Healthy Life Ad
Life Style

စိတ်မော လူမောရောဂါ . . . (၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒီလို စိတ်ခံစားမှုလွန်ကဲတာကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကို ရောဂါတစ်ခုအဖြစ် တိတိကျကျ သတ်မှတ်လို့မရသလို ဟန်ဆောင်နေတာလည်း မဟုတ်ပါဘူး။ ဒီရောဂါအတွက် သီးသန့်ကုစရာ ဆေး မရှိပါဘူး။ Psychotherapist လို့ခေါ်တဲ့ စိတ်ကို ပြုပြင်ပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပေးမယ်၊ သူတိုရဲ့ ခံစားချက်တွေကို ရင်ဖွင့်စေပြီး စိတ်သက်သာရာရအောင်၊ စိုးရိမ်လွန်ကဲမှုလျော့ နည်းအောင်၊ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိအောင် စိတ်ဖြေနည်းတွေ လမ်းညွှန်ပေးမယ်၊ ရှင်းပြပေးမယ်ဆိုရင် သက်သာရာ ရနိုင်ပါတယ်။ စိုးရိမ်စိတ် လွန်ကဲလွန်းသူတွေ၊ စိတ်ဓာတ်ကျရောဂါ ဝင်လာတဲ့သူတွေကိုတော့ စိတ်ငြိမ်ဆေး၊ စိတ်ဓာတ်ကျကုသဆေးတွေ သုံးဖို့လိုပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တွေထံ လွှဲအပ်ပေးရပါမယ်။ ဒါပေမဲ့ လူနာအများကတော့ မိမိမှာ ခံစားနေရတာ ဘာရောဂါမှ မဟုတ်ဘူး၊ စိတ်ရောဂါသက်သက်ပါပဲလို့ဆိုရင် လက်မခံလိုကြပါဘူး။ စိတ်ကျန်းမာရေးအထူးကုတွေဆီ လွှဲမယ်ဆိုရင်လည်း အခက်အခဲရှိပါတယ်။ လက်မခံလိုကြပါဘူး။ သူတို့စိုးရိမ်နေတဲ့ ရောဂါကြီးတွေ မဟုတ်ကြောင်းကို စစ်ဆေးပြီးတဲ့ အဖြေတွေ ထောက်ပြရင်း စိတ်ပြေသွားအောင် အားပေးစကား ပြောဖို့လိုအပ်သလို တစ်ဖက်မှာလည်း စိုးရိမ်စိတ် ထိန်းပေးနိုင်တဲ့ ဆေး(Anxiolytic drugs)ကို ပေးမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။

“ဒီလိုစိတ်ကြောင့်ဖြစ်လာတဲ့ ဝေဒနာတွေကို ရင်ဆိုင်ပြီး ဖြေရှင်းကုသပေးရတဲ့အလုပ်ဟာ ဆရာဝန်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ ပထမဦးဆုံးလက်ခံရမှာက သူတို့ခံစားနေရတာဟာ ဟန်ဆောင်လုပ်နေတာမဟုတ်ဘဲ တကယ်ဖြစ်နေတာပါလို့ ယူဆပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စိုးရိမ်စိတ်လွန်ကဲမှုကြောင့်ဖြစ်တဲ့ စိတ်ဖိ စီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဝေဒနာအဖြစ် ပေါ်ပေါက်လာရတာပါ …”

အရေးပေါ်မှာအမောဖောက်သလို၊ တက်သလို၊ သတိလစ်သလိုဖြစ်ပြီး အသက်မြန်မြန်ရှိုက်ရှူနေတဲ့ သူတွေကိုတော့ ဒိုင်ယာစီပင် (Diazepam) အိပ်ဆေးထိုးပေးပြီး သိပ်ထားလိုက်တာနဲ့ အဆင်ပြေတတ်ပါတယ်။ နိုးလာတဲ့အခါ ပြန်ကောင်းသွားတတ်ကြပါတယ်။ အသက်ကို ပြင်းပြင်းထန်ထန် ရှူရှိုက်လုပ်ရင်း သွေးထဲမှာ သွေးတွင်းအယ်လ်ကာလီများလာခြင်း (Alkalosis) တစ်နည်းအားဖြင့် အက်ဆစ်ဓာတ်တွေ လျော့နည်းသွားခြင်းကြောင့် အကြောတက်တာ၊ အကြောတွေ ကပ်တာ (Tetany) ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းတွေ၊ လက်တွေ ကျဉ်လာတတ်ပါတယ်။ ကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေကို အသက်ရှူပြီး ထုတ်ပစ်တာများသွားလို့ ဖြစ်တာပါ။ Carbon dioxide wash out လို့ခေါ်ပါတယ်။

အကောင်းဆုံးကုထုံးကတော့ စက္ကူအိတ်တစ်ခုကို သုံးပြီး ရှူထုတ်တဲ့ လေဟောင်းကို ပြန်ရှူသွင်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ အကြောတက်တာကို မြန်မြန်သက်သာစေပါတယ်။

အသည်းအသန်ရောဂါပုံစံမျိုးနဲ့ ရောက်လာတဲ့ လူနာတွေကို တကယ်အသက်အန္တရာယ်ရှိတဲ့ ရောဂါ မဟုတ်ကြောင်း သေချာအောင်စစ်ပြီး သက်သေပြကာ မိသားစုကိုလည်း အရမ်းစိတ်မပူဖို့ ရှင်းပြရပါမယ်။ တစ်ခါတစ်ရံ လူနာက မိမိစိတ်တိုင်းမကျတာရှိမယ်၊ မိသားစုနဲ့အဆင်မပြေတာရှိမယ်၊ ဒါမှမဟုတ် မိမိကို ဂရုစိုက်တာခံချင်လို့ အမောဖောက်ပုံပြတဲ့ အမူအရာ (Attention seeking) တွေလည်း ရှိတတ်ပါတယ်။ မိသားစုကလည်း နားလည်သဘောပေါက် အဆင်ပြေအောင် ညှိနှိုင်းပေးဖို့လိုအပ်ပါတယ်။

အသက်ရှူမဝတဲ့ စိတ်မောလူမောရောဂါတွေကိုတော့ နှလုံးရောဂါမဟုတ်ကြောင်း၊ မရှိကြောင်းရှင်းပြပြီး စိတ်ဖိစီးမှု (Stress) တွေ လျော့စေတဲ့ နည်းလမ်းရှာကြည့်ဖို့ တိုက်တွန်းရပါမယ်။ အသက်ကို ဖြည်းဖြည်းရှူရှိုက်နည်းကို သင်ပေးလို့ ရပါတယ်။ စိတ်ပူတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါအသက်ကို အပြည့်မရှူမိဘဲ မြန်မြန်နဲ့ တိမ်တိမ်လေးပဲ ရှူနေမိပြီး ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်မလုံလောက်လို့ ပိုပြီးမောစေပါတယ်။ ကြွက်သားတွေ တင်းလာပြီး ကိုက်ခဲညောင်းညာလာတတ်ပါတယ်။ ဒါကြောင့် လူနာကို အသက်ဝအောင် နှာခေါင်းနဲ့အဆုံးထိရှိုက်သွင်းပြီး ပါးစပ်မှ ရှူထုတ်ရပါမယ်။ ရှူထုတ်စဉ်ပါးစပ်ကို အနည်းငယ်စေ့ပြီး လေမှုတ်ထုတ်သလို ဖြည်းဖြည်းနဲ့ အဆုံးထိ ရှူထုတ်ရပါမယ်။ ရှူရှိုက်လုပ်တဲ့ သဘောပဲဖြစ်ပါတယ်။ ဒီလို ရှူရှိုက်လုပ်ရင် စိတ်လှုပ်ရှားမှုကြောင့် ကြွက်သားတွေ တင်းနေတာလည်း လျော့သွားပြီး အကြောတွေလည်း ပြေသွားမယ်၊ မောတာလည်း သက်သာသွားနိုင်လို့ အကျိုးရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဒီလိုစိတ်ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကို ရင်ဆိုင်ပြီး ဖြေရှင်းကုသပေးရတဲ့ အလုပ်ဟာ ဆရာဝန်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံး လက်ခံရမှာက သူတို့ ခံစားနေရတာဟာ ဟန်ဆောင်လုပ်နေတာ မဟုတ်ဘဲ တကယ်ဖြစ်နေတာပါလို့ ယူဆပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စိုးရိမ်စိတ် လွန်ကဲမှုကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဝေဒနာအဖြစ်ပေါ်ပေါက်လာရတာပါ။ ဒါကြောင့် မိသားစုဆရာဝန်ကအစ အထူးကုကြီးတွေနဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်တွေအဆုံး ဒီလိုရောဂါတွေကိုရင်ဆိုင် ဖြေရှင်းပေးရာမှာ ပညာသားပါဖို့လိုပါတယ်။ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေလည်း လိုပါတယ်။ တကယ် ရောဂါမရှိကြောင်းကိုလည်း ရှင်းပြမယ်၊ ဝေဒနာတွေကိုလည်း အလေးထားမယ်၊ တကယ်ခံစားနေရသူလိုပဲ ဆက်ဆံမယ်၊ ရောဂါကြီးတွေ ရှိနေသလို မခြိမ်းခြောက်မိဖို့ သတိပြုမယ်၊ အချိန်ယူပြီး ရှင်းပြမယ်၊ ဆရာဝန်နဲ့ လူနာအကြားမှာ ရင်းနှီးတဲ့ ဆက်ဆံမှုရှိမယ်။ လူနာက ဆရာဝန်အပေါ်မှာ ယုံကြည်စိတ် ချရတဲ့ခံယူချက်ရရှိစေမယ်ဆိုရင် ရောဂါတစ်ဝက် ပျောက်သွားသလိုမျိုး စိတ်အေးချမ်းမှုရလာမယ်၊ ဝေဒနာတွေလည်း ပြေပျောက်လာပါမယ်။ ဒီလို ရောဂါတွေဟာ ဆေးလောကမှာ အတော်လေးအဖြစ်များပေမယ့် ဆေးကုတဲ့ ဆရာဝန်တွေနဲ့ စိတ်ကျန်းမာရေးအထူးကုတွေရဲ့ အကြားမှာ ဂရုတစိုက်မရှိလှဘဲ လွတ်နေတာ ရှိနေပါတယ်။ ဒီလိုရောဂါမျိုးကို ဖော်ထုတ်ပြီး ထိရောက်အောင် ကိုင်တွယ်ဖြေ ရှင်းနိုင်မယ်ဆိုရင် မလိုအပ်ဘဲ ရောဂါရှာဖွေစစ်ဆေးနေရမယ့် စရိတ်၊ ဆရာဝန်စမ်းသပ်ခစရိတ်၊ အလုပ်အကိုင်ပျက်ရတဲ့ စရိတ်တွေလျော့နည်းသွားပြီး ဒီလို စိတ်မောလူမောရောဂါခံစားနေရသူတွေဟာ ဝေဒနာသက်သာပျောက်ကင်းပြီး ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top