Healthy Life Ad
Child

မေမေ နားလည်ပြီ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“ခွမ်း . .ခွမ်း”

ပန်းကန်ကွဲတဲ့ အသံတွေကြားလို့ မသင်းသင်းနွဲ့ မီးဖိုထဲ ပြေးကြည့်လိုက်တဲ့အခါ နှစ်နှစ်ခွဲအရွယ် သမီးလေး ဆုမွန်ကျော်က မင်္ဂလာလက်ဖွဲ့ရထားတဲ့ ပန်းကန်လုံးအလှလေးတစ်လုံးနဲ့ ပန်းကန်းပြားလေးတစ်ချပ်ကို လက်နောက်ပစ်ကာ ခွဲပြီးသွားပြီ။

မသင်းသင်းနွဲ့ မျက်စိထဲ ဘာမှမမြင်တော့။ သမီးလေးကိုယ်ကိုဆွဲပြီး အော်ဟစ်ရိုက်နှက်မိလိုက်တော့တယ်။

သူဘယ်နှချက် ရိုက်မိသွားလဲမသိ၊ သမီးလေးက ငိုသံပင်မထွက်တော့။ နောက်ရက်တွေအထိ ကြောက်လန့်ကာ ရက်ရှည်ဖျားနေခဲ့တော့တယ်။ အဲဒီအချိန်မှာ မသင်းသင်းနွဲ့တို့ မိဘနှစ်ပါးစလုံး သမီးလေးကို ဆရာဝန်တွေဆီသာမက ဘာသာရေးဆိုင်ရာ လူကြီးတွေဆီပင် သမီးလေးကျန်းမာဖို့ သွားပြဖြစ်ခဲ့တယ်။ သမီးလေး နေကောင်းလာတော့လည်း မသင်းသင်းနွဲ့ရတက်မအေး . . သမီးလေးက အသက်နှစ်နှစ်ခွဲကျော်တဲ့အထိ စကားမပြောသေးဘူးလေ။

သမီးလေးတစ်နှစ်ကျော် အရွယ်မှာ ဆရာဦးကျော်လင်း ပြောကတည်းကလက်ခံပြီး ကျောင်းထားခဲ့မယ်ဆိုရင် ဒီအရွယ်မှာ ကျောင်းကြီးတက်နေရလောက်ပြီဆိုပြီး ယူကြုံးမရဖြစ်ခဲ့ရတယ်

သမီးလေး အသက်တစ်နှစ် ၁၀လအရွယ်တုန်းက မသင်းသင်းနွဲ့တို့ ဇနီးမောင်နှံကို ကလေးအထူးကု ဆရာဝန်ဒေါက်တာဦးကျော်လင်းနဲ့ပြဖို့ မိသားစုဆရာဝန်က ညွှန်ခဲ့ဖူးတယ်။ သမီးလေးကို စမ်းသပ်ပြီးတာနဲ့ ဆရာက အချက် ၅ ချက်ကို မေးပါတယ်။

(၁) ကလေးက ခြေဖျားထောက်ပြီး လျှောက်လား . .
“ဟုတ်ကဲ့ . .လျှောက်ပါတယ်”

(၂) ကလေးကို ပါးစပ်ဟခိုင်းတယ်။ ကလေးကို ပါးစပ်ဟပြခိုင်းတော့ မသင်းသင်းနွဲ့က သမီးပါးစပ်ကို ဟပေးတယ်။ ဆရာက အဲဒီလို ပါးစပ်ဟပြခိုင်းစရာမလိုဘူး။ ဒီလို ဟပြဆိုရင် ကလေးက သိရမယ်။ ဒါပေမဲ့ မလုပ်ပြတတ်ဘူး။

(၃) ကလေးက လက်ညှိုးထိုးပြတတ်လား . .
“ဟင့်အင်း . . မပြတတ်ဘူး၊ သူက တစ်နေရာတည်းကိုပဲ စူးစိုက်ကြည့်နေတတ်တယ် ဆရာ”

(၄) လက်ဆွဲတတ်လား . .
“မဆွဲတတ်ဘူး”

(၅) ကလေးက အသက် တစ်နှစ်မှာ “အမေ၊ အဖေ”ခေါ်ပြီလား၊ နှစ်လုံးတွဲမခေါ်ရင်တောင် မေ၊ ဖေ ခေါ်ရမယ် . .
“ဒါလည်း မခေါ်ဘူး ဆရာ”

ဒီငါးချက်နဲ့ ကိုက်ညီနေတော့ သမီးလေးကို ဆရာက အော်တစ်ဇင်ရောဂါလို့ အမည်တပ်လိုက်တယ်။ မသင်းသင်းနွဲ့တို့ မိဘနှစ်ပါးက လုံးဝလက်မခံခဲ့ပါ။ အကြောင်းကတော့ သူတို့ဘဝမှာ အော်တစ်ဇင်ဆိုတာ ကြားတောင်မကြားဖူးခဲ့ပဲကိုး။ သိလည်း မသိဘူး။ ဒီတော့ လုံးဝလက်မခံခဲ့ဘဲ ပေါ့ပေါ့လေးနေခဲ့တယ်။ မသင်းသင်းနွဲ့က တွေးတယ်။ “ငါကိုယ်တိုင်ကလည်း အသက်ငါးနှစ်ကျမှ စကားပြောတာပဲ၊ ငါ့သမီးလေးလည်း ငါ့လို စကားပြောနောက်ကျတာနေမှာ”။

အတွေးနဲ့အတူ ဆရာဝန်ကြီး ပြောတာကို လက်မခံဘဲ သမီးလေး စကား ပြောနိုး၊ ပြောနိုးနဲ့ စောင့်ခဲ့တယ်။ ဒီလိုနဲ့ သုံးနှစ်ထဲ ရောက်သွားရော၊ မပြော၊ စောင့်လိုက်ဦးမယ်လေ . . ပြောနိုး၊ ပြောနိုးနဲ့ ဆက်စောင့်ခဲ့ပေမယ့် သမီးလေးက လေးနှစ်အထိလည်း စကားမပြောလာတော့ မသင်းသင်းနွဲ့အတော်လေး စိတ်ပူသွားခဲ့တယ်။

ဆရာဝန်ကြီးပြောတဲ့ အော်တစ်ဇင်ဆိုတာ ဘာလဲ သိရတော့မယ်၊ လက်ခံရတော့မယ်ဆိုတဲ့အချိန်မှာ ကံကောင်းထောက်မစွာနဲ့ မသင်းသင်းနွဲ့ရဲ့ မိတ်ဆွေတစ်ယောက်က မြန်မာအော်တစ်ဇင်အသင်းက ဖွင့်ထားတဲ့ Day Care Center ကို ညွှန်လိုက်တယ်။ အဲဒီ ကျောင်းရောက်တော့ ဆရာမတွေရဲ့ ပြောကြားချက်တွေကြားမှ မသင်းသင်းနွဲ့တို့ လင်မယားနှစ်ယောက် အော်တစ်ဇင်အကြောင်း သိနားလည်လာခဲ့တယ်။

“အခုပဲ ကျောင်းအပ်ပါ့မယ်”ဆိုပြီး သမီးလေးကို ချက်ချင်းကျောင်းအပ်ခဲ့တယ်။

အပြန်မှာတော့ မသင်းသင်းနွဲ့တစ်လမ်းလုံး ငိုကြွေးခဲ့တယ်။ သမီးလေးဟာ အရင်က ပန်းကန်တွေ ရိုက်ခွဲခဲ့တာတွေ၊ သူလိုချင်တာမရလို့ သောင်းကျန်းတာတွေဖြစ်တိုင်း မသင်းသင်းနွဲ့သမီးလေးကို လိမ္မာစေချင်လို့ ရိုက်ခဲ့၊ ဆူခဲ့ဖူးတယ်။ အော်တစ်ဇင်ဆိုတာကိုမှ နားမလည်ခဲ့ပဲကိုး . . အဲဒီအတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားရတယ်။ နောင်ကျရင်တော့ သမီးလေးကိုမရိုက်တော့ပါဘူးလို့ ဆွေမျိုးတွေကိုသာမက ဆရာမတွေကိုပါ မသင်းသင်းနွဲ့ ကတိပေးခဲ့ရတယ်။

အော်တစ်ဇင်ဆိုတာ အရူးမဟုတ်ပါဘူး။ သမီးလေးဆိုရင် အကုန်သိတယ်၊ မပြောတတ်တာ၊ ကျောင်းကိုသွားတာ သုဝဏ္ဏတံတားက သွားနေကျ၊ တစ်နေ့ကျတော့ တက္ကစီကားသမားက ငမိုးရိပ်ချောင်းဘက်က မောင်းလိုက်တာ သမီးလေးက ကားပေါ်မှာ တော်တော်သောင်းကျန်းလိုက်လို့ မနည်းထိန်းယူရတယ်။ သူက လမ်းကြောင်းတွေကို မှတ်ထားတာဆိုတော့ အဲဒီလမ်းကနေမသွားရင် သောင်းကျန်းတတ်တယ်။

အဘွားအိမ်သွားရင် တက်နေကျ လှေကားကပဲ အပေါ်တက်တယ်။ တခြားဘက်ကနေ ခေါ်လို့မရဘူး။ သူက အသေမှတ်ထားတာ။ နောက်ပိုင်းကျတော့ မသင်းသင်းနွဲ့ဟာအိမ်မှာပါ သမီးလေးကို ထိန်းကျောင်းနိုင်ဖို့ အော်တစ်ဇင်နဲ့ပတ်သက်တဲ့ သင်တန်းတွေတက်တယ်။ နားလည်လာတော့ သမီးလေးကို မရိုက်တော့ဘူး။ နေ့တိုင်း အသနားပိုပြီး နမ်းမိတယ်။

အခုဆိုရင် သမီးလေးက နေ့ကျောင်းတက်တာ တစ်နှစ်နဲ့ နှစ်လရှိပြီ။ ဒီအတောအတွင်း သမီးလေးရဲ့ ပြောင်းလဲချက်တွေက အများကြီး။ အခုနောက်ပိုင်း သမီးလေးက လိုချင်တဲ့နေရာကို လက်ညှိုးထိုးပြတတ်ပြီ။ လက်ဆွဲလာပြီ။ သမီး “ပေး”လို့ ပြောမှ မေမေ ပေးမယ်လို့ ပြောရင် “ပေး”လို့ ပြောတတ်ပြီ။ အိပ်တာ၊ ဗိုက်ဆာတာ၊ ဆီးသွားတာကို အရင်က မပြောတတ်ဘူး။ ဒီကျောင်းထားလိုက်တော့ ဗိုက်ဆာရင် ဗိုက်လှန်ပြတတ်တယ်။ ရေသောက်ချင်ရင် ရေဘူးလာပေးတယ်။

ရေချိုးတော့မယ်ဆိုရင် သူ့ဘာသာသူ ဘောင်းဘီချွတ်တတ်ပြီ။ အင်္ကျီတော့ မချွတ်တတ်သေးဘူး။ ခေါင်းစွပ်ဆိုရင်တော့ ချွတ်တတ်တယ်။ ဒါတွေက တိုးတက်မှုပဲ။ သူ့ဘာသာသူ ရေခပ်တယ်။ ရေတော့ မလောင်းတတ်သေးဘူး။ ရေခဲသေတ္တာ ဖွင့်တတ်နေပြီ။ သူကြည့်နေကျ သီချင်းကိုဖွင့်ပေးရင် ငြိမ်ငြိမ်လေးထိုင်ကြည့်တယ်။ မရရင်တော့ သောင်းကျန်းတယ်။ အခု တော်တော်လေး တိုးတက်ပြောင်းလဲလာပြီ။

အခုဆိုရင် သမီးလေးဆုမွန်ကျော်က အသက်ငါးနှစ်နဲ့ငါးလရှိပြီ။ သားဦးလေးဆိုတော့ နောက်ထပ် ကလေးမယူသေးဘဲ သူ့ကိုပဲ ကောင်းကောင်းပြုစု ပျိုးထောင်မယ်လို့ မသင်းသင်းနွဲ့ဆုံးဖြတ်ထားတယ်။

“ဆရာဝန်ပြောစဉ်က လက်မခံခဲလို့ သမီးလေးကို ကျောင်းထားတာ နည်းနည်းနောက်ကျခဲ့တယ်။ ဒါကြောင့် ငယ်ရွယ်နုနယ်တုန်းလေး သင်ပေးကြပါ၊ ကြီးသွားတဲ့အချိန်ကျမှဆိုရင် ထိန်းရတဲ့ ဆရာမတွေအတွက် အဆင်မပြေဘူး။ ကလေးတွေ အတွက်လည်း ကြန့်ကြာတယ်၊ မိဘတွေလည်း ဒုက္ခရောက်တယ်။ သိသိချင်း ဒီလို ကျောင်းတွေကို ထားသင့်ပါတယ်။ သမီးလေး တစ်နှစ်ကျော်အရွယ်မှာ ဆရာ ဦးကျော်လင်းပြောကတည်းက လက်ခံပြီး ကျောင်းထားခဲ့မယ်ဆိုရင် ဒီအရွယ်မှာ ကျောင်းကြီးတက် နေရလောက်ပြီဆိုပြီး ယူကြုံးမရဖြစ်ခဲ့ရတယ်။

ဒီလို ထူးခြားချက်လက္ခဏာလေးတွေရှိရင် နီးစပ်ရာ ဆရာဝန်တွေနဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ ဆရာဝန်တွေ ငါ့ကလေးကို ဒီလိုပြောစရာလားဆိုပြီး မယုံကြည်တဲ့ စိတ်မထားပါနဲ့။ ကလေးတွေရဲ့ဘဝနောင်ရေးမဆုတ်ယုတ်အောင် တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့တိုင်ပင်ပါ၊ ဆွေးနွေးပါ”

ဒီစကားတွေကို မသင်းသင်းနွဲ့ တခြားမိဘတွေနဲ့တွေ့တိုင်း ဖြန့်ဝေဖြစ်တယ်။

အခုတော့ သမီးလေး ဆုမွန်ကျော်ဟာ မြန်မာအော်တစ်ဇင်အသင်းက ဖွင့်ထားတဲ့ နေ့ကျောင်းလာရမယ့်နေ့ဆိုရင် သူ့ဘာသာ တက်ကြွပြီး လှေကားက နေတတ်သွားတတ်ပါပြီ။ အရင်တုန်းက လှေကားလည်း မတက်တတ်၊ မဆင်းတတ်။ ကျောင်းတက်ပြီး တစ်လအတွင်း သမီးလေး ဆုမွန်ကျော် လှေကားကနေ ပြေးတက်သွားပြီး ကျောင်းခန်းထဲ ဝင်ခါနီးတိုင်း “တာ့တာ”ပြတာကို မြင်ရတဲ့အခါ မသင်းသင်းနွဲ့စိတ်ထဲမှာ ဘယ်လောက်များ ဝမ်းသာမိသလဲဆိုရင် မျက်ရည်တွေတွေ ကျရတဲ့အထိပါပဲလေ. . ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top