသလို့ရပါတယ်။
ဘာကြောင့် အသည်းခြောက်ရောဂါ ဖြစ်ရသလဲ
• အသည်းရောင်အသားဝါစီပိုးရှိပြီး ကုသမှုမခံယူခြင်း၊
• အသည်းရောင်အသားဝါ ဘီပိုးရှိပြီး ကုသမှုမခံယူခြင်း၊
• အရက်အလွန်အမင်းသောက်သုံးခြင်း၊
• အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါရှိပြီး ကုသမှုမခံယူခြင်း စတဲ့ အကြောင်းတွေကြောင့် အသည်းခြောက်ရောဂါ အဖြစ်များတတ်ပါတယ်။
အသည်းခြောက်ရောဂါ လက္ခဏာများ
• သွေးထွက်လွယ်ခြင်း၊ အရေပြားမှာ သွေးကြောလေးများ ထင်လွယ်ခြင်း၊
• အကြောင်းရင်းမရှိဘဲ နုံးချည့်နေခြင်း၊
• အစာစားချင်စိတ် ဆုံးရှုံးခြင်း၊
• ပျို့ချင်အန်ချင်ဖြစ်ခြင်း၊
• ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ခြေဖမိုးဖောရောင်နေခြင်း၊
• ကိုယ်အလေးချိန်ကျခြင်း၊
• အရေပြားယားယံနေခြင်း၊
• အရေပြားနဲ့ မျက်စိဝါခြင်း၊
• ရေဖျင်းစွဲခြင်း၊
• လက်ဖဝါးနီမြန်းခြင်း၊
• အမျိုးသမီးတွေမှာ သွေးမဆုံးသေးဘဲနဲ့ ရာသီမလာခြင်း/ ရာသီလာတာနည်းသွားခြင်း၊
• အမျိုးသားတွေမှာ လိင်ဆန္ဒမရှိတော့ခြင်း/ ရင်သားကြီးခြင်း၊ ဝှေးစေ့သေးငယ်သွားခြင်း၊
ဘာလက္ခဏာမှ မပြဘဲလည်း အသည်းခြောက်ရောဂါဖြစ်နေတတ်ပါသေးတယ်။
အသည်းခြောက်ပြီဆိုရင် ဘာလုပ်သင့်ပါသလဲ
အထက်ပါလက္ခဏာတွေ ခံစားရပြီဆိုရင် သက်ဆိုင်ရာ အသည်းအထူးကု ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူရပါမယ်။ ရလာတဲ့ အဖြေပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ ကုသမှုတွေပေးမှာ ဖြစ်ပါတယ်။
အသည်းခြောက်နေသူတွေက ဘာတွေစားသောက်သင့်သလဲ
အသည်းခြောက်နေသူတွေက လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်၊ ပရိုတင်းဓာတ်ပါတဲ့ အစားအသောက်တွေကို စားသောက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်တွေ စားပေးရင် ဗီတာမင်နဲ့ သတ္တုဓာတ်ရရှိစေမှာပါ။
အသည်းခြောက်နေသူတွေက ဘာတွေရှောင်သင့်သလဲ
အသည်းခြောက်နေသူ အဓိက ရှောင်ရမယ့်အရာတွေကတော့
• အရက်သေစာ သောက်စားခြင်းနဲ့
• အဆီအအိမ့်ကဲတဲ့ အစားအသောက်တွေ စားသောက်ခြင်းပဲ ဖြစ်ပါတယ်။
အဆီဆိုရာမှာ ကောင်းမွန်တဲ့ မပြည့်ဝဆီ (ဥပမာ-နှမ်းဆီ၊ သံလွင်ဆီ၊ ငါးအဆီ)တို့ကို စားသင့်သလို အခွံမာအစေ့အဆန်တွေလည်း စားသင့်ပါတယ်။
သတိပြုရမယ့် အချက်အနေနဲ့ အသည်းခြောက်ပြီး ရေဖျင်းစွဲနေရင် ဆား(ဆိုဒီယမ်)လျှော့စားဖို့ပါပဲ။
အသည်းခြောက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ
• အရက်ကို မသောက်တာ အကောင်းဆုံးပါ။ မသောက်ရမနေနိုင်ရင် အသင့်အတင့်သောက်ပါ။
• ကျန်းမာရေးနဲ့အညီ စားသောက်ပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများများပါတဲ့ အပင်ထွက်အစားအသောက်တွေကို စားပေးပါ။
• ဆီကြော်စာနဲ့ အဆီအအိမ့်ကဲတဲ့အစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။
• ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းပါ။
• အသည်းရောင်အသားဝါ ဘီပိုးနဲ့စီပိုးရှိရင် ကုသမှုခံယူပါ။
• သင့်တော်တဲ့ အသည်းအားဆေးကို ပုံမှန်မှီဝဲပါ။