Healthy Life Ad
Health Tips

ပညာရှင်တို့ လုပ်ဆောင်လေ့ရှိသည့် ဦးနှောက်ကောင်းစေသော အလေ့အထများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်းနီးပါး အခုထက်ပိုပြီး ဉာဏ်ပညာ ပိုရှိလာအောင် လုပ်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် သင်ဟာ ဉာဏ်ပညာအရှိဆုံး လူသားတွေ မျှဝေထားတဲ့ အောက်ပါအလေ့အထငါးမျိုးကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မယ်ဆိုရင် အခုထက်ပိုပြီး ထက်မြက်တဲ့ဉာဏ်ရည်ကို ပိုင်ဆိုင်လာမှာ မလွဲပါပဲ။

(၁) သူတို့က သဘောထားကြီးတဲ့ စိတ်ရှိအောင် လေ့ကျင့်ကြတယ်
ဉာဏ်ပညာရှိသူတွေက စိတ်ခံစားမှုနဲ့ ကိုယ်ပိုင်ခံစားချက်တွေကို လျစ်လျူရှုပြီး ဘက်အားလုံး ကိုနားလည်နိုင်စွမ်းရှိတတ်ကြပါတယ်။ လူတိုင်းမှာ သူတို့လုပ်ရတဲ့လုပ်ဆောင်မှုတိုင်းကိုလုပ်ဖြစ်အောင် လွှမ်းမိုးနေတဲ့ အကြောင်းခြင်းရာရှိမှာပဲ ဆိုတဲ့ သဘောထားကြီးတဲ့ စိတ်ရှိတတ်ကြပါတယ်။ တစ်နေ့တာအတွင်း သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တခြားသူတွေရဲ့ အပြုအမူတွေကို မှတ်သားထားပြီး တခြားဘက်ကနေ ပြန်လည်တွေးတောတဲ့ အကျင့်လုပ်ပေးပါ။

(၂) သူတို့က လူမှုဆက်ဆံရေး ကောင်းမွန်ကြတယ်
လေ့လာမှုတွေအရ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ သူတွေဟာ အထီးကျန်နေသူတွေထက်ဉာဏ်ပညာအဆင့် ပိုမိုကြီးမားကြောင်း ပြသနိုင်တယ်လို့သိရပါတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်အောင် အားကစားခန်းမ၊ လူမှုရေးအလုပ်စတဲ့ အသင်းအဖွဲ့တစ်ခုခုနဲ့ ဆက်သွယ်တာ၊ လူမှုရေးကွန်ယက်တွေမှာ သူငယ်ချင်းတွေနဲ့ ဆက်သွယ်တာ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူသောက်တာ စတာတွေကို လုပ်ဆောင်ပါ။ ပါတီပွဲတွေ၊ တွေ့ဆုံပွဲတွေရောက်နေချိန်မှာ တစ်ဦးတည်းရပ်နေသူတွေနဲ့မိတ်ဖွဲ့ပြီး စကားစမြည်ပြောပေးပါ။ လူတွေက ကိုယ့်အကြောင်းကို ပြောရမှာ သဘောကျတတ်ပေမယ့် သူများအကြောင်း နားထောင်ဖို့တော့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် နား ထောင်သူကောင်းဖြစ်အောင် ကြိုးစားပါ။

(၃) သူတို့က သတင်းတွေကို ဖတ်တယ်
ကမ္ဘာ့အခြေအနေနဲ့ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို နားမလည်ဘဲ မျှတတဲ့ ရွေးချယ်မှုကို သင်လုပ်နိုင်မှာမဟုတ်ပါဘူး။ သင့်အနေနဲ့ နေ့စဉ်သတင်းစာတွေ၊ အွန်လိုင်းသတင်းတွေမဖတ်ဖြစ်ရင်တောင် သတင်းခေါင်းစဉ်တွေကိုဖတ်ပြီး သင့်အတွက် အရေးပါမယ့်သတင်းကို ရွေးချယ်ဖတ်သင့်ပါတယ်။ ဒါက သင့်ကို ဉာဏ်ပညာပိုရှိလာစေတဲ့အလေ့အထတစ်ရပ်လည်းဖြစ်ပါတယ်။

(၃) သူတို့ ဖတ်ရှုလေ့လာရမယ့် စာအုပ်အမျိုးအစားကို ရွေးချယ်တတ်ကြတယ်
လက်ရှိအဖြစ်အပျက်တွေက အရေးကြီးသလိုပဲ စိတ်ကူးယဉ်ဝတ္ထုနဲ့ သိပ္ပံစာအုပ်တွေကလည်း ကမ္ဘာ လောကကြီးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင်နဲ့ စိတ်ကူးသစ်နဲ့အမြင်သစ်တွေသိ အောင်ကူညီပေးနိုင်ပါတယ်။ သင်ရဲ့စာအုပ်စင်မှာ သမိုင်းစာပေ၊ အတ္ထုပတ္တိစာပေ၊ ရာဇဝင်၊ ဟာသ စာပေစတဲ့ စာအုပ်အားလုံးကို တင်ထားရင် သင့်ကိုယဉ်ကျေးမှုတွေ၊ ခေတ်အစဉ်အဆက်တွေနဲ့ ထိတွေ့စေပါလိမ့်မယ်။ ကျန်းမာရေး၊ သိပ္ပံ၊ နိုင်ငံရေးစတဲ့ စာအုပ်တွေကိုလည်း ဖတ်ရှုပေးရင် သင့်အတွက် တကယ်ဉာဏ်ပညာတိုးစေတဲ့ စာအုပ်ကို အလိုလိုရွေးချယ်တတ်လာပါလိမ့်မယ်။ ပညာရှင်တွေက သူတို့ပေးရတဲ့ အချိန်နဲ့ထိုက်တန်တဲ့ စာပေကို ရွေးချယ်ဖတ်ရှုတတ်ကြပါတယ်။

(၄) “ကျွန်တော်လည်းမှားနိုင်ပါတယ်” ဆို တာကို ပြောဖို့ ဝန်မလေးဘူး
ဉာဏ်ပညာရှိတဲ့သူတွေက “အရာရာတိုင်း ကိုသိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘဝဆိုတာ မျှော်လင့်မထားတဲ့ အရာတွေလည်း ဖြစ်လာနိုင်တယ်” ဆိုတာကိုသိနားလည်ကြပါတယ်။ သင်ရဲ့ အမှားတွေကို သိနားလည်တာက ပိုမိုကြီးမားတဲ့ ဉာဏ်ပညာကိုရရှိစေပြီး လုပ်ခဲ့တဲ့ အမှားတွေကို ဝန်ခံတာက သင်ရဲ့ဂုဏ်ကျက်သရေနဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်ကို ပိုကောင်းအောင် တည်ဆောက်ရာ ရောက်ပါတယ်။ “လူတိုင်း မှားနိုင်ပါတယ်၊ ဒါပေမဲ့ အရူးတွေကပဲ အမှားကိုအမှားအတိုင်းတည်မြဲအောင် ထားတတ်တယ်” ဆိုတဲ့ ရောမဒဿနဆရာရဲ့ ဆိုရိုးတစ်ခုလည်းရှိတာပဲ မဟုတ်ပါလား။

(၅) သူတို့က ကိုယ်ပိုင် ဗဟုသုတပိုတိုးအောင် ကြိုးစားကြတယ်
အသက်ရှင်နေခိုက်မှာ ဘဝဟာ လေ့လာစရာအများကြီးပါပဲ။ ကိုယ်လေ့လာထားတဲ့ အရာတွေကို ပြန်လှန်သုံးသပ်ဖို့ အချိန်ရောယူတတ်ရဲ့လား။ အခု ဒီအလေ့အထကို လုပ်ကြည့်ပါ။ သင့်ဘဝမှာ အကြီးမားဆုံးဆုံးရှုံးမှုသုံးရပ်နဲ့အကြီးမားဆုံး အောင်မြင်မှုသုံးရပ်ကို ချရေးကြည့်ပါ။ ဒီအရာတွေကိုကြည့်ပြီး သင့်အတွေ့အကြုံကနေ သင်ခန်းစာယူတတ်လာပါလိမ့်မယ်။ ဒါက နောင်တရဖို့၊ ဂုဏ်ယူဖို့သက်သက်ရေးခိုင်းတာမဟုတ်ပါဘူး။ အကောင်း၊ အဆိုး ဘာပဲကြုံကြုံ သင်ခန်းစာယူတတ်ပြီး ပိုကောင်းတဲ့ အနာဂတ်သစ်ကို တည်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

(Ref;RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top