Healthy Life Ad
Life Style

နားကြားကိရိယာများ

နားအကြားလျော့တဲ့သူတွေကို နားအကြား အာရုံပြန်ရအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အသုံးအများဆုံးကတော့ နားကြားကိရိယာ တွေပါပဲ။ ကလေးတွေမှာ မွေးရာပါအကြားလျော့နေ ရင်စကားမပြောတတ်တော့ဘူး။ စောစောသိလို့ စောစောကုသမှုခံယူရင်တော့ စကားပြောတတ်လာမှာပါ။ ဒါကြောင့် စောစောသိအောင် အကြားအာရုံစမ်းသပ်ခံယူခွင့်ရအောင် ကျွန်မတို့ ကြိုးစားရမှာပါ။ စောစော သိပြီးရင်လည်း စောစောကုသခံယူနိုင်အောင် ကြိုးစားရဦးမှာပါ။ အများစုကတော့ နားကြားကိရိယာနဲ့ဆိုရင် နားကြားသွားပြီး နားအကြားကောင်းတဲ့ သူတွေလိုပဲနေထိုင်သွားနိုင်ကြပါတယ်။ တချို့ကတော့ နားအစားထိုးကုသဖို့ လိုပါတယ်။

တကယ်တော့ နားကြားကိရိယာတွေဟာ အသံချဲ့ပေးတာပါ။ နားအကြားလျော့နေတဲ့ သူတွေကို စကားပြောတဲ့အခါ၊ ပုံမှန်ပြောရင်မကြားပေမယ့် အသံကိုမြှင့်ပြီးအော်ပြောရင် ကြားသွားတယ်။ နားကြား ကိရိယာဟာ ပြောတဲ့သူက ပုံမှန်ပြောပေမယ့် နားအကြားလျော့နေတဲ့သူကကြားရအောင် အသံချဲ့ပေး တာဖြစ်ပါတယ်။ နားလေးနှုန်းက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ဒါကြောင့် နားကြားကိရိယာဖြစ်ရင် ပြီးရောဆိုပြီး တွေ့ရာတပ်လို့ အဆင်မပြေနိုင်ပါဘူး။ သင့်တော်တဲ့ နားကြားကိရိယာကို ပုံကျတဲ့ နားကြပ်နဲ့တပ်မှ အသံကောင်းကောင်းချဲ့ပြီးကြားရမှာပါ။

နားကြားကိရိယာမှာ အပိုင်း(၃)ပိုင်းပါတယ်။အပြင်ကအသံတွေကို မိုက်ကရိုဖုန်းကဖမ်းယူပြီး၊ အသံချဲ့ကိရိယာက အသံချဲ့ပေးပါတယ်။ ဒီအခါ အသံပိုကျယ်လာပြီး နားပုံစံအစွပ်ကိုဖြတ်ပြီး အထဲဝင်ပါတယ်။

အမျိုးအစားများ
နားကြားကိရိယာအမျိုးအစား အမျိုးမျိုးရှိတဲ့အနက် သင့်တော်တဲ့အမျိုးအစားကိုရွေးပြီး တပ်ဆင်ပေးရပါတယ်။ ကြိုးတန်းလန်းနဲ့ အမျိုးအစား (Body-worn)က အသက်ကြီးတဲ့သူတွေအတွက် ကောင်းတယ်။ အသံအတိုးအကျယ်ခလုတ်က ကိုယ်ပေါ်က အပိုင်းမှာရှိတာမို့ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်တယ်။ နားအကြားအာရုံ တော်တော်လျော့နေတဲ့ သူတွေအတွက်လည်း သင့်တော်တယ်။ ဘာလို့လဲဆိုတော့ သူက အသံကို တော်တော်ကျယ်ကျယ်ချဲ့ပေး နိုင်လို့ပါ။
နားနောက်ချိတ်တဲ့ နားကြားကိရိယာ (Behind-the-ear)ကတော့ နားသိပ်မလေးတဲ့ သူတွေအတွက် သင့်တော်တယ်။

နားထဲထည့်ရတဲ့ နားကြားကိရိယာကတော့ နားအကြားနည်းနည်းပဲ လျော့တဲ့သူတွေအတွက်ပါ။ နားကြားကိရိယာတပ်ထားမှန်း သိပ်မသိသာပေမယ့် တခြား နားကြားကိရိယာတွေထက် ဈေးပိုကြီးတယ်။

နားကြားကိရိယာအသုံးပြုပုံ
နားကြားကိရိယာရတာနဲ့ တောက်လျောက် တပ်ထားလို့မရပါဘူး။ နားကြားကိရိယာကိုအောင် အောင်မြင်မြင်အကျိုးရှိရှိတပ်ဆင်နိုင်ဖို့ ညွှန်ကြားချက်တွေကိုလိုက်နာရပါတယ်။ စစတပ်ချင်းတောက် လျောက်တပ်လို့ မရပါဘူး။

ပထမအပတ်
အိမ်ထဲမှာနေနေတုန်းပဲသုံးပါ။ ပုံမှန်အလုပ်လုပ်နေတုန်း၊ မိသားစုနဲ့ စကားပြောနေတုန်း သုံးကြည့်ပါ။ တစ်နာရီ၊ နှစ်နာရီထက်ပိုမကြာပါစေနဲ့။

ဒုတိယအပတ်
နားကြားကိရိယာတပ်ပြီး ရပ်ကွက်ထဲ လမ်းလျှောက်ကြည့်ပါ။

တတိယအပတ်
နားကြားကိရိယာတပ်ပြီး မီးရထား၊ မော်တော်ကားတွေကို စီးကြည့်နိုင်ပါတယ်။ အသံအတိုး အကျယ်ခလုတ်ကို နားခံသာရုံ ညှိထားရပါမယ်။သူငယ်ချင်း၊ အနားကလူတို့ကို စကားပြောကြည့်ပါ။အကြာကြီးတော့ မပြောနဲ့ပေါ့။

စတုတ္ထအပတ်
လူစည်ကားတဲ့နေရာတွေ ဥပမာ-ဈေး၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေမှာ နားကြားကိရိယာနဲ့ နား ထောင်ကြည့်နိုင်ပါတယ်။

နားကြားကိရိယာထိန်းသိမ်းခြင်း
နားကြားကိရိယာကိုအောက်ကို မလွတ်ကျပါစေနဲ့။ ပျော့ပျောင်းတဲ့ အခင်း၊ ဒါမှမဟုတ် ကုတင် ပေါ်မှာထိုင်ပြီးတပ်ပါ၊ ဖြုတ်ပါ။

နားကြားကိရိယာဟာအစိုပြန်တာ၊ အပူပြင်းတာ၊ အမှုန်အမွှားကပ်တာတွေကြောင့် ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် နားကြားကိရိယာကို ရေမချိုးခင်၊ ခေါင်းမလျှော်ခင်၊ ရေမကူးခင် ဖြုတ်ထားရမှာပါ။ ရေမွှေး၊ ဆံပင်ပုံသွင်းဆေးတွေ မဖျန်းခင် နားကြားကိရိယာကို ချွတ်ထားရပါမယ်။

– နားကြားကိရိယာကိုယ်ထည်မှာ ဝါယာကြိုးကို တင်းနေအောင် ပတ်မထားရပါဘူး။
– နားကြားကိရိယာကိုမသုံးတဲ့အခါ ဓာတ်ခဲတွေကို ထုတ်ထားရပါမယ်။
– နားကြားကိရိယာကိုပူတဲ့နေရာတွေမှာ မထားရ ပါဘူး။ နေထိုးတဲ့နေရာ၊ မီးဖိုချောင်၊ ကားစက် တွေပေါ် မတင်ထားပါနဲ့။
– နားအဆို့ (Ear mould)နဲ့ ပိုက်ကိုနားကြား ကိရိယာချိတ်ကဖြုတ်ပြီး ဆပ်ပြာရည်နွေးနွေးမှာ သွားပွတ်တံနဲ့ ဆေးကြောနိုင်ပါတယ်။ နားဖာချေးပိတ်နေရင် နားအဆို့တွေကို ဝါယာကြိုးနဲ့ မထိုးပါနဲ့။ သွားကြားထိုးတံကို သုံးနိုင်ပါတယ်။
– နားကြားကိရိယာတွေကို မသုံးတော့ရင် လုံခြုံစိတ်ချရတဲ့နေရာမှာ ထားရပါမယ်။
– နားကြားကိရိယာကို ရေစိုသွားရင် မီးဖိုနဲ့ နေရောင်ထဲမှာအခြောက်မခံရပါဘူး။ ဓာတ်ခဲအံဖုံး ဖွင့်ထားရင် ၁ ရက်- ၂ ရက်လောက်အကြာမှာ ခြောက်သွားမှာပါ။

နားကြားကိရိယာ စစ်ဆေးခြင်း

၁။ နားကြားကိရိယာ၊ ဆက်သွယ်ထားသောပိုက်ဖြင့် နားအဆို့များကို စစ်ဆေးခြင်း
– သန့်ရှင်းစင်ကြယ်ပြီး နားဖာချေးကင်းစင်ရမယ်။ခြောက်သွေ့တဲ့အဝတ် ဒါမှမဟုတ် တစ်သျှူးနဲ့ သန့်ရှင်းနိုင်ပါတယ်။
– ပိုက်ကိုဖြုတ်ပြီး ဆပ်ပြာရည်နွေးနဲ့ ဆေးကြောကာခြောက်သွေ့အောင် ထားရပါမယ်။
– ခြောက်သွေ့တဲ့ပိုက်ကို နားကြားကိရိယာမှာရှိတဲ့ ချိတ်ကိုကိုင်ပြီး မြဲမြဲတပ်ဆင်ရပါမယ်။
– ပိုက်ဟာ အရောင်ပြောင်းမယ်၊ အက်ကွဲမယ်၊ ခြောက်ပြီး ကြွတ်ဆတ်ဆတ်ဖြစ်မယ်၊ နားအဆို့ ဒါမှမဟုတ် နားကြားကိရိယာချိတ်နဲ့ဆက်တဲ့ နေရာတွေမှာ ချောင်နေမယ်ဆိုရင် လဲပေးရပါမယ်။

၂။ ဓာတ်ခဲများကို စစ်ဆေးခြင်း
– ဓာတ်ခဲအားပြည့်ရပါမယ်။ မပြည့်ရင် လဲပေးပါ။
– ဓာတ်ခဲနဲ့ ဓာတ်ခဲအိမ်ဟာဆားပေါက်မနေရပါဘူး။

၃။ မိဘ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူအဖြစ် စစ်ဆေးခြင်း
နားကြားကိရိယာအိမ်ကို လက်နဲ့ ခေါက်ကြည့်ပါ။ချောင်၊ မချောင်နားထောင်ကြည့်ပါ။

မိသားစုနဲ့ မိတ်ဆွေများအတွက်

၁။ နားကြားကိရိယာတပ်ဆင်သူနဲ့ စကားပြောတဲ့အခါ၊ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာ ဖြစ်သင့်ပါတယ်။ အနားမှာ တီဗီ၊ ရေဒီယိုဖွင့် မထားပါနဲ့။ အသံတွေရောကုန်မှာစိုးလို့ပါ။

၂။ စကားကိုပီပီရှင်းရှင်းပြောပါ။ ပုံမှန်ထက် ပိုနှေးနှေးပြောပါ။ စကားသံကိုမြှင့်မပြောပါနဲ့။ နှုတ်ခမ်းကို သာမန်ထက် ပိုလှုပ်တာမျိုးတော့မလုပ်ပါနဲ့။

၃။ စကားမပြောခင် ကိုယ့်ကိုအာရုံစိုက်အောင် လုပ်ပါ။ နာမည်ခေါ်ပြီးမှ စကားပြောတာမျိုးပေါ့။

၄။ ကိုယ့်ရဲ့မျက်နှာကို သေသေချာချာမြင်ပါစေ။ တပြေးညီဖြစ်ပါစေ။

၅။ စကားပြောတာတစ်ယောက်မကဘူးဆိုရင် စကားသံတွေလုံးထွေးနေနိုင်တာမို့တစ်ချိန်မှာ တစ် ယောက်ပဲ ပြောပါ။

၆။ နားအကြားလျော့တဲ့သူတွေဟာ အားငယ်တတ်တာမို့ စိတ်ရှည်ရှည်ထားပြီး ပြောဆိုဆက်ဆံ၊ ကူညီပံပိုးပေးဖို့ အရေးကြီးပါတယ်။

နားကြားကိရိယာနဲ့ကျင့်သားရပြီး အကျိုးကျေးဇူးကောင်းကောင်းရဖို့ အချိန်ယူ လေ့ကျင့်ဖို့ လိုပါတယ်။ စတပ်ပြီး ခဏလေးနဲ့ မပစ်လိုက်ပါနဲ့။
_ _ _
အကြားအာရုံ လျော့တဲ့သူတွေအကြား အာရုံပြန်ရအောင် ကူညီပေးတာမို့ နားကြားကိရိယာလို့ ခေါ်ကြတယ်။ တကယ်လည်း အသုံးဝင်တဲ့ ကိရိယာလေးပါ။ အရင်က Analog hearing aid တွေ ထက် အခု Digital hearing aid တွေက ပိုကောင်းပါတယ်။ နားပုံစံယူပြီး နားကြားကိရိယာ တပ်မယ် ဆိုရင် ပိုကောင်းပါတယ်။ Hearing aid fitting ကိုလည်း သေသေချာချာလုပ်ရပါမယ်။

ကျမ်းကိုး။ ။ World vision : နားကြားကိရိယာ တပ်ဆင်ခြင်း လမ်းညွှန်စာအုပ်အခြေခံနားကျန်းမာရေးစောင့်ရှောက်မှုလက်စွဲ(၂၀၁၁)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top