Healthy Life Ad
Child

ဂနာမငြိမ်တဲ့ ကျောင်းသားလူငယ် (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ကိုယ်ဝန်ရှိချိန်မှာ မိခင်ကျန်းမာရေးချို့တဲ့တာ၊ တုပ်ကွေးရောဂါလို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်တဲ့ ရောဂါ ခံစားရတာ၊ မိခင်အာဟာရ ချို့တဲ့တာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေက သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး လမစေ့မီမွေးဖွားပြီး ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေထဲမှာ ADHD ရောဂါ ဖြစ်ပွားဖို့ အလားအလား များပါတယ် . . .

မိခင်ကေသီ စာရင်းပြုစုပြီး ယူလာတဲ့ ပီတာရဲ့ ရာဇဝင်အစုံအလင်ကို ဖတ်ရပါတယ်။

“ကျေးဇူးပါပဲ ကေသီ . . ပီတာ တိုးတက်ကြီး ထွားလာပုံတွေ၊ ငယ်စဉ်ကစပြီး တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့ အပြုအမူတွေကို သိရတော့ ကျွန်တော့်အတွက် အတော်အထောက်အကူ ရပါတယ်”

“ဆရာ ဘယ်လို ထင်သလဲ”
“နာမငြိမ်တဲ့ အပြုအမူ၊ အာရုံစူးစိုက်နိုင်မှု ချို့ယွင်းတဲ့ အပြုအမူတွေဟာ ပီတာ အသက် ၇ နှစ် မပြည့်ခင်ကတည်းက သိသာ ထင်ရှားနေတယ်။ အဲဒီအပြုအမူတွေကို ရက်ပိုင်းလောက်ပဲတွေ့ရတာ မဟုတ်ဘဲ နှစ်နဲ့ ချီပြီး အမြဲလိုလို၊ နေရာတိုင်းမှာလိုလို၊ အခြေအနေတိုင်းမှာလိုလို တွေ့ရှိနေရတာ ထင်ရှားနေတယ်။ နောက်ပြီး ပီတာ ခံစားနေရတဲ့ လက္ခဏာတွေကြောင့် ကျောင်းပညာရေးကို ထိခိုက်လာတယ်၊ အပေါင်းအသင်း ဆက်ဆံရေး ပျက်ပြားလာတယ်၊ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာတယ်၊ မိဘအုပ်ထိန်းသူတွေမှာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ အဲဒါတွေအားလုံးကို ခြုံပြီး ကြည့်ရင် ဗီီံ ဝေဒနာလို့ ကင်ပွန်းတပ်နိုင်ပါတယ်။ ဒါပေ မဲ့ . . .”

“ဘာများလဲ ဆရာ”
“ဒီနေ့ ကေသီနဲ့ ပီတာကို ဆက်လက်စစ်ဆေး ဖို့လိုသေးတယ်။ မိဘတွေကို စစ်ဆေးတဲ့ မေးခွန်းလွှာကို အသုံးပြုပြီး ကေသီကို စစ်ဆေးမယ်။ ကျွန်တော်တို့ သိသင့်တဲ့ အချက်အလက်တွေ ပြည့်စုံဖို့ ဖြစ်ပါတယ်။ ကေသီနဲ့ ကျွန်တော် စကားပြောနေတဲ့ အချိန်မှာ ကျွန်တော် အခန်းထောင့်မှာ ပီတာ့ကို ကစားစရာတွေနဲ့ သူ ကြိုက်သလို ကစားစေမယ်၊ ကျွန်တော် ဒီကနေ အကဲခတ်နေမယ်၊ သူ့အပြုအမူတွေကို လက်တွေ့ စစ်ဆေးတယ် ဆိုပါတော့ . .”

+ + +

“ကျွန်တော့်သဘောကို ပြောရရင် ပီတာ့မှာ ADHD ဝေဒနာရှိနေပါတယ်။ ADHD ဝေဒနာကို အမျိုးအစားသုံးမျိုးခွဲခြားထားပါတယ်။ အာရုံစူးစိုက်မှု ချို့ယွင်းတဲ့ လက္ခဏာတွေ အဓိကရှိတဲ့ ဝေဒနာ၊ လှုပ်ရှားမှု လွန်ကဲတဲ့ အပြုအမူ လက္ခဏာတွေ အဓိကရှိတဲ့ ဝေဒနာနဲ့ အာရုံစူးစိုက်မှု ချို့ယွင်းတဲ့ လက္ခဏာနဲ့ လှုပ်ရှားမှု လွန်ကဲတဲ့ လက္ခဏာတွေ အညီအမျှ ပူးတွဲပါရှိတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်”

“ပီတာရဲ့ ဝေဒနာက ဘယ်အမျိုးအစားထဲမှာ ပါသလဲ ဆရာ”

“တတိယအမျိုးအစားထဲမှာ ပါဝင်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဒီတော့ သူ့ရောဂါက ပိုပြီးဆိုးတာပေါ့နော်”

“ဒီလိုလည်း မဟုတ်သေးပါဘူး၊ ရောဂါလက္ခဏာမျိုးစုံရှိနေတာနဲ့ ရောဂါလက္ခဏာတွေ ပြင်းထန်တာဟာ မတူပါဘူး။ ရောဂါလက္ခဏာပြင်းထန်တာနဲ့ ပတ်သက်ရင် “အနည်းငယ်”၊ “အတော်အတန်” ဒါမှမဟုတ် “အလွန်အမင်း”ရယ်လို့ အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။ ပီတာရဲ့ ADHD ဝေဒနာဟာ အတော်အတန် ပြင်းထန်တဲ့ အထဲမှာတော့ ပါဝင်ပါတယ်”

“ကုသဖို့ လိုပြီပေါ့ . . ဟုတ်ပါသလား ဆရာ”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကုသမှုကို ဒီနေ့ မစသေးပါဘူး။ နောက်ထပ် စစ်ဆေးစရာတွေ ရှိသေးတယ်”

“ဘာတွေပါလဲ ဆရာ”

ADHD ဝေဒနာဖြစ်စေသည့် အကြောင်းရင်းများ
“ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့ စစ်ဆေးမှုနဲ့ စိတ် ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ဖြစ်ပါတယ်။ ADHD လက္ခဏာတွေဟာ ခန္ဓာကိုယ်ရောဂါတစ်ခုခုကို မှီပြီး ဖြစ်ပွားနေတာ ဟုတ်၊ မဟုတ် သိဖို့လိုပါတယ်။ ဥပမာ ခဲသတ္တုအဆိပ်တက်နေရင် ဒီလိုဝေဒနာမျိုး ဖြစ်တတ်ပါတယ်၊ သိုင်းရွိုက်ဂလင်းဟော်မုန်းဓာတ် မြင့်မားနေရင်လည်း ကလေးတွေ ဂနာမငြိမ်ဖြစ်တတ်ပါတယ်။ နောက်ပြီး ဝက်ရူးပြန်အတက်ရောဂါတစ်မျိုး ရှိသေးတယ်၊ “ဦးနှောက်ချိုစောင်းပိုင်း ဝက်ရူးပြန်အတက်ရောဂါ (Temporal Lobe Epilepsy) လို့ ခေါ်ပါတယ်။ အဲဒီရောဂါဟာ ခြေလက်တုန်ခါပြီး အမြှုပ်တစီစီနဲ့တက်တဲ့ အတက်ရောဂါမျိုး မဟုတ်ပါ ဘူး။ အမူအရာ၊ အပြုအမူတွေ ထူးခြားပြီး ယောင်တောင်တောင်နဲ့ဂနာမငြိမ် ဖြစ်လာတတ်တဲ့ အတက် ရောဂါမျိုး။ ဒါကြောင့် ဝက်ရူးပြန်အတက်ရောဂါလို့ အလွယ်တကူ မသိရှိနိုင်တာ”

“ကျွန်မသားလေးကို လိုအပ်သလိုသာကူညီပါ ဆရာ၊ ဘယ်လို စမ်းသပ်ဖို့လိုမလဲ”
“အီးအီးဂျီ (EEG) (Electroencephalography) စမ်းသပ်နည်းပါ။ ဦးနှောက်လျှပ်စစ်လှိုင်းကို တိုင်းတာတဲ့ စမ်းသပ်နည်း ဖြစ်ပါတယ်။ ဝက်ရူးပြန်ရောဂါရှိရင် ဦးနှောက်လျှပ်စစ်လှိုင်းတွေ ပုံသဏ္ဍာန် ပြောင်းလာပါတယ်။

နောက်တစ်ခုက ပီတာရဲ့ ပင်ကိုဉာဏ်ရည်အ ဆင့် (Intelligence Level)ကို သိရင် ကောင်းပါတယ်။ ပီတာ့ကို ကြည့်ရတာ ဉာဏ်ထိုင်းတဲ့ ကလေး နဲ့တော့ မတူပါဘူး။ ပင်ကိုဉာဏ်အဆင့်ကို သိထားရင် ကုသတဲ့အခါမှာ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ဉာဏ်ထိုင်းတဲ့ ကလေးတွေဟာ အာရုံ မစိုက်နိုင်ဘူး၊ အငြိမ်မနေတတ်ဘူး”

“ဆရာ အခု ပြောသွားတာတွေဟာ ADHD ဝေဒနာရဲ့အကြောင်းရင်းတွေလား”

“အဲဒီလိုလည်း ပြောလို့ရပါတယ်”

“ကျွန်မ မိတ်ဆွေတစ်ဦးက ပြောတယ်။ADHD ဝေဒနာဟာ အချိုစားတာ များရင်၊ သကြား စားတာများရင် ဖြစ်တတ်တယ်တဲ့၊ အဲဒါမှန်လား ဆရာ”
“အစားအစာနဲ့ ပတ်သက်ပြီး ပြောကြတာတွေ ရှိပါတယ်။ အစာဘူးထဲမှာပါတဲ့ ဓာတုပစ္စည်းအမျိုးမျိုး (Food Addictives)၊ အစားအစာ အရောင်ဆိုးဆေး၊ သကြား စတဲ့ ဓာတုပစ္စည်းတွေကြောင့် ADHD ဝေဒနာဖြစ်ပွားနိုင်မှု ရှိ၊ မရှိ လေ့လာထားတာတွ ရှိပါတယ်။ အတိအကျ သက်သေ မပြနိုင်ပါဘူး။ သီအိုရီအယူအဆတွေသာ ဖြစ်ပါတယ်”

“ဒီလိုဆိုရင် ADHD ဝေဒနာကိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ ဆရာ”

“မျိုးရိုးဗီဇဟာ အရေးပါတဲ့ အကြောင်းရင်းတစ် ခု ဆိုတာကိုတော့ လက်ခံပါတယ်”

“ကျွန်မ အမျိုးတွေနဲ့ သူ့အဖေအမျိုးတွေထဲမှာ ဒီလို ရောဂါမျိုး ရှိတယ်ဆိုတာတော့ မကြားမိဘူး ဆရာ”

“အလားအလာများတာကို ပြောတာပါ။ ဆွေ မျိုးရင်းချာတွေထဲမှာ ADHD ဝေဒနာရှိရင် ကျန်တဲ့ မိသားစုတွေထဲမှာ အလားတူရောဂါ ဖြစ်ပွားဖို့ နှစ်ဆကနေ ရှစ်ဆအထိ အလားအလာများကြောင်း သိရ ပါတယ်”

“မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အထောက်အထား တစ်ခုရှိပါတယ်။ သားဥတူ အမြွှာတွေကို လေ့လာကြည့်တော့ တစ်ယောက် ADHD ဝေဒနာရရင် နောက်တစ်ဦးမှာ အလားတူ ဝေဒနာ ဖြစ်နှုန်း ၈၅ ရာခိုင်နှုန်း ရှိပါတယ်။ သားဥမတူတဲ့ အမြွှာပူးတွေထဲမှာ အဲဒီလို ထပ်တူရောဂါ ဖြစ်နှုန်းဟာ ၃၈ ရာခိုင်နှုန်းသာ ရှိပါတယ်”

“အဲဒါက ဘာကွာလို့လဲ ဆရာ”

“မျိုးရိုးဗီဇသဘောနဲ့ ပြောရရင် သားဥတူ အမြွှာပူးဆိုတာ ဗီဇမျိုးစေ့ပုံတူ ပါရှိနေတဲ့ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ ဖြစ်ပါတယ်။ ဗီဇမျိုးစေ့ တစ်ထပ်တည်း ပုံတူရှိနေလို့ တစ်ယောက်ရောဂါရှိရင် ကျန် တစ်ယောက်မှာလည်း ရောဂါရရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ADHD ဝေဒနာဖြစ်ပေါ်ဖို့ ဗီဇမျိုးစေ့က အရေးကြီးပါတယ်”

“ဒီလိုဆိုရင် ကျန်တဲ့ ၁၅ ရာခိုင်နှုန်းမှာ ဘာ ကြောင့် ရောဂါ မရရှိသလဲ”

“မေးသင့် မေးထိုက်တဲ့ မေးခွန်းပါ ကေသီ၊ သဘောကတော့ ADHD ရောဂါဖြစ်ပွားဖို့ မျိုးရိုး ဗီဇက အဓိကအချက်ဖြစ်ပေမယ့် တခြားအချက်တွေ နဲ့တိုက်ဆိုင်လာမှ ရောဂါရလာတယ်လို့ ဆိုနိုင်ပါတယ်

“ဘယ်လို အချက်တွေလဲ ဆရာ”

“ကိုယ်ဝန်ရှိချိန်မှာ မိခင် ကျန်းမာရေး ချို့တဲ့တာ၊ တုပ်ကွေးရောဂါလို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်တဲ့ ရောဂါ ခံစားရတာ၊ မိခင် အာဟာရ ချို့တဲ့တာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေက သန္ဓေသား ကို ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး လမစေ့မီ မွေးဖွားပြီး ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေထဲမှာ ADHD ရောဂါ ဖြစ်ပွားဖို့ အလားအလား များပါတယ်။ ကလေး ငယ်စဉ်မှာ အာဟာရချို့တဲ့တာ၊ ဦးနှောက်ဒဏ်ရာရတာတွေ ခံစားရရင် ADHD ဝေဒနာ ဖြစ်ပေါ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ခဲသတ္တုအဆိပ်တက်တဲ့ ကလေးတွေမှာလည်း ရောဂါ ဖြစ်ပွားဖို့ အလားအလာများပါတယ်။ သတိထားသင့်တဲ့ အချက်တွေပါ။ ကာကွယ်လို့ရတဲ့ အကြောင်းရင်း တွေပါ”

“ကျွန်မ ခင်ပွန်းနဲ့ တိုင်ပင်ကြည့်ပါတယ်။ သူက ပြောတယ်၊ ငါတို့ ပီတာကို ပြုစုပျိုးထောင် ကိုင်တွယ် ပုံများ မှားနေသလားတဲ့၊ ဆရာ ဘယ်လို ထင်သလဲ”
“ရိုက်နှက် ညှင်းပန်းနှိပ်စက်တာ ခံရလွန်းတဲ့ ကလေးတွေဟာ တဇွတ်ထိုး လုပ်တတ်ပါတယ်။ ဒေါသကြီးတတ်လာပါတယ်။ အာရုံစူးစိုက်ချင်စိတ် နည်းပါးလာနိုင်ပါတယ်။ ဒါပေမဲ့ မိဘက အထိန်း အကျောင်းမမှန်လို ADHD ဝေဒနာဖြစ်ပွားနိုင် တယ်လို့တော့မယူဆပါဘူး။ တစ်ခုတော့ သတိထား ပါ။ ADHD ဝေဒနာခံစားနေရတဲ့ ကလေးရဲ့အပြုအမူကြောင့် ရေရှည်မှာ မိဘနဲ့ သားသမီး ဆက်ဆံရေး ပျက်ပြားလာနိုင်ပါတယ်”

“ကျွန်မခင်ပွန်းက ပီ့တာ အကြောင်းကြားတာ နဲ့ အင်တာနက်မှာ ဖွင့်ဖတ်ပါတယ်။ MRIတို့ PETတို့ SPET တို့ဆိုတဲ့ ဦးနှောက်ပုံရိပ်ပြဓာတ်မှန်ရိုက်နည်းတွေနဲ့ စမ်းသပ်ကြည့်ရင် မကောင်းဘူးလားတဲ့၊ ဆရာ့ကို မေးခိုင်းပါတယ်”

“ကုသမှုအတွက်တော့ အဲဒီလောက် အကုန်အကျခံပြီး အသေးစိတ် သွားစရာ မလိုပါဘူး။ အဲဒီလိုနည်းတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ ADHD ဝေဒနာရှိတဲ့ ကလေးတွေရဲ့ ဦးနှောက်အစိတ်အပိုင်း တချို့မှာ ပုံမှန်ထက် အရွယ်သေးငယ်နေတာကို တွေ့ရပါတယ်။ သုတေသန ပြုလုပ်နေကြတာပါ။ ရောဂါရဲ့အခြေအမြစ်ကို ရှာဖွေနေကြတာပါ။ နောက်ပြီး ဗီဇမျိုးစေ့ကို လေ့လာတာတွေလည်း ရှိပါတယ်။ ဦးနှောက်ထဲမှာ ဒိုပါမင်း(Dopamine)ထုတ်လုပ်မှု၊ ပို့ဆောင်မှုနဲ့ သက်ဆိုင်တဲ့ ဗီဇမျိုးစေ့တွေဖြစ်တဲ့ CAT1, DRD4နဲ့ DRD5ကို တွေ့ရှိထားပါတယ်။ အဲဒီဗီဇမျိုးစေ့တွေဟာ ADHD ဝေဒနာဖြစ်ပွားမှုမှာ အရေးပါတယ်လို့ ယူဆပါတယ်။ ဒါကတော့ အနာဂတ်ဆေးပညာအတွက်ပါ။ ပီတာ့အတွက်တော့ အီးအီးဂျီ စစ်ဆေးမယ်၊ သွေးစစ်မယ်၊ ပင်ကိုဉာဏ်ရည် စစ်ဆေးမယ်၊ နောက်တစ်ပတ်မှာ စတင်ကုသဖို့ အဆင်သင့် ဖြစ်လောက်ပါပြီ”

“ဒါဆို နောက်တစ်ပတ်လာရင် ကျွန်မ ခင်ပွန်းကိုပါ ခေါ်လာခဲ့ရမလား ဆရာ”

“လာနိုင်ရင် သိပ်ကောင်းတာပေါ့၊ စကားလက်ဆင့်ကမ်းနေဖို့ မလိုတော့ဘူးပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top