Healthy Life Ad
Uncategorized

ကာမဂုဏ်ကျူးလွန်စော်ကားခံရခြင်းနှင့် စိတ်ကျန်းမာရေး . . . (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ကာမဂုဏ်ကျူးလွန်စော်ကားခံရတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ကျန်းမာရေးပြဿနာကို ဆက် လက်ဆွေးနွေးဖို့ ရှိပါတယ်။ သြစတြေးလျနိုင်ငံမှာ အရွယ်ရောက်သူ အမျိုးသမီးတစ်ထောင်မှာ ၁ ဒသမ ၄ယောက်ဟာ တစ်နှစ်အတွင်း သူစိမ်းတစ် ဦးဦးက မုဒိမ်းကျင့်ခံရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနစ်က ရဲဌာနကို တိုင်တန်းအရေးယူထားတဲ့ မုဒိမ်းမှု ၆၅၄ မှုရှိတယ်လို့ သိရပါတယ်။ အဲဒီနှုန်းဟာ အမှန်တကယ် ဖြစ်ပွားတဲ့နှုန်း မဟုတ်ပါဘူး။ တိုင်တန်းခြင်း မရှိတဲ့ မုဒိမ်းကျင့်ခံရတဲ့ အဖြစ်အပျက်တွေက အများအပြားရှိနိုင်တယ်လို့ ဆိုပါတယ်။ (Irrawaddy ဂျာနယ်၊ ၂၅-၁၁-၂၀၁၃)

“မုဒိမ်းမှု ကျူးလွန်ခံရတဲ့ အမျိုးသမီးတစ်ရာမှာ ၃၀ ကျော်ဟာ စိတ်ကျရောဂါ ရရှိလာတတ်ပါတယ်။ လူထု အတွင်း စိတ်ကျရောဂါ ဖြစ်နှုန်းထက် သုံးဆကျော် များပြားပါတယ်။ သူတို့ထဲမှာ ၃၃ ရာခိုင်နှုန်းကျော်ဟာ မိမိကိုယ်ကိုယ် သတ်သေချင်စိတ်ပွားများနေတယ်။ ၁၃ ရာခိုင်နှုန်းကျော်ဟာ မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစား ပါတယ် . . .”

အရွယ်ရောက်သူ မိန်းမ/ယောကျာ်း ကာမဂုဏ်ကျူးလွန်စော်ကားတာခံရရင် ဖြစ်ပွားလာနိုင်တဲ့ နောက်ဆက်တွဲ စိတ်ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်တဲ့ “အပြင်းအထန် စိတ်ဖိစီးမှုဝေဒနာ” အကြောင်းကို အရင်တစ်ပတ်က ဖော်ပြခဲ့ပါတယ်။ အခုဆောင်းပါးမှာ ရေရှည် ဖြစ်ပွားနေနိုင်တဲ့ စိတ်ဝေဒနာတွေကို ဖော်ပြပါမယ်။
_ _ _

ပထမဦးစွာ ကာမဂုဏ်ကျူးလွန်စော်ကားတာ ခံရသူတွေမှာ ပေါ်ပေါက်လာတတ်တဲ့ စိတ်အပြောင်း အလဲတွေကို ဖော်ပြပါမယ်။

– ခန္ဓာကိုယ်ကျန်းမာရေးအတွက် စိုးရိမ်ပူပင်မှု များလာတယ်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တစ်ခုခု ရရှိလာမလား၊ ကိုယ်ဝန်ရှိလာမှာလား စသဖြင့် စိုးရိမ်စိတ်ပွားနေတတ်တယ်။

-“ရှက်စိတ်”ကို ဖျောက်မရ ဖြစ်နေမယ်။ လူတောမတိုးချင်တော့ဘူး။ အပေါင်းအသင်းတွေကို ရှောင်ကြဉ်လာတယ်။ အနေအထိုင် ကျဉ်းကြုတ်လာတယ်။ အိမ်ကုပ်ဖြစ်လာတယ်။

– မိမိကိုယ်ကိုယ်လည်း အပြစ်တင်နေမိမယ်။ ပတ်ဝန်းကျင်က “နင် အနေအထိုင် မတတ်လို့ ဖြစ်တာ”လို့ အပြစ်ပြောလာရင် ပိုပြီးဆိုးမယ်။

– လူတွေအပေါ် ယုံကြည်စိတ် လျော့နည်းလာတယ်။ ရပ်ကွက်ထဲမှာ ငါ့အကြောင်းကိုများ ပြောနေကြသလား။ အပြင်ထွက်ရင် လုံခြုံပါ့မလား စတဲ့ အတွေးတွေနဲ့ သံသယစိတ်လွန်ကဲလာတတ်တယ်။

– မထင်မှတ်ဘဲ အဓမ္မအနိုင်ကျင့်ခံလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းပါးလာတယ်။ ခိုကိုးရာမဲ့သလို ခံစားလာရတယ်။

– ကာယိန္ဒြေကို ဖျက်ဆီးခံရတော့ မိမိခန္ဓာကိုယ်ကို ရွံ့ရှာမုန်းတီးစိတ် ဝင်လာတယ်။ မိမိသိက္ခာကို တန်ဖိုးထားချင်စိတ် နည်းပါးလာတတ်တယ်။

– အကြောင်းမဲ့ စိုးရိမ်သောက ပွားများလာတတ်တယ်။ စိတ်ထဲမှာ ကျီးလန့်စာစားသလို ဂနာမငြိမ် ဖြစ်လာမယ်။

– အကြောင်းမဲ့ စိတ်တိုလွယ်တာလည်း ဖြစ်တတ်တယ်။ အရင်တုန်းကနဲ့ မတူတော့ဘဲ ထစ်ကနဲ ဆိုရင် ဒေါသပေါက်ကွဲလွယ်တဲ့ အကျင့်ပေါ်လာတယ်။

– အိပ်ရေးပျက်တာ၊ အိပ်မက်ဆိုးမက်တာ၊ အိပ်ရာမှ မကြာခဏ လန့်နိုးတာတို့ကိုလည်း ခံစားရတတ်တယ်။

– အဓမ္မပြုကျင့်ခံရတဲ့ အဖြစ်အပျက်ကို စိတ်ထဲမှာ ရုပ်ရှင်ပြသလို ဖျတ်ကနဲ ဖျတ်ကနဲ ပေါ်ပေါက် လာတတ်တယ်။ အဲဒီလို “နောက်ကြောင်းပြန်ပုံရိပ်” (Flashbacks) တွေကို စိတ်ထဲမှာ မြင်ယောင်လာရင် အကြောင်းမဲ့ ငေးငိုင်သွားတတ်တယ်။ မိမိနဲ့ ပတ်ဝန်းကျင် ကင်းကွာသွားသလို၊ ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ပြောင်းလဲမှု ရှိသလို၊ စိတ်နဲ့ ခန္ဓာကင်းကွာသွားသလို ခံစားကြရတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ စိတ်ကျန်းမာရေးချို့ ယွင်းတဲ့လက္ခဏာတစ်ခုချင်းဟာ စိတ်ရောဂါ မဟုတ်သေးပါဘူး။ ကာမဂုဏ်ကျူးလွန်စော်ကားခံရတဲ့ အမျိုးသမီးတွေထံမှာ ၉၀ ရာခိုင်နှုန်းကျော်ဟာ အဲဒီလို လက္ခဏာတစ်ခုမဟုတ် တစ်ခု ခံစားရတာကို တွေ့ရှိရပါတယ်။ အဲဒီလက္ခဏာတွေ စုပေါင်းပြီး ပြင်းထန်လာရင် စိတ်ရောဂါ ရရှိလာပါတယ်။

မုဒိမ်းကျင့်ခံရသူများတွင် တွေ့ရှိရသည့် စိတ်ရောဂါများ

မုဒိမ်းကျင့်ခံရသူတွေမှာ တွေ့ရှိရတဲ့ စိတ်ရော ဂါတွေကတော့-

– ဘေးဒုက္ခကြောင့်ဖြစ်သည့် စိတ်ဖိစီးမှုဝေဒနာ (PTSD)

ဒီဝေဒနာမှာ လိင်စော်ကားခံရတဲ့ အဖြစ်အပျက်ကို မကြာခဏ ပြန်လည် မြင်ယောင်တာ၊ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လာရင် မကြားလို၊ မမြင်လို၊ မပြောလိုတာ၊ ဆင်တူယိုးမှားအခြေအနေတွေကို ရှောင်ကြဉ်တာ၊ အစဉ်အမြဲ ကြောက်ရွံ့ထိတ်လန့် လွယ်တာ စတဲ့ လက္ခဏာတွေကို တွေ့ရမယ်။ လူထုအတွင်း အမျိုးသမီးတွေထဲမှာ “ဘေးဒုက္ခကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုဝေဒနာ”ဖြစ်နှုန်းက ငါးရာခိုင်နှုန်းရှိတယ်။ မုဒိမ်းမှု ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေထဲမှာ ဒီရောဂါ ဖြစ်နှုန်းက ၃၁ ရာခိုင်နှုန်းအထိ ရှိပါတယ်။

– စိတ်ကျရောဂါ

အိပ်ရေးပျက်တာ၊ အစားအသောက်ပျက်တာ၊ အားအင်ကုန်ခမ်းတာ၊ လုပ်ချင်ကိုင်ချင်စိတ် လျော့နည်းတာ၊ နေ့စဉ်နေ့တိုင်း စိတ်ညစ်ညူးတာ၊ မျှော်လင့်ချက်ကုန်ဆုံးသလို ခံစားရတာ၊ အရာရာမှာ စိတ်ဝင်စားမှု နည်းပါးလာတာ၊ မိမိကိုယ်ကိုယ် သတ်သေ ချင်စိတ်ပေါ်ပေါက်တာ စတဲ့ လက္ခဏာတွေကို တွေ့ ရမယ်။
မုဒိမ်းမှု ကျူးလွန်ခံရတဲ့ အမျိုးသမီး တစ်ရာမှာ ၃၀ ကျော်ဟာ စိတ်ကျရောဂါ ရရှိလာတတ်ပါတယ်။ လူထုအတွင်း စိတ်ကျရောဂါ ဖြစ်နှုန်းထက် သုံးဆကျော် များပြားပါတယ်။ သူတို့ထဲမှာ ၃၃ ရာခိုင်နှုန်းကျော်ဟာ မိမိကိုယ်ကိုယ် သတ်သေချင်စိတ် ပွားများနေတယ်။ ၁၃ ရာခိုင်နှုန်းကျော်ဟာ မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပါတယ်။

– အရက်/မူးယစ်ဆေးစွဲရောဂါ

အမေရိကန်နိုင်ငံမှာလေ့လာတွေ့ရှိချက် တစ်ခုရှိတယ်။ မုဒိမ်းမှုကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးတွေထဲမှာ ၂၀ ရာခိုင်နှုန်းကျော်ဟာ အရက်စွဲရောဂါ ရရှိခံစားလာရတယ်။ အမျိုးသမီးထုထဲမှာ အရက်စွဲ ရောဂါ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိတယ်။ ကာမ ဂုဏ်ကျူးလွန်စော်ကားခံရတဲ့ အမျိုးသမီး ၈ ရာခိုင်နှုန်းမှာ မူးယစ်ဆေးစွဲရောဂါ ဖြစ်ပွားလာတယ်။ လူထုထဲမှာ အမျိုးသမီးမူးယစ်ဆေးစွဲတာက ဝ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

– လိင်သဘာဝ ချို့ယွင်းလာခြင်း

ကာမဂုဏ် ကျူးလွန်စော်ကားခံရတဲ့ အမျိုးသမီးတွေက လိင်ဆန္ဒလျော့နည်းလာတတ်တယ်။ လိင်ဆက်ဆံတာကိုရှောင်ကြဉ်လိုကြတယ်။ လိင်ဆက်ဆံတာကို တာဝန်ရှိလို့ ပြုမူရသလို သဘောထားလာတတ်တယ်။ လိင်ဆက်ဆံစဉ်မှာ သာယာကျေနပ်မှုမရှိ ဖြစ်လာတယ်။ စိတ်တိုတာ၊ စက်ဆုပ်ရွံရှာတာ၊ မိမိခန္ဓာကိုယ်ကို မနှစ်မြို့တာစတဲ့ စိတ်ခံစားမှုတွေပဲ ပေါ်ပေါက်လာတတ်တယ်။ လိင်ဆက်ဆံရင် ကြွက်သား တင်းကျပ်နာကျင်လာတတ်တယ်။ အဲဒီလို အခက်အခဲတွေကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောင့်အယှက် ဖြစ်လာတာကို တွေ့ရှိရပါတယ်။
_ _

အခုဆောင်းပါးမှာ အရွယ်ရောက်သူ ကာမဂုဏ်ကျူးလွန်စော်ကားတာ ခံရရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်တဲ့ ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။ ရှေ့လာမယ့် အပတ်မှာ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေ ကာမဂုဏ် ကျူးလွန်စော်ကားတာ ခံရရင် ဖြစ်ပွားလာနိုင်တဲ့ စိတ်ကျန်းမာရေး ထိခိုက်ချို့ယွင်းမှုတွေကို ဆက်လက်ဖော်ပြပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top