Healthy Life Ad
Life Style

စိတ်မော လူမော ရောဂါ (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

“တခြားရော ဘာတွေ ခံစားရသေးလဲ”လို့ ဆရာမက မေးကြည့်လိုက်တဲ့အခါ –

“ရင်ဘတ်ထဲကလည်း တစ်ခါ တစ်ခါအောင့် တတ်တယ်။ အထူးသဖြင့် စိတ်လောရတဲ့အခါ၊ စိတ်ဆိုးတဲ့အခါ အောင့်တတ်တယ်။ ပြီးတော့ လည်ပင်း မှာ ညှစ်ထားသလို နင်နေတတ်တယ်။ ပြီးတော့ အစာမကြေသလို ပျို့တယ်၊ အစားအသောက် ပျက်တယ်၊ တစ်ခါတစ်ခါမှာ ဝမ်းလည်း ပျက်တတ်တယ်။ အစာအိမ်မှန်ပြောင်းလည်း ကြည့်ပြီးပါပြီ ဆရာမ။ အစာအိမ်ရောင်တာပဲ တွေ့တယ်။ ဝမ်းပျက်တာ အတွက် အူမကြီးကင်ဆာဖြစ်မှာစိုးလို့ မှန်ပြောင်း ကြည့်ပြီးပါပြီ။ ဘာမှတော့ မတွေ့ပါဘူး”လို့ မရင်စိန်က ဖြေပါတယ်။

“ဝေဒနာတွေတော်တော်စုံနေသလိုတော့ ဖြစ်နေတာပေါ့နော်။ ဆေးရုံရောတက်ခဲ့ဖူးလား”လို့ မေးကြည့်လိုက်တဲ့အခါ-
“ကျွန်မ အမောတွေဖောက်ပြီး တက်သလို ဖြစ်သွားလို့ ဆေးရုံကို နှစ်ခါတောင် တက်ခဲ့ရဖူးပါ တယ်။ လက်တွေ အကြောကပ်သွားပြီး နှုတ်ခမ်းတွေကလည်း ကျဉ်လာတယ်။ ဆေးရုံကို တစ်ရက်လောက်ပဲ တက်ရပါတယ်. . . အိပ်ဆေးထိုးလိုက်တာ သက်သာသွားတာပါပဲ”လို့ မရင်စိန်က ပြန်ဖြေပါတယ်။

ဖိစီးမှုတွေအနည်းအများကို လူတွေက တုန့်ပြန်ကြတာ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ မျှော်မှန်းထားတဲ့ ပန်း တိုင်က ဘယ်လောက်မြင့်နေသလဲ၊ တစ်ဖက်မှာကိုယ်ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ကိုင်နိုင်စွမ်းက ဘယ်လောက် လိုက် နိုင်သလဲ . . . ဒီနှစ်ခုရဲ့ကြားမှာ ဘယ်လောက်ကွာဟနေ သလဲဆိုတဲ့အပေါ် မူတည်ပြီး တုန့်ပြန်မှုတွေ အမျိုးမျိုး ရှိကြပါတယ် . . .

“မရင်စိန်က ဘာအလုပ်လုပ်တာလဲ”လို့ မေးကြည့်လိုက်တော့-
“ကျွန်မက အခုကုမ္ပဏီတစ်ခုမှာ မန်နေးဂျင်း ဒါရိုက်တာ လုပ်ပါတယ်။ အလုပ်က မနိုင်မနင်းနဲ့ အိုဗာတိုင်ဆင်းရတာကလည်း ခဏခဏပါပဲ။ အထက်ကလည်း အမြဲဖိအားပေးနေတာပါပဲ။ အလုပ်တောင် ထွက်ချင်နေပြီ။ အိမ်မှာ အမျိုးသားကလည်း လေဖြတ်ထားတော့ အလုပ်ဆက်မလုပ်နိုင်တာ ငါးနှစ်ရှိပြီ။ ကလေးတွေက ကျောင်းတက်နေကြတုန်းလေ။ သူတို့ ကျောင်းအမှီ ထမင်းဟင်းထချက်ဖို့ အချိန်မမီမှာစိုးလို့ အစောကြီး နိုးနိုးနေတာ၊ ဒီကြားထဲ ကျွန်မမှာ ဒီနှလုံးရောဂါက ထထဖောက်နေပြန်တယ်။ အဆိုးဆုံးကတော့ ဆရာမရယ် . . အိပ်မပျော်တာပါပဲ”
မရင်စိန်ရဲ့ အဖြေကြားတော့”ဒါဆိုရင် အရင်စစ်ထားပြီးတဲ့ အဖြေတွေ အားလုံးပါလာရင် ပြပါဦး။ လိုအပ်တာလေးတွေ ဖြည့်ပြီး ထပ်စစ်ပေးပါမယ်”လို့ ဆရာမက ပြောလိုက်ပါတယ်။
“ဒီမှာ ကျွန်မ စစ်ဆေးဖူးတဲ့ ဆရာဝန်တွေရဲ့ ဆေးမှတ်တမ်းတွေ ပါလာပါတယ် ဆရာမ”ဆိုပြီး မရင်စိန်က သူ့ဆေးစာအုပ်တွေ တစ်ထပ်လိုက်ကြီး ပြလာပါတယ်။
“အို . . ဆေးမှတ်တမ်းစာအုပ်တွေကလည်း ခုနစ်အုပ်တောင် ရှိနေပါ့လား”
“ဟုတ်ပါတယ်။ ဒါတောင် အိမ်မှာ တချို့စာအုပ်တွေ ကျန်သေးတယ် ဆရာမ။ ကြာသွားတဲ့ မှတ် တမ်းတွေဆိုတော့ ထားရစ်ခဲ့တာ၊ လိုရင် နောက်နေ့ ယူလာခဲ့ပါမယ်”လို့ မရင်စိန်က ဆိုပါတယ်။
“အခုတော့ မလိုသေးပါဘူး။ ဒီမှတ်တမ်းတွေ အားလုံးမှာ ရောဂါအမည်တစ်ခုစီ ထင်မိနေကြတာ စစ်ဆေးထားသမျှကလည်း အားလုံးနီးပါး ကောင်းနေတာပါပဲ။ ဒီနှလုံးအီးစီဂျီဆွဲထားတာက T wave inversion တချို့အကွက်တွေမှာ အတွန့်လေးတချို့ ပုံမမှန်လို့ နှလုံးသွေးကြောကျဉ်း သံသယရှိသူအနေနဲ့ ဆေးတွေ ပေးထားတာ တွေ့ရပါတယ်။ ဒီနှလုံး ဆေးတွေသောက်ရင် မောတာသက်သာသလား”လို့ မေးကြည့်လိုက်တော့-

“ကျွန်မမှာ ဒီနှလုံးရောဂါရှိတယ်လို့ သိရကတည်းကရင်ဘတ်ပိုအောင့်လာသလိုပဲ။ ကျွန်မအမေကလည်း နှလုံးရောဂါနဲ့ မနှစ်က ဆုံးသွားတာလေ။ ဆေးတွေ သောက်တာ အစပိုင်းမှာ သက်သာသလိုပဲ၊ ဒါပေမဲ့ ပြန်ပြန်ဖြစ်နေတာကဆိုးတယ် ဆရာမရယ်” လို့ မရင်စိန်က ညည်းတွားပြောဆိုပါတယ်။

“အင်း . . ဒီလို နှလုံးသွေးကြောကျဉ်းတဲ့ အီးစီဂျီပုံစံမျိုးက လူကောင်းတွေမှာလည်း မကြာခဏ တွေ့ရတတ်ပါတယ်။ တကယ်တော့ ဒီလိုမျိုးတစ် ကွက်မှာပဲတွေ့ရင် ပုံမှန် (Normal)လို့ ယူဆနိုင်ပါတယ်။ ပြီးတော့ ဒီ ၃၀ကျော်အသက်အရွယ်မှာ နှလုံးသွေးကြောက မကျဉ်းတတ်သေးပါဘူး။ အမျိုးသမီးတွေဆို အသက် ၅၅နှစ်ကျော်လောက်တော့မှ ဖြစ်လေ့ရှိတာ။ သွေးတွင်း အဆီသိပ်များတဲ့ မျိုးရိုး ပါတဲ့သူတချို့က လွဲလို့ပေါ့လေ။ ဒီမှာ စစ်ဆေးထားတာ အားလုံးပြည့်စုံနေလို့ ထပ်စစ်နေရင် ပိုက်ဆံ ပိုကုန်တာပဲ အဖတ်တင်နေမယ်”

“ဒါဆိုရင် ကျွန်မ မောမောနေတာက ဘာဖြစ် လို့လဲ ဆရာမ။ အခုဆိုရင် ဆေးပေါင်းစုံနေပြီ . . မသက်သာလာဘူး”

“ဒေါ်ရင်စိန်ရဲ့ ရောဂါကို စိတ်မောလူမောရော ဂါလို့ပဲ အမည်တပ်နိုင်ပါတယ်။ ဒီလို ရောဂါမျိုးက ကျွန်မတို့ပတ်ဝန်းကျင်မှာ မရှားပါဘူး၊ တော်တော် များတယ်လို့တောင်ထင်မိတယ်”

“ဒီစိတ်မောလူမောရောဂါဆိုတာ ဘာရောဂါလဲဟင် ဆရာမ . . ကျွန်မ တစ်ခါမှ မကြားဖူးလို့ပါ”
“စိတ်မောလူမောရောဂါကတော့ Anxiety ဒါမှမဟုတ် Stress Reaction ကို ခေါ်တာပါ။ Stress ဆိုတာက စိတ်ဖိစီးမှု၊ ခန္ဓာကိုယ်ဖိစီးမှုတွေပဲ ဖြစ်ပါ တယ်။ ဒီဖိစီးမှုတွေအနည်းအများကို လူတွေက တုန့်ပြန်ကြတာ တစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး။ မျှော်မှန်းထားတဲ့ ပန်းတိုင်က ဘယ်လောက်မြင့်နေသလဲ၊ တစ်ဖက်မှာ ကိုယ်ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ကိုင်နိုင်စွမ်းက ဘယ်လောက် လိုက်နိုင်သလဲ . . . ဒီနှစ်ခုရဲ့ကြားမှာ ဘယ်လောက်ကွာဟနေသလဲဆိုတဲ့အပေါ် မူတည်ပြီး တုန့်ပြန်မှုတွေ အမျိုးမျိုးရှိကြပါတယ်။ ဒီဖိ စီးမှုဒဏ်တွေကိုဖြေဖျောက်နိုင်စွမ်းရှိရင် ဘယ်လောက်ပဲ စိတ်ဖိစီးမှုများပါစေ ဘာမှမဖြစ်သလို၊ ဖိစီးမှုသိပ် မများဘဲ တုန့်ပြန်မှုခံစားမှုတွေက ပြင်းထန်နေရင် ဒီလိုစိတ်မောလူမောရောဂါတွေ ဖြစ်လာတတ်ပါတယ်။ တကယ်တမ်း ရောဂါမရှိပေမယ့် ရောဂါမျိုးစုံရဲ့ ဝေဒနာတွေဖြစ်ပေါ်လာမယ်၊ ခံစားရမယ်၊ စိုးရိမ် စိတ်တွေဖြစ်လာမယ် . . နောက်ဆုံး ဖြေရှင်းလို့ မရတော့ရင်စိတ်ကျရောဂါ (Depression) ဖြစ်လာ တတ်ပါတယ်။ ဒါကြောင့် ဒေါ်ရင်စိန်ရဲ့ ရောဂါက ဒီလိုစိတ်ဖိစီးမှု၊ ခန္ဓာကိုယ်ဖိစီးမှုဒဏ်တွေ များလွန်းတာက စပြီး မောတဲ့ရောဂါအသွင် ဖြစ်လာတဲ့ စိတ်မောလူမောရောဂါပဲဖြစ်ဖို့များပါတယ်”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်-

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top