Healthy Life Ad
Life Style

သင့်မျက်နှာက သင့်ကျန်းမာရေးအခြေအနေကို ပြောပြနေပါတယ် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူတွေရဲ့ မျက်နှာက သူ့ကျန်းမာရေးအခြေအနေနဲ့ ဘဝနေထိုင်စားသောက်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ မျက်နှာက ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြနေတယ်ဆိုတာသိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) သေးသွယ်ပိန်လှီတဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
သေးသွယ်ပိန်လှီတဲ့ မျက်နှာပိုင်ရှင်တွေက လေ့ကျင့်ခန်း မလုပ်ဖြစ်သလို အစားအသောက်ကို လျှော့လွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မျက်နှာအရေပြားက အောက်ဆီဂျင် အလုံအလောက်ရရှိပြီး ပါးပြင်တွေက ကြည်လင်နေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအ သောက်တွေစားရင် သင့်မျက်နှာကို နုပျိုလန်းဆန်း နေစေပါတယ်။

(၂) ဖောင်းအစ်တဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
သင့်မျက်နှာက ဖောင်းအစ်နေတယ်ဆိုရင် ဒါက သင့်အနေနဲ့ လေ့ကျင့်ခန်း နည်းနည်းထပ်လုပ်ဖို့ လိုအပ်နေကြောင်း ပြသနေတာ ဖြစ်သလို စိတ်ဖိစီးမှု အဆင့်နဲ့ အရက်သောက်သုံးမှုကို လျှော့ချဖို့ လိုအပ် ကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။ အဲဒီသုံးချက်စလုံးက မျက်နှာအသားအရေမှာ ကော်လာဂျင် ထုတ်လုပ်မှု လျော့နည်းစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ မျက်နှာအသားအရေ ချောမွေ့နုပျိုချင်ရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အရက်သောက်သုံးမှု လျှော့ချပေးပါ။

(၃) အရေးကြောင်းထင်တဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
နေရောင်ထဲမှာ အချိန်များများ ဖြုန်းတတ်သူဖြစ်ရင် ခရမ်းလွန်ရောင်ခြည်က အရွယ်မတိုင်ခင် အရေးကြောင်းထင်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ မျက်ဝန်းတစ်ဝိုက် အရေပြားက ပိုမို ပါးလျပြီး ပိုနူးညံ့တာကြောင့် ခရမ်းလွန်ရောင်ခြည် ဒဏ်ခံရရင် အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်။ မျက်နှာကို နေကာခရင်မ် လိမ်းပေးပါ။

(၄) ခြောက်သွေ့တဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ဟာ မျက်နှာကို ခြောက်သွေ့ပြီး ထိခိုက်လွယ်စေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ချို့တဲ့တာကြောင့် အသားအရေရဲ့ တင်းအားလျော့ကျပြီး ခြောက်သွေ့ နေတတ်ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက ိုများများစားပေးရင် အသားအရေ သိသိသာသာ ကောင်းမွန်လာပါလိမ့်မယ်။

(၅) နီမြန်းတဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
ကော်ဖီများများ သောက်ရင် အသားအရေကို ထိခိုက်လွယ်စေပြီး နီမြန်းစေနိုင်ပါတယ်။ ကဖင်းဓာတ်က အရေပြားဆဲလ်တွေကို ရေဓာတ်ခမ်းခြောက်စေပြီး ရောင်ရမ်းကာ ခြောက်သွေ့စေပါတယ်။ ညဘက် အလုပ်လုပ်ရပြီး နေ့ဘက် အိမ်ထဲမှာနေရင် ဗီတာမင်ဒီ မရရှိတော့ပါဘူး။ အသားအရေ နီမြန်းမှု ကင်းစင်စေဖို့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီသောက်သုံးမှုကို လျှော့ချလိုက်ပါ၊ ဗီတာမင်ဒီ အလုံအလောက် ရရှိဖို့ နေကာခရင်မ်လိမ်းပြီး နေခြည်နုနု ခံယူပေးပါ။

(၆) အဝါရောင်သမ်းတဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
သင့်အသားအရောင်က အဝါရောင်သမ်းနေရင် သင့်မှာ အသည်းပြဿနာရှိနေတာလား ဒါမှမဟုတ် သွေးအားနည်းနေတာလားဆိုတာ အဖြေရှာသင့်ပါတယ်။ အသားအရေ ပြောင်းလဲမှုကို သတိပြုမိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(၇) ဖျော့တော့တဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
မျက်နှာက ပုံမှန်ထက် ပိုဖျော့တော့နေရင် ဒါက သံဓာတ်ချို့တဲ့မှု လက္ခဏာ ဖြစ်နိုင်ပါတယ်။ အသားနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလို သံဓာတ်ပါဝင်မှုများတဲ့ အသားအသောက်တွေကို များများစားပေးပါ။ ခန္ဓာကိုယ်က သံဓာတ် စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါတဲ့ သံပရာသီး၊ လိမ္မော်သီးစတာတွေကို တွဲဖက် မှီဝဲဖို့ မမေ့ပါနဲ့။

(၈) မျက်ကွင်းညိုနေလျှင်
အိပ်မပျော်တဲ့ အခြေအနေ ခံစားရရင် ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့ အစားအသောက်တွေကို စားနေရရင် မျက်ကွင်းညိုနိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်သုံးတာကြောင့်လည်း မျက်ဝန်းတစ်ဝိုက် ဖောင်းအစ်နေတတ်ပါတယ်။ အိပ်ရေးဝ၀ အိပ်စက်ပြီး မကောင်းတဲ့ အကျင့်တွေကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးပါ။

(၉) ဝက်ခြံပေါက်တဲ့ မျက်နှာပိုင်ရှင် ဖြစ်လျှင်
သင်စားတဲ့ အစားအသောက်ထဲမှာ အဆီအအိမ့်နဲ့ သကြားပါဝင်မှုများရင် ဝက်ခြံပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မျက်နှာကို သေချာသန့်စင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

(၁၀) နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်းတွေရှိလျှင်
နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်းနက်နက်တွေ ထင်နေရင် ဒါက ရယ်လွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဘီချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းတွေ အက်ကွဲနေရင်တော့ ဗီတာမင်စီ ချို့တဲ့လို့ပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ လိမ္မော်သီးနဲ့ ငရုတ်ပွသီးတွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားပေးရင် နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်းတွေကို ကင်းစင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top