Healthy Life Ad
Life Style

ပွင့်သောပန်းတိုင်း လှပဖို့၊ သားဆက်ခြားကြစို့ ( ၂ )

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

အကောင်းဆုံး သားဆက်ခြားနည်း

အကောင်းဆုံး သားဆက်ခြားနည်းဆိုတာ-

(၁) ဈေးချိုရမယ်၊ သုံးမယ့် မိသားစုက တတ်နိုင်တဲ့အရာဖြစ်ရမယ်။

(၂) အလွယ်တကူ ရရမယ်။

(၃) ထိရောက်ရမယ်။

(၄) အလုပ်မရှုပ်ရဘူး။ အနှောင့်အယှက်မပေးရဘူး။

(၅) ဘာဘေးထွက်ဆိုးကျိုးမှ မရှိရဘူး။

(၆) ချက်ချင်းကလေး ပြန်ယူလို့ရရမယ်။ Depo Povera လို့ခေါ်တဲ့ သုံးလခံထိုးဆေးတွေက ဆေးဖြတ်ပြီး ချက်ချင်း ကလေးပြန်ယူလို့ မရနိုင်ဘူး။ ဒီလိုအချက်တွေနဲ့ ပြည့်စုံရမယ်။

သားဆက်ခြားနည်း ရွေးချယ်ခြင်း

သားဆက်ခြားနည်းမှာ ဟော်မုန်းပါတဲ့သောက်ဆေး၊ ဟော်မုန်းတစ်မျိုးပါသောက်ဆေး၊ သုံးလခံထိုးဆေး၊ ကွန်ဒုံး၊ အမျိုးသမီးကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း၊ လက်မောင်းထဲထည့်ပစ္စည်း၊ မိခင်နို့တိုက်ခြင်း၊ အပြင်ဆွဲထုတ်နည်း၊ ရက်ရှောင်ခြင်း၊ အရေးပေါ်တားဆေး စသဖြင့်ရှိတယ်။ နောက်ဆုံး ကလေးလုံးဝမလိုချင်ဘူးဆိုရင် သားကြောဖြတ်နည်းလည်းရှိပါတယ်။

သားဆက်ခြားနည်းများ

သားဆက်ခြားနည်းတွေကို သိထားသင့်ပါတယ်။

– ဟော်မုန်း (စားဆေး-ဟော်မုန်း နှစ်မျိုးပါ စားဆေး၊ ဟော်မုန်း တစ်မျိုးပါ စားဆေး)

– ထိုးဆေး

– လက်မောင်းထဲ ထည့်ဆေး

– သားအိမ်တွင်းထည့် ပစ္စည်း

– ကွန်ဒုံး (အမျိုးသားကွန်ဒုံး၊ အမျိုးသမီးကွန်ဒုံး)

– ရက်ရှောင်နည်း

– သုက်ရည် အပြင်ထုတ်နည်း

– နို့တိုက်နည်း

– သားကြောဖြတ်ခြင်း (အမျိုးသား သားကြောဖြတ်ခြင်း၊ အမျိုးသမီး သားကြောဖြတ်ခြင်း)

ဘယ်လို ရွေးချယ်မလဲ

ကိုယ့်အသက်အရွယ်၊ ကိုယ့်ကျန်းမာရေးအခြေအနေ၊ ဘဝနေနည်းစတိုင် စတာတွေပေါ်မူတည်ပြီး ကိုယ့်အတွက် အသင့်တော်ဆုံး သားဆက်ခြားနည်းကို ရွေးချယ်ရပါမယ်။

သန္ဓေတား သောက်ဆေး

ဖြစ်နိုင်ရင် မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံတွေက မင်္ဂလာမဆောင်ခင်ကတည်းက ဆရာဝန်နဲ့တိုင်ပင်ပြီး သားဆက်ခြားနည်းကို ရွေးချယ်သင့်ပါတယ်။ ဟိုတလောက မင်္ဂလာဆောင်ထားတာ နှစ်ပတ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံလာတိုင်ပင်ပါတယ်။ “မင်္ဂလာဆောင်တဲ့ ညကစပြီး တားဆေးလေးကို ပုံမှန်သောက်ပါတယ် ဆရာ”လို့ ပြောတယ်။ “မင်္ဂလာဆောင်တဲ့နေ့က ဘယ်နေ့လဲ”လို့ မေးလိုက်တော့ “၁၄ ရက်နေ့ပါ”တဲ့။ ဒါဆိုရင် ရာသီလာတဲ့နေ့က ဘယ်နေ့လဲဆိုတော့ ၁ရက်နေ့လို့ ဖြေတယ်။ အဲဒီတော့ သူ့ရာသီခွင်ကို တွက်လိုက်တဲ့အခါ ၁၄ ရက်ညမှာ သားဥလေးကြွေနေပြီ။ အဲဒီနေ့မှာ တားဆေးလေးကို စသောက်လိုက်တယ်။ ဒါဆိုရင် မှားပါတယ်။

တားဆေး သောက်တယ်ဆိုတာ ရာသီစလာတဲ့နေ့မှာ သောက်ရတာပါ။ ရာသီစလာတဲ့နေ့ကစပြီး ငါးရက်အထိ ဆက်တိုက်သောက်ရင်တောင် စိတ်ချရသေးတယ်။ သားဥကြွေတဲ့အချိန်မှာ တားဆေးသောက်လိုက်ရင် စိတ်မချရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားဥမကြွေအောင် တားတဲ့ဆေးဖြစ်လို့ အစောကြီးကတည်းက ကြိုတင်သောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစောကြီးကတည်းက ကြိုတင်ပြီး တိုင်ပင်ဆွေးနွေးဖို့လိုတာပါ။

တစ်ခါတလေကျရင် တားဆေးသောက်ရဲ့သားနဲ့ ကိုယ်ဝန်ရှိချင်သလို ဖြစ်နေတယ်ဆိုပြီး ပြောကြတယ်။ ဘယ်လိုသောက်တာလဲလို့ မေးကြည့်တော့ တစ်ခါတလေမှ ခင်ပွန်းက ပြန်လာတာဆိုတော့ သူလာတဲ့နေ့ကျမှ တားဆေးတစ်လုံး သောက်လိုက်တယ်တဲ့။ အရေးပေါ်သန္ဓေတားဆေးနဲ့ မှားနေတာ ဖြစ်ပါလိမ့်မယ်။ တားဆေးက အဲဒီလိုသောက်ရတာ မဟုတ်ပါဘူး …

တစ်ခါတလေကျရင် တားဆေးသောက်ရဲ့သားနဲ့ ကိုယ်ဝန်ရှိချင်သလို ဖြစ်နေတယ်ဆိုပြီး ပြောကြတယ်။ ဘယ်လိုသောက်တာလဲလို့ မေးကြည့်တော့ တစ်ခါတလေမှ ခင်ပွန်းက ပြန်လာတာဆိုတော့ သူလာတဲ့နေ့ကျမှ တားဆေးတစ်လုံး သောက်လိုက်တယ်တဲ့။ အရေးပေါ်သန္ဓေတားဆေးနဲ့ မှားနေတာ ဖြစ်ပါလိမ့်မယ်။ တားဆေးက အဲဒီလို သောက်ရတာ မဟုတ်ပါဘူး။

သောက်ဆေးမှာ ကောင်းတဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေက ထိရောက်တယ်၊ စိတ်ချရတယ်၊ ဈေးချိုတယ်၊ သုံးရလွယ်ကူတယ်၊ ပိုကောင်းတဲ့အချက်က သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတွေ အဖြစ်နည်းတယ်။ သွေးအားနည်းရောဂါ အဖြစ်နည်းတယ်၊ ရာသီတွေ မှန်သွားတယ်၊ ရာသီလာချိန်မှာ မကိုက်ခဲတော့ဘူး။ ဆေးရပ်ပြီး မကြာခင်မှာ ကလေးပြန်ရနိုင်တယ်။

မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ ရင်သားကင်ဆာမျိုးရိုးရှိရင် မသောက်ရပါဘူး။ နှလုံးသွေးတိုး၊ ကျောက်ကပ်ရောဂါရှိရင်၊ နို့တိုက်နေတဲ့ မိခင်ဖြစ်ရင် အဆင်မပြေပါဘူး။ မေ့တတ်တဲ့သူ လုံးဝအဆင်မပြေပါဘူး။ သောက်ခါစမှာ အန်တယ်၊ မူးတယ်၊ ခေါင်းကိုက်တယ် . . ဒါမျိုး ဖြစ်တတ်တယ်။ ဒါကတော့ ကိစ္စမရှိပါဘူး။ ဆက်သောက်သွားရင် ၁၀ ရက်ကျော်သွားတဲ့အခါ သူ့ဘာသာ အဆင်ပြေသွားလိမ့်မယ်။

ဟော်မုန်းတစ်မျိုးတည်းပါ သောက်ဆေး

ဟော်မုန်းနှစ်မျိုးပါ သောက်ဆေးနဲ့ အဆင်မပြေတဲ့သူတွေအတွက် သင့်တော်တယ်။ နို့တိုက်မိခင်၊ အသက်ကြီးတဲ့သူ၊ ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေနဲ့ အဆင်ပြေတယ်။ ဒါပေမဲ့ မေ့တတ်ရင် လုံးဝအဆင်မပြေဘူး။ အချိန်မှန်သောက်ရမယ်။ မကောင်းတဲ့အချက်က ရာသီတော့ မှန်မှန်လာချင်မှ လာမယ်၊ ခေါင်းကိုက်တာ၊ ရင်သားတင်းတာတွေ ဖြစ်တတ်တယ်။

ထိုးဆေး (သုံးလခံထိုးဆေး)

Depo povera လို့ ခေါ်တဲ့ သုံးလခံထိုးဆေးက ထိရောက်တယ်၊ နို့ထွက်တာ မထိခိုက်ဘူး၊ အလုပ်မရှုပ်ဘူး။ မေ့တတ်တဲ့သူတွေအတွက် အဆင်ပြေတယ်။ ဆိုးကျိုးတွေလည်း ရှိသေးတယ်။ ရာသီမလာတာလည်း ဖြစ်တတ်တယ်၊ တစ်လလုံး ရာသီမလာတာ ဖြစ်တတ်သလို တစ်စက် တစ်စက်ပေါ်တာလည်း ဖြစ်တတ်တယ်၊ ဆေးရပ်ပြီးရင် ချက်ချင်း ကလေးမရတတ်ဘူး။ တချို့အမျိုးသမီးတွေမှာ ဝဖြိုးလာတတ်တယ်။

ကွန်ဒုံးသုံးခြင်း

ကွန်ဒုံးကတော့ ကလေးမရအောင်လည်း ကာကွယ်တယ်၊ လိင်မှတစ်ဆင့် ရောဂါပိုးတွေ မရအောင်လည်း ကာကွယ်တယ်။ ထိရောက်မှုရှိတယ်၊ စိတ်ချရတယ်၊ အန္တရာယ်ကင်းလို့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို မခံရဘူး၊ အမျိုးသမီးတွေအတွက် တားဆေးသောက်တာ၊ ထိုးဆေး ထိုးတာတွေလို ဘေးထွက်ဆိုးကျိုးတွေ မခံရဘူး။ ဝယ်ရလွယ်တယ်၊ သုံးရလွယ်တယ်၊ ကလေးလိုချင်ရင် ချက်ချင်းပြန်ရနိုင်တယ်။

မကောင်းတဲ့ အချက်တွေလည်း ရှိသေးတယ်။ အဲဒါတွေက ကွန်ဒုံးကို နေပူထဲမထားရဘူး၊ ရက်လွန်ရင် မသုံးရဘူး၊ ပေါက်ပြဲရင် မသုံးရဘူး၊ အဆီခမ်းခြောက်နေရင် မသုံးရဘူး။ မာကျောနေရင် မသုံးရဘူး။ တစ်ကြိမ်ပဲသုံးရတယ်။ တခြားအဆီတွေထည့် မသုံးရဘူး။ အသုံးပြုတဲ့နည်းကလည်း အရမ်းအရေးကြီးပါတယ်။ တချို့က ပြီးခါနီးကျမှ ကွန်ဒုံးကို ကောက်စွပ်တယ်။ ဒါမျိုးဆိုရင် မရပါဘူး။ မထိခင်ကတည်းက ကွန်ဒုံးစွပ်ထားရတယ်။ မဟုတ်ရင် အိပ်ပျော်သွားတတ်တယ်။ ပြီးရင် မြန်မြန်ပြန်ထုတ်နိုင်ရတယ်။

ကွန်ဒုံးအသုံးပြုနည်း

ကွန်ဒုံးရဲ့ ကုန်ဆုံးနေ့စွဲ (Expire Date)ကို စစ်ရမယ်။ ကွန်ဒုံးကို ဓား၊ ကတ်ကြေးတွေနဲ့ မဖြဲရဘူး၊ လက်နဲ့ ဖြဲရမယ်။ ကွန်ဒုံးထိပ်ကို လက်ညှိုး/လက်မနဲ့ဖိရမယ် (လေမဝင်ရဘူး)။ လိင်တံပေါ်စွပ်တဲ့အခါ တခြားလက်နဲ့ အရင်းရောက်အောင် ဖြည်ချရ မယ်။ ပြီးပြီးချင်း မပေချာ့ခင်မှာ ကွန်ဒုံးအရင်းကနေ ဖိကိုင်ပြီး ဆွဲထုတ်ရမယ်။ (မဖိတ်ရဘူး)။ အသုံးပြုပြီးတဲ့ ကွန်ဒုံးကို လုံခြုံအောင်ထုတ်ပြီး အမှိုက်ပုံးထဲ ထည့်ရမယ်။

အမျိုးသမီးကွန်ဒုံးကျတော့ ကိုယ်ဝန်မရနိုင်ဘူး၊ လိင်မှကူးစက်ရောဂါတွေကို ကာကွယ်နိုင်တယ်။ ဒါပေမဲ့ အမျိုးသမီးက သူ့ဘာသာ ထည့်ရတာ၊ အတွေ့အကြုံမရှိရင် ထည့်လို့အဆင်မပြေတတ်ဘူး။ အသံတွေ နည်းနည်းမြည်တတ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top