Healthy Life Ad
Life Style

ရေငုပ်မလား၊ လေယာဉ်စီးမလား

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ကျွန်မတို့ကိုယ်ထဲမှာ လေနဲ့ပြည့်နေတဲ့ နေရာတွေရှိပါတယ်။ ဥပမာ-အလယ်နားတို့၊ နှာခေါင်းဘေးမှာရှိတဲ့ လေအိတ်လေးတွေတို့ပေါ့။ လေတို့၊ဓာတ်ငွေ့တို့ဆိုတာက ပတ်ဝန်းကျင် အခြေအနေကိုလိုက်ပြီးပြောင်းလဲတတ်တယ်၊ မှတ်မိမလားမသိဘူး။ရူပဗေဒမှာ သင်ရတာလေ။

သတ်မှတ်ထားတဲ့အပူချိန်မှာ အငွေ့တစ်ခုရဲ့ပမာဏဟာ ဖိအားနဲ့ ပြောင်းပြန်အချိုးကျတယ်တဲ့။ဒါက Boyles Law လေ။ အဲဒီ Law အရ ဖိအားများရင် အငွေ့ပမာဏနည်းမယ်ပေါ့။သတ်မှတ်ထားတဲ့ အပူချိန်မှာ ပျော်ရည်ထဲပျော်ဝင်နေတဲ့ အငွေ့ပမာဏဟာ ပျော်ရည်ရဲ့ဖိအားနဲ့တိုက်ရိုက်အချိုးကျတယ်တဲ့။ ဒါက Henrys Law သူကဖိအားများရင် အငွေ့တွေများများ ပျော်ဝင်မယ်လို့ဆိုလိုတာပါ။

ဒါတွေ ဘာလို့ပြောနေရလဲဆိုတော့ အပြင်ဘက် ပြင်ပဖိအားပေါ်မူတည်ပြီး ကိုယ်ထဲက အလုံပိတ်နေရာထဲမှာရှိတဲ့ လေပြောင်းလဲနိုင်လို့ပါ။ ပြင်ပဖိအားကလည်း တစ်နေရာထဲမှာနေရင်တော့ မပြောင်းလဲဘူးပေါ့။ ဒါပေမဲ့ ရေငုပ်မယ်၊ လေယာဉ်ပျံ စီးမယ်ဆိုရင်တော့ ဖိအားပြောင်းပါပြီ။ ရေငုပ်ရင် ပင်လယ်ရေမျက်နှာပြင်က ရေနက်ထဲကိုဆင်းတာနဲ့ ဖိအားများလာမှာပါ။

ရေအောက်၁၀ မီတာ ဒါမှမဟုတ် ၃၃ပေ ရောက်တိုင်း 100kpa များလာပါတယ်။ ပြင်ပဖိအားများလာတဲ့အခါ နားတို့၊ နှာခေါင်းဘေးက လေအိတ်တွေထဲက လေတွေ ကျုံ့ကုန်ရော။ ဒီအခါ အဲဒီနေရာတွေမှာ ဖိအားကျပြီး နာကျင်မှုကို ခံစားရတယ်။

တစ်ခါတလေကျတော့ အပြင်နားတူးမြောင်းမှာ နားဖာချေးဆို့နေတတ်ပါတယ်။ အဲဒီအခါမျိုးကျရင် အပြင်နားတူးမြောင်း(နားဖာချေးအပြင်ဘက်)မှာ အပြင်က ဖိအား (တစ်နည်း)အခုရောက်နေတဲ့ နေရာရဲ့ဖိအားအတိုင်းရှိပြီး နားဖာချေးအတွင်းဘက် (တစ်နည်း) နားဖာချေးနဲ့ နားစည်ကြားမှာတော့ ရေမျက်နှာပြင်တုန်းက ဖိအားအတိုင်းပဲရှိမယ်။ အဲဒီအခါကျတော့ နားစည်က အပြင်ဘက်ကို ဖောင်းလာတယ်။ဖိအားကွာခြားမှုသိပ်များရင် နားစည်ပေါက်သွားနိုင်တယ်။ အဲဒီလိုဖြစ်တာကို Canal Squeeze လို့ ခေါ်ပါတယ်။

လေယာဉ်ပျံစီးတဲ့အခါ သကြားလုံးလေးတွေကို လေယာဉ်မယ်လေးတွေက လာပေးတယ်လေ။ သကြားလုံးလေး ငုံထားတဲ့အခါ တံတွေးခဏခဏမျိုချနေရတော့ ပြွန်ကလေး ပွင့်ပွင့်သွားတာပေါ့။ ဒါမှ နားထဲမှာဖိအားထိန်းပေးနိုင်ပြီး နားမအူတော့ဘူးလေ။

တကယ်တမ်းပြောရရင် တော်ရုံလောက်ဖိအားအနည်းအများကို ထိန်းပေးနိုင်တာလေးရှိပါတယ်။အဲဒါကတော့ နားအလယ်ပိုင်းနဲ့ နှာခေါင်းနောက်ဘက်ကနေရာကို ဆက်သွယ်ပေးထားတဲဲ့ပြွန်လေးပါ။အကြောင်းအမျိုးမျိုးကြောင့် သူအလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ နားထဲမှာ ဖိအားအပြောင်းအလဲဖြစ်တော့တာပါပဲ။ အဲဒီပြွန်လေးဟာ ဒီအတိုင်းနေရင်ပိတ်နေပြီး သူ့မှာတွယ်ကပ်နေတဲ့ ကြွက်သားတွေကျုံ့တဲ့အခါ ပွင့်သွားပါတယ်။ အစာစားတဲ့အခါ၊ တံတွေးမျိုတဲ့အခါမှာလည်း ပြွန်ကလေးပွင့်ပါတယ်။လေယာဉ်ပျံစီးတဲ့အခါ သကြားလုံးလေးတွေကို လေယာဉ်မယ်လေးတွေက လာပေးတယ်လေ။သကြားလုံးလေးငုံထားတဲ့အခါ တံတွေးခဏခဏမျိုချနေရတော့ ပြွန်ကလေးပွင့်ပွင့်သွားတာပေါ့။ ဒါမှ နားထဲမှာဖိအားထိန်းပေးနိုင်ပြီး နားမအူတော့ဘူးလေ။ဖြစ်ချင်တော့ ကလေးတွေမှာ ကြွက်သားက လူကြီးတွေလောက် မဖွံ့ဖြိုးတော့ လူကြီးတွေမှာရှိတဲ့ ပြွန်လောက် အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူးတဲ့။

_ _ _

ခုနက ရေငုပ်သမားက ရေမျက်နှာပြင်ပေါ်ကိုပြန်တက်လာရင် ဘာဖြစ်သလဲကြည့်ရအောင်။ ရေနက်မှာဖိအားများတဲ့ နေရာက ရေမျက်နှာပြင်ဘက်ဖိအားနည်းတဲ့နေရာကို ရောက်လာတဲ့အခါ နားထဲကလေတွေက ကျယ်ပြန့်လာတယ်။ ခုနကပြွန်လေးကကောင်းကောင်းအလုပ်လုပ်ရင် ပြဿနာမရှိပေမယ့်အလုပ်ကောင်းကောင်းမလုပ်ရင်တော့ နားထဲမှာဖိအား များလာပြီး တစ်ချိန်ချိန်မှာ နားစည်ပေါက်သွားနိုင်တယ်။ Reversal Squeeze ပေါ့။

ရေငုပ်တဲ့အခါ နောက်ထပ်သတိထားစရာ ရှိသေးတယ်။ နားကအကြားအာရုံအပြင် ဟန်ချက်ထိန်းတာနဲ့လည်း ဆိုင်သေးတယ်။ ဟန်ချက်ကို နား၊မျက်စိနဲ့ အထိအတွေ့တို့နဲ့ ထိန်းရာမှာ ရေနက်ရောက်တဲ့အခါ အထိအတွေ့ကို အားကိုးလို့ မရတော့ဘူး။မှောင်နေတဲ့အခါ မျက်စိကလည်း အသုံးမဝင်တော့ဘူး။ နားကကောင်းမှ ဟန်ချက်ထိန်းနိုင်မှာ။ ရေငုပ်တဲ့အခါ မြန်မြန်ငုပ်လိုက်ရင် နားထဲမှာဖိအားပြောင်းတာမြန်ပြီး အတွင်းနားက Oval window, Round window ဆိုတဲ့ အပိုင်းတွေ ပေါက်ပြီး နားလေးတတ်တဲ့အပြင် ဟန်ချက်လည်းပျက်သွားနိုင်တယ်။ ကဲ. .ဒါဆိုရင် ရေထဲမှာလမ်းပျောက်ပြီး ရေပေါ်ပြန်မတက်နိုင်ဘဲ အသက်ဆုံးရှုံးနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးဆိုရင် ရေပူဖောင်းလေးတွေ တက်နေတဲ့နောက်ကို လိုက်သွားမှ အပေါ်ကိုရောက်မှာ။

လေယာဉ်စီးတဲ့အခါ ကမ္ဘာ့မျက်နှာပြင် အထက် ပေပေါင်း ၁၈၀ဝ၀တက်ရင် ပင်လယ်ရေ မျက်နှာပြင်မှာရှိတဲ့ ဖိအားရဲ့ တစ်ဝက်ပဲရှိတယ်။ ပြွန်လေးပွင့်အောင် သကြားလုံးအပြင် ပီကေဝါးလို့ရပါတယ်။နို့စို့ကလေးဆိုရင် နို့တိုက်လို့ရပါတယ်။ ခေတ်မီလေယာဉ်တွေက ဖိအားထိန်းတဲ့ စနစ်ပါတော့ သိပ်မဆိုးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top