Healthy Life Ad
Health Tips

အစာအိမ်အနာရှိနေနိုင်သည့် လက္ခဏာ ခုနစ်ရပ်

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )
အစာအိမ်အနာ ဖြစ်နေနိုင်တဲ့အတွက် လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်ခြင်း
အစာအိမ်အနာဖြစ်တဲ့အခါ အတွေ့ရ အများဆုံး လက္ခဏာတစ်ခုက ဝမ်းဗိုက်အပေါ်ပိုင်းမှာ ပြင်းထန်တဲ့ နာကျင်တာပဲ ဖြစ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူသိမ်မှာ အနာဖြစ်တတ်ပြီး နာကျင်မှုက ရင်ညွှန့်ရိုးနဲ့ ချက်ကြားထဲမှာ ဖြစ်တတ်ပါတယ်။ နာကျင်မှုဝေဒနာက အသေးအမွှားကနေ ပြင်းထန်တဲ့အထိ ဖြစ်တတ်ပါတယ်။

ပျို့ချင်အန်ချင်ဖြစ်ခြင်း
အစာအိမ်အနာရဲ့ လက္ခဏာတစ်ခုက ပျို့ချင် အန်ချင်စိတ်ပေါ်တာပဲ ဖြစ်ပါတယ်။ အစာအိမ်အနာက အစာအိမ်ထဲက အစာခြေရည်ရဲ့ သဘောသဘာဝကို ပြောင်းလဲစေပြီး အထူးသဖြင့် မနက်ခင်းမှာဆိုရင် ပျို့ချင်အန်ချင် ဖြစ်တေတ်ပါတယ်။

အန်ခြင်း
အစာအိမ်အနာဖြစ်တဲ့အခါ ပျို့ချင်အန်ချင်စိတ် ပေါ်ရာကနေ အန်တဲ့အထိ ဖြစ်တတ်ပါတယ်။ မကြာခဏ အန်တတ်ရင် ဒါက လျစ်လျူရှူရမယ့် ကိစ္စမဟုတ်ပါဘူး။ အကိုက်အခဲပျောက်ဆေးတွေကိုတော့ ရှောင်ရပါမယ်။ အကိုက်အခဲ ပျောက်ဆေးသောက်မိရင် အစာအိမ်အနာဖြစ်နိုင်ခြေ ပိုများသွားသလို ရှိလက်စ အစာအိမ်အနာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

အစာများများစားတိုင်း ရင်ပူခြင်း
ဘာစားစား မကြာခဏ ရင်ပူနေရင်၊ အစာစားပြီး လေချဉ်တက်တာ၊ ကြို့ထိုးတာတို့ ဖြစ်နေရင် အစာအိမ်အနာများ ဖြစ်နေမလားဆိုပြီး သံသယရှိသင့်ပါတယ်။

ဝမ်းထဲ သွေးပါခြင်း
ဝမ်းသွားတဲ့အခါ သွေးပါတာက အခြေခံကျန်းမာရေး ပြဿနာတစ်ခုခုကို ပြသနေနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းထဲသွေးပါတာက ဗိုက်အပေါ်ပိုင်း နာ တာနဲ့ တွဲဖြစ်တဲ့အခါ အစာအိမ်အနာဆိုပြီး သံသယဝင်တတ်ပါတယ်။ အန်တဲ့အခါ သွေးပါရင် ဒါမှမဟုတ် ဝမ်းသွားတဲ့အခါ ဝမ်းမည်းမည်းသွားရင် ဒီလက္ခဏာတွေနဲ့အတူ ပျို့ချင်အန်ချင်ဖြစ်တာ၊ ဗိုက်အောင့်တာတို့ တွဲဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။

ခါတိုင်းထက် လေပွခြင်း
ဗိုက်မအီမသာဖြစ်ပြီး လေပွနေရင်၊ ပုံမှန် လေပွလေထတာမျိုးမဟုတ်ဘဲ ပိုပြင်းထန်နေရင် အစာအိမ်အနာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ လေပွတာက ရေများများ မသောက်လို့ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ မတည့်တဲ့ အစာကို စားမိလို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အစာစားချင်စိတ်မရှိခြင်း
အစာအိမ်အနာရှိတဲ့ လူနာအများစုဟာ အစာစားချင်စိတ် မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အစာစားတာ နည်းပေမယ့် စားသမျှ မကြာခဏ အန်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန် လျော့ကျလာတတ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top