Healthy Life Ad
Life Style

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်း သိကောင်းစရာ

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာအဖွဲ့က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာအဖွဲ့ ဥက္ကဌ ပါမောက္ခဦးဝင်းနိုင်၏ ပြောကြားချက်များမှ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးအကြောင်း သိကောင်းစ ရာများကို HealthyLifejournal ဂျာနယ် စာဖတ်ပရိသတ် များအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးရှိလျှင်
အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိပြီဆိုရင် ရောဂါလက္ခဏာ မပြဘဲသာနေချင်နေမယ်၊ တစ်နေ့ နေ့တစ်ချိန်ချိန်မှာတော့ ရောဂါလက္ခဏာတွေ ပြလာပြီး ရောဂါဖြစ်လာနိုင်ပါတယ်။ ဘီပိုးကနှစ်ပေါင်းများစွာကြာမှ ရောဂါဖြစ်လာနိုင်ပေမယ့် စီပိုးက ၅နှစ်-၁၀နှစ်အတွင်း၊ အလွန်ဆုံး ၁၅နှစ်-နှစ်၂၀အတွင်းမှာ အသည်းခြောက်ရောဂါဖြစ်လာနိုင်ပါတယ်၊ စီပိုးကို မကုဘဲထားရင် ရောဂါကိုရှောင်လွှဲလို့မရဘူး၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အသည်းခြောက်ရောဂါ၊ အဲဒီကတစ်ဆင့်အသည်း ကင်ဆာရောဂါ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘီပိုး၊ စီပိုးရှိရင် အသည်းခြောက်တဲ့အဆင့်အထိ မရောက်ခင် ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

အသည်းရောင် အသားဝါပိုးရှိလျှင် တွေ့ရတတ် သည့် လက္ခဏာများ
အသည်းရောင်ပြီဆိုရင် ဗိုက်နာမယ်၊ ဆီးဝါမယ်၊ မျက်လုံးဝါမယ်၊ ဖျားမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ပျို့ချင်အန်ချင်မယ် . . ဒါတွေက အကြမ်းဖျင်း လက္ခဏာတွေဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက ဘာလက္ခဏာမှမပြဘဲနဲ့ ရောဂါပိုးရှိနေတာ ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ စစ်ဆေးပြီးမှ သိနိုင်ပါတယ်။

ဘီပိုးမှာ ကာကွယ်ဆေးရှိ
ဘီပိုးမှာ ကာကွယ်ဆေးရှိပါတယ်။ စစ်ဆေးလိုက်လို့ ဘီပိုးမရှိရင် ကာကွယ်ဆေးထိုးလို့ရပါတယ်။ စီပိုးမှာ ကာကွယ်ဆေးမရှိပါဘူး။

ဘီပိုး၊ စီပိုး ကူးစက်မှု
ရောဂါပိုးရှိသူကနေ ပိုးမရှိသူတွေကို အကြမ်းအားဖြင့် သွေးကတစ်ဆင့် ကူးစက်တတ်ပါတယ်။ သုက်ရည်၊ တံတွေး စတာတွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ သွေးပေကျံနေတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ခွဲစိတ်ကိရိယာတွေ၊ သွားနုတ်ရာမှာ သုံးတဲ့ ပစ္စည်းတွေ၊ ဆေးမင်ကြောင်ထိုးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေက တစ်ခါသုံးပစ္စည်းတွေ ဖြစ်သင့်ပါတယ်။ သွေးသွင်းတဲ့အခါမှာလည်း ရောဂါပိုး မရှိတဲ့ သွေးကို သေချာစစ်ဆေးပြီး သွင်းပေးသင့်ပါတယ်။ ဘီပိုးရှိတဲ့သူ အသုံးပြုထားတဲ့ မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံစတဲ့ အသုံးအဆောင်တွေက တစ်ခါသုံး ဖြစ်သင့်ပါတယ်။

မိခင်ကနေ ကလေးကို မကူးစက်အောင် ကလေးမွေးပြီးပြီးချင်း ဘီပိုး ကာကွယ်ဆေးထိုးပေးပါတယ်။ လင်မယားချင်း မကူးစက်အောင် ကွန်ဒုံးလို အကာအကွယ်နဲ့ အတူနေလို့ ရပါတယ်။ ဘီပိုး၊ စီပိုး ကူးစက်မှုမှာ ဆင်းရဲချမ်းသားမရွေး၊ ပညာတတ်တတ်၊ မတတ်တတ်ကူးနိုင်ပါတယ်။ အသက်ကြီးငယ်မရွေး ကူးစက်နိုင်ပါတယ်။ ကျား-မ မရွေးကူးစက်နိုင်ပါတယ်။
ဘီပိုးက HIV ပိုးထက် အဆ ၁၀ဝ လောက် ပိုပြီး ကူးစက်နိုင်ပါတယ်။ ကူးဖို့ အရမ်းလွယ်တဲ့အတွက် ဘီပိုးကာကွယ်ဆေး ထိုးထားစေချင်ပါတယ်။

ဘီပိုး၊ စီပိုးကုသမှု
ကံကောင်းတာက စီပိုးဟာ ကုသလို့ရပါတယ်။ ကုသတဲ့နေရာမှာ အရမ်းကိုအောင်မြင်တဲ့ ဆေးတွေ ပေါ်လာတဲ့အတွက် လူအယောက် ၁၀ဝ ကုရင် ၉၅ ယောက်လောက် ပျောက်ပါတယ်၊ အယောက် ၁၀ဝ ကုရင် ၁၀ဝ စလုံး ပျောက်တဲ့ ဆေးတွေတောင် ပေါ်လာပါပြီ။ အခုနောက်ပိုင်းဈေးသက်သာတဲ့ ဆေးတွေလည်း ပေါ်လာတဲ့အတွက် စီပိုးကုသမှုနည်းစနစ်တွေက အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဘီပိုးကလည်း ဆေးကုလို့ရပါတယ်။ ဘီပိုးသေဆေးရှိပေမယ့် ဘီပိုးကုသမှုက စီပိုးကုသမှုလောက် အောင်မြင်မှုမရှိသေးပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top